နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်ချက် ထုတ်ပြန်ပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေဆဲ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၇ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၂၄
နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်ချက် ထုတ်ပြန်ပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေဆဲ
စက်တင်ဘာ ၂၆ ရက်နေ့ နေ့စွဲနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းကြဖို့ အတွက် နိုင်ငံရေးပါတီ တည်ထောင်တဲ့ နည်းလမ်း၊ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်တဲ့ နည်းလမ်းကို ရွေးချယ်ဖို့ နဲ့ ဆွေးနွေးအဖြေရှာဖို့ စစ်ကောင်စီက ဖိတ်ခေါ်မှုကို ထုတ်ပြန်ခဲ့ပေမယ့် လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေ၊ တပ်စခန်းတွေ၊ မြို့တွေကို လေကြောင်းက တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ စက်တင်ဘာ ၂၇ ရက်နေ့ နံနက် အာရုံမတက်ခင် ၃ နာရီခွဲ ၄ နာရီဝန်းကျင်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းက လက်လွှတ်ဆုံးရှုံးထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လားရှိုးမြို့မစျေး နေရာနဲ့ အမှတ် ၁ ရပ်ကွက်တို့ကို ဗုံးကျရောက်ခဲ့ပြီး သေဆုံးမှုတွေရှိသလို လားရှိုးမြို့ရဲ့ အကြီးဆုံးစျေးကြီးလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေမှာဖေါ်ပြထားကြပါတယ်။
အဲဒီရက်တွေမှာပဲ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ထဲက ကျေးရွာတရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ အလားတူ စက်တင်ဘာ ၂၅ ရက်နေ့ ည သန်းခေါင်ကျော် ၂၆ ရက်နေ့ အကူးမှာ ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ်မြို့ အနီးက ဟိုယကျေးရွာအနီး စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့နေရာကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ စစ်ကောင်စီက ရွေးကောက်ပွဲ လုပ်ဖို့ သန်းခေါင်စာရင်း စတင်ကောက်ယူမယ့် အောက်တိုဘာ ၁ ရက်နေ့မတိုင်ခင်မှာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဆွေးနွေးဖို့ ဖိတ်ခေါ်ချက်ကို ထုတ်ပြန်ပေမယ့် လက်နက်နဲ့ တိုက်ခိုက်မှုတွေ၊ လေကြောင်းက ဗုံးကြဲမှုတွေကို လက်တွေ့ မှာ ရပ်ဆိုင်းခြင်းမရှိတာကြောင့် ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ဆန္ဒအမှန်မရှိတာ ထင်ရှားတယ်လို့ ကောက်ချက်ချရမယ့် သဘောလည်း ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေသာမက အကြမ်းဖက် PDF လို့ သုံးနှုန်းထားတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ PDF ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပတ်သက်ရင် ယခင်က အကြမ်းဖက် အဖွဲ့သာဖြစ်လို့ နိုင်ငံရေးအရ ဆွေးနွေးစရာ စကားပြောစရာ မရှိဘူးဆိုတဲ့ သဘော တောက်လျှောက်ပြောဆိုခဲ့ရာက အခု တကြိမ်ထုတ်ပြန်ချက်မှာ PDF တပ်ဖွဲ့တွေကို ဖိတ်ခေါ်ထားတာ ပထမဆုံးအကြိမ်အနေနဲ့ တွေ့ရပါတယ်။ သို့ပေမယ့် NUG အမျိုးသားညီညွတ်ရေး အစိုးရကိုတော့ နာမည်ထည့်သွင်းခြင်း မရှိတာလည်း သတိပြုမိပြီး PDF ဆိုတဲ့ ယေဘုယျ အမည်ကိုသာ ထုတ်ပြန်ချက်မှာ သုံးစွဲတာတွေ့ရပါတယ်။
စစ်ကောင်စီ အနေနဲ့ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကို အကြမ်းဖက်လို့လည်း သုံးစွဲပြီး ဆွေးနွေးဖို့လည်း ဖိတ်ခေါ်ခြင်းက ရှေ့နောက်မညီတဲ့ သုံးနှုံးမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ယခင်တလျှောက်လုံး PDF အဖွဲ့တွေကို အကြမ်းဖက် လက်နက်ကိုင် အဖွဲ့လို့ ရည်ညွှန်းပြောဆိုပြီး အကြမ်းဖက် အဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးစရာ မလိုဘူးလို့ စစ်ကောင်စီက ပြောဆိုခဲ့သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲက ရခိုင့်တပ်တော်ကိုလည်း အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ မဖိတ်ပဲ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။ အခုလို လက်နက်ကိုင် အဖွဲ့တွေကို ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ ထုတ်ပြန်ချက် မထုတ်ခင် သီတင်းပတ် အနည်းငယ်အလိုမှာ လက်နက်ကိုင် ၃ ဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပြီးခါမှ ဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းခြင်းဟာ ရှေ့နောက်မညီတဲ့ လုပ်ရပ်တွေ၊ စေ့စပ်ဆွေးနွေးလိုတဲ့ သဘောထား အစစ်အမှန် မဟုတ်တာကို လှစ်ဟပြလိုက်သလို ဖြစ်နေတာ ဖြစ်ပါတယ်။
နိုင်ငံရေးနည်းအရ အဖြေရှာရေး၊ တွေ့ဆုံဆွေးနွေးရေး၊ အပစ်အခတ် ရပ်စဲရေး စတဲ့ အသုံးအနှုံးတွေထဲက ဘယ်စကားလုံး သုံးစွဲသည် ဖြစ်စေ လက်တွေ့မှာ တိုက်ခိုက်အနိုင်ယူဖို့ မိမိရဲ့ စစ်အင်အားနဲ့ တဖက်ကို အသာစီးရဖို့ စိတ်ကူးနေသရွေ့၊ နိုင်ငံရေးအာဏာကို ဆုပ်ကိုင်ထားဖို့ ပိုင်းဖြတ်ထားသရွေ့ ဘယ်လို အဖြေမျိုးမှ ထွက်ရှိမှာ မဟုတ်တာ အသေအချာပင် ဖြစ်ပါတယ်။
နောက်သတင်းတခုအနေနဲ့ကတော့ စက်တင်ဘာ ၂၇ ရက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၆ နှစ်မြောက် နေ့လည်း ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီကနေ အကြမ်းဖက်စစ်ကောင်စီ၏ အရေးယူပိတ်ဆို့ခြင်းခံနေရပြီး၊ ပါတီဝင်များကို စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ခြင်းများစွာ ရင်ဆိုင်နေရတဲ့ နီုင်ငံရေးပါတီကြီးတခုလည်း ဖြစ်ပါတယ်။ ၎င်းပါတီဝင်များစွာက ယခုနွေဦးတော်လှန်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ကဏ္ဍအသီးသီးကနေ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေကြတာ တွေ့ရပါတယ်။ ပြည်သူတွေ၏ ထောက်ခံ ယုံကြည်ကိုးစားမှုကို ၈၈ အရေးတော်ပုံကနေ ယခုအထိ ရရှိထားတဲ့ အင်န်အယ်ဒီပါတီအနေနဲ့ ယခုလို လက်နက်ကိုင်တော်လှန်ရေးကာလတွင်းမှာလည်း ပြည်သူလူထုတွေနဲ့အတူ ရပ်တည်နေတဲ့ ၃၆ နှစ်မြောက်ကာလလို့ မှတ်တမ်းပြုရပါမယ်။
နွေဦးတော်လှန်ရေးကနေ ပေါ်ထွက်လာတဲ့ အင်န်အယ်ဒီပါတီခေါင်းဆောင်တဦးဖြစ်တဲ့ လက်ရှိ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သူ မျက်ခြည်မပြတ်တဲ့ ပါတီဖြတ်သန်းမှုနဲ့ ပါတီဝင်တဦး၏ ရပ်တည်ချက်၊ ယုံကြည်ချက်ကို သူ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာကိုလည်း သည်လို တွေ့ရှိရပါတယ်။
နိုင်ငံရေးလောကဓံကြားမှာ ပြည်သူနဲ့အတူ ဖြတ်သန်းခဲ့တဲ့ သက္ကရာဇ်များ၊ ပါတီဝင်တယောက်အနေနဲ့ မိမိတည်းဟူသောအကြောင်းကြောင့် မိမိချစ်ခင်မြတ်နိုးယုံကြည်တဲ့ မိခင်ပါတီ ဂုဏ်သိက္ခာမကျစေရ ၊ ဒါက ပါတီ နဲ့ ခေါင်းဆောင်များအတွက် ကိုယ့်သစ္စာ။ ပါတီမွေးနေ့ မှာ ဒီ သစ္စာတရား ကို လက်ဆောင်ပါးလိုက်ပါရစေ။ ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ စည်းရုံးရေးဆင်းတော့ မဲဆန္ဒရှင် ပြည်သူကို ပေးခဲ့တဲ့ ကတိစကားက မိမိကိုရွေးချယ် မဲပေးခဲ့တဲ့အတွက် မဲပေးရတာ မှားလေခြင်းလို့ မဲဆန္ဒရှင်တွေ နောင်တမရစေရ၊ ဂုဏ်မငယ်စေရဘူး ဆိုတဲ့ ကတိစကား။ ယနေ့အချိန် အထိ - ဒီသစ္စာ ဒီကတိ နဲ့ ရှေ့ဆက်နေလျက်"လို့ ရေးသားထားပါတယ်။
စစ်အာဏာရှင်အဆက်ဆက်က နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ဆိုတဲ့အကြောင်းပြချက်နဲ့ နိုင်ငံရေးပါတီများ ထူထောင်ခွင့်ပြုခဲ့ခြင်း၊ ရွေးကောက်ပွဲများ အကြိမ်ကြိမ် ကျင်းပခြင်း၊ အကြိမ်ကြိမ် အာဏာသိမ်းခြင်း၊ ပြည်သူများနဲ့ နိုင်ငံရေးပါတီဝင်များကို ဖမ်းဆီး နှိမ်နင်း အကြမ်ဖက် ထောင်ချခြင်း အကြမ်းဖက် သတ်ဖြတ်ခြင်း သံသယရာထဲကနေ အလုံးစုံ လွတ်မြောက်ကြဖို့ မြန်မာပြည်သားများအားလုံး၏ နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်မှုနဲ့ သင်ခန်းစာများအပေါ် များစွာ မူတည်နေတယ်လို့ ဆိုလိုက်ချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar