ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တရုတ်ဥပဓိ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တရုတ်ဥပဓိ
(မိုးမခ) အောက်တိုဘာ ၉ ၊ ၂၀၂၄
စစ်ဥထမ်းဖို့ အိမ်ထဲ ဝင်ဆွဲတဲ့အဆင့် ဆိုတော့ စစ်ရေး ဘယ်လောက်ရှုံးနိမ့်နေပြီလဲ ဆိုတာ တွက်ကြည့်စရာတောင် မလိုတော့။
အညာကလဲ မညှာတော့ဘူး။ ဘုတလင်မှာ စစ်ကြောင်းလိုက် ဖြုတ်တာနဲ့။ မြင်းခြံနယ်က ကျောက်ကန်ပျူတရွာလုံးဝင်စီးတာနဲ့။ သပိတ်ကျင်း၊ စဉ့်ကူး၊ ဒီပဲယင်း မြို့သိမ်းတာနဲ့။ ဌာနချုပ်ကို အမြှောက်နဲ့ ထုတာနဲ့။ အလင်းဝင်တာနဲ့။ ပင်လည်ဘူးမှာ လက်နက်ချတာနဲ့။
ပြောနေ ဆိုနေတုန်းကို အမ်းကို အမ်းတော့မှာနဲ့။ အနောက်ပိုင်းတခုလုံး အမ်းခံရတော့မှာ ဖြစ်သလို မြောက်ပိုင်းလည်း ဘန်းခံရတော့မယ့်အခြေ။ ရှမ်းမြောက်မှာလည်း လမ်းပျောက်။ လမ်းပျောက်ရုံမက လမ်းပါ မလျှောက်နိုင်တော့လို့ တရုတ် ချိုင်းထောက်နဲ့ ထော့နင်းထော့နင်းသွားနေရ။ တောင်ပိုင်းလည်း ရောင်ကိုင်း။ ကရင့်ဒုတ်ချက်နဲ့ ပြုတ်ထုတ်သွားတဲ့ စခန်းတွေ များပြီ။ မြိတ်၊ ထားဝယ်မှာလဲ ကြိတ်နယ်ထားလို့ကော့။ ချင်းဘက်ကလဲ ဗျင်းချက်။ ပဲခူးကြောကလဲ ကိုယ့်လှေကိုယ်ထိုး မိုးပေါ်ရောက်ရောက်။ မကွေးကြောမလဲ ကွေးသောလက်တွေ မဆန့်နိုင်ကြတော့။
စစ်ရေးမှာ လစ်ပြေးနေရတဲ့ကြား သူတို့ဝန်ကြီးချုပ် နှုတ်ဆက်ခရီးမှာ မန်းလေးကလဲ မန်းသွေးရဲရဲပြတော့ မြို့ပြလူထုရဲ့သဘောကို အဟောဝတ အံ့ဩဘွယ်မြင်ရလို့ သွေးလေပျက်။ စစ်ဘေးမီးဘေး လေတပ်ဘေးကြား ရေဘေးကပ်ထပ်လုပ်လဲ တပ်ပြုတ်ဖို့သာ ပိုနီးလာတယ် ပြည်တွင်းပြည်ပ ဆယ်လီရော ဆယ့်တလီရော ခရီးမဖင့် ဝိုင်းကူပင့်ကြ။ ကိုယ့်ပြည်သူအတွက် ကိုယ်လုပ်နိုင်တာဆို ချက်ချင်းထလုပ်ကြ။ မြို့တွင်းမြို့ပ တူပြိုင်ကူးကြတော့ တဖြည်းဖြည်းနဲ့ မအလနဲ့စစ်အုပ်စုဟာ ကိုယ့်ရှို့တဲ့မီးကြား ကိုယ်ပိတ်မိ သားမကိုင်မိ မြေးမကိုင်မိအခြေဆိုက်လာပြီ။
နိုင်ငံတကာကလဲ ငလှိုင် မဟန်တာ အကုန်သိ၊ ဘာတခုမှ သောက်ဖြစ်ရှိအောင်မလုပ်တတ်မှန်းကော၊ လုပ်ရကောင်းမှန်းမသိတာရော၊ လုပ်ကောင်းစေ့ စေတနာမရှိတာရောအကုန်သိလို့ ခုဆို နုကြည်နဲ့ EROတွေပါ ချိတ်ဆက်လာပြီ။ ယူကရိန်းနဲ့အပူမငြိမ်းတဲ့ပူတင်ကိုလဲ သိပ်အားကိုးလို့မရ တရုတ်ကြီးဘဲ မြင်းလုပ်စီးနေရတဲ့ဘဝ။
ဝမ်ယိတောင် ကြံမိကြံရာ သူ့အဝှာကို သူပြန်ကြည့်ရတော့မယ်လေ။ ပြည်သူ့စိတ်ဓာတ်ကို မလှိမ့်တပတ် ဆက်လုပ်လို့မရတော့ဘူးဆိုတာ သိလောက်ရောပေါ့။ သူ့ရဲ့ကြာကူလီအစီအစဉ်တွေဟာ ရေရှည်မှာ လူလိုသူလိုအမြင်ခံရဖို့မဖြစ်နိုင်ဘဲ အမှိုက်ကစ ပြသာဒ်မီးလောင်နိုင်တယ် မဟုတ်လား။ ကိုယ့်ပြည်သူကို ပြန်သတ်နေတဲ့ စစ်တပ်ထက် အမှိုက်ဖြစ်တာ ဘာရှိသေးလဲ။ ဒီလို ယုတ်ကန်းရူးနှမ်းတဲ့ စစ်အုပ်စုနဲ့ ပေါင်းတာဟာ တရုတ် ဆိုသည်မှာ ဘာလဲလို့ တံဆိပ်ရိုက်ထားသလို မြင်ရမယ့်ကိစ္စ။ တကမ္ဘာလုံးအနှံ့အာဏာရှင် အာဏာရူးတွေနဲ့ပေါင်းပြီး မုဒိမ်းကျင့် လက်ထပ်ထားသလိုစီမံကိန်းတွေကြောင့် လွတ်မြောက်လိုသူ တရားမျှတလိုသူ အမြော်အမြင်ရှိသူတို့ အနာဂတ်မှာ ကမ္ဘာလုံးချီ တရုတ်ဆန့်ကျင်ရေးတောင် ပေါ်လာနိုင်တာမဟုတ်လား။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar