ဒေါက်တာဇော်မြင့်မောင် ဈာပန မန္တလေးလူထု ထောင်ချီလိုက်ပါပို့ဆောင်
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၈ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၂၄
ဒေါက်တာဇော်မြင့်မောင် ဈာပန မန္တလေးလူထု ထောင်ချီလိုက်ပါပို့ဆောင်
NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်ပြီး၊ မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် ၅ နှစ်တာ တာဝန်ယူခဲ့သူ ဒေါက်တာဇော်မြင့်မောင်ရဲ့ နောက်ဆုံးသောခရီးလို့ တင်စားခေါ်ဆိုကြတဲ့ ဈာပနကို မန္တလေးမြို့မှာ အောက်တိုဘာ ၈ ရက်နေ့က ကျင်းပခဲ့ရာမှာ မန္တလေးမြို့ခံ ထောင်နဲ့ချီပြီးလိုက်လံပို့ဆောင်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
NLD ပါတီကိုယ်စား ဒေါက်တာမျိုးညွန့်က ပါတီရဲ့ ပြန်တမ်းကို ဖတ်ကြားခဲ့တဲ့ ရုပ်သံဖိုင်၊ ဈာပန အခမ်းအနားကျင်းပရာ လမ်းတလျှောက် ဆိုင်ကယ်တွေ ကားတွေနဲ့ လိုက်လံပို့ဆောင်ကြတာ၊ အချို့ကတော့ ဒေါက်တာဇော်မြင့်မောင်ကို သယ်ဆောင်လာတဲ့ နာရေးကားကို ကတ္တာလမ်းပေါ်ကနေပဲ ကန်တော့ဂါရဝပြုနေကြတဲ့ ပုံတွေလည်း ရုပ်သံဖိုင်တွေမှာ တွေ့ကြရပါတယ်။
ကင်ဆာရောဂါကို ၂၀၁၉ ခုနှစ်ကတည်းက စတင်ခံစားနေရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ကို စစ်အာဏာသိမ်းတဲ့နေ့မှာတင် ထိန်းသိမ်းခဲ့ပြီး နောက်မှာ ရုံးတင်တရားစွဲကာ ပြစ်ဒဏ် ၂၉ နှစ်ချမှတ်ကာ မန္တလေး အိုးဘိုအကျဥ်းထောင်မှာ ထိန်းသိမ်းထားနဲ့ရာက ကျန်းမာရေးအကြောင်းကြောင့် ပြင်ပဆေးရုံ ဆေးကုသမှု ခံယူလိုက် အကျဥ်းထောင်ထဲ ပြန်ဝင်လိုက်နဲ့ ၃ နှစ်ခွဲကျော်အကြာ မကြာခင်ရက်ပိုင်းမှာတော့ သူ့ရဲ့ နောက်ဆုံးနေ့တွေ ရောက်ရှိလာချိန်မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။ လွတ်ငြိမ်းခွင့်ပေးပြီး တရက်၊ နှစ်ရက်အတွင်း ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေ၊ NLD ပါတီကို ထောက်ခံသူတွေက သူ့ရဲ့ စျာပန အခမ်းအနားမှာ NLD ပါတီကို ထောက်ခံကြောင်း စစ်ကောင်စီ တပ်၊ ထောက်လှမ်းရေးတွေ စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ ကြားထဲက ဒေါက်တာဇော်မြင့်မောင်ကို ထောက်ခံကြောင်း ပြသခဲ့ကြတာ ဖြစ်ပါတယ်။ စစ်အာဏာရှင် အစိုးရက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီခေါင်းဆောင်ပိုင်းကို ဖမ်းဆီးထိန်းသိမ်းကာ မဆီလျော်တဲ့ ပုဒ်မတွေနဲ့ နှစ်ဆယ်ဂဏန်းချီပြစ်ဒဏ်တွေ ချမှတ်ပြီး အကျဥ်းထောင်တွေမှာ ထိန်းသိမ်းထားခဲ့တာတွေကို NLD ကို ထောက်ခံကြတဲ့ လူအများအပြားက ဆန့်ကျင်ကြောင်းနဲ့ ၄င်းတို့ ထောက်ခံတဲ့ ပါတီခေါင်းဆောင်ရဲ့ စျာပန အခမ်းအနားလိုမျိုးမှာ လှစ်ဟပြသခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် အရေးအခင်းအပြီး မကြာခင်ကာလမှာ ကွယ်လွန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် စျာပနတုန်းကလည်း လူပေါင်း ထောင်နဲ့ချီ လိုက်လံပို့ဆောင်ခဲ့ကြပြီး ထိုစဥ်က အုပ်ချုပ်နေတဲ့ နဝတ အစိုးရကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြဖူးပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လ ကိုဗစ်ကူးစက်ကပ်ဘေး အမြင့်ဆုံးရောက်ရှိချိန်မှာလည်း အန်အယ်လ်ဒီပါတီက ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း အကျဥ်းထောင်ထဲ ကိုဗစ်ကူးစက်ရောဂါ ခံစားရပြီး အခြေအနေဆိုးရွားလာချိန် ပြင်ပဆေးရုံကို ထုတ်ကာ ကုသမှုခံယူခဲ့ပေမယ့် ကိုဗစ်ရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အပေါ် ပြိုင်ဘက် နိုင်ငံရေးပါတီ မဟုတ်တဲ့ စစ်တပ်က စောဒက တက်ခဲ့ပြီး အဆိုပါ အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလဆန်း ရွေးကောက်ပွဲကျင်းပချိန်ကနေ စစ်အာဏာသိမ်းတဲ့အထိ ရက်ပေါင်း ၉၀ နီးပါးကာလအတွင်း မဲစာရင်း မမှန်ကန်ဘူး၊ မဲမသမာမှု ရှိတယ် ဆိုတဲ့ စောဒက နဲ့ စစ်တပ်က ဒါဇင်နဲ့ချီတဲ့ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး ရွေးကောက်ပွဲ နိုင်ထားတဲ့ NLD ပါတီခေါင်းဆောင်တွေကို ဖိအားပေးခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို စောဒကတက်တာ၊ ရွေးကောက်ပွဲ ရလဒ်ကို စောဒကတက်တာတွေ နဲ့ နောက်ဆုံးမှာတော့ စစ်အာဏာသိမ်းခဲ့တာပါ။ စစ်တပ်အာဏာသိမ်းသည့်တိုင် အာဏာသိမ်းတယ်လို့ မသုံးနှုန်းပဲ အာဏာထိန်းတယ်လို့ဆိုကာ ၂၀၀၈ အခြေခံဥပဒေနဲ့ ညီတယ်လို့ စစ်တပ်က ဆိုနေခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေမျိုးမှာ ၃ နှစ်ကျော် ၄ နှစ်နီးပါး ကြာမြင့်လာချိန်မှာ နိုင်ငံကတော့ ပြည်တွင်းစစ်မီးထဲ တဖြည်းဖြည်းနဲ့ သက်ဆင်းနေပြီး နိုင်ငံအနှံ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ ၇၀ ကျော် ၈၀ နီးပါး နဲ့ တိုင်းစစ်ဌာနချုပ်တခု ရေတပ်စခန်းဌာနချုပ်တခု သိမ်းယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ တဖက်က ရှုမြင်ကြည့်ရင် စစ်တပ်ကို လက်နက်နဲ့ ယှဥ်ပြိုင်တိုက်ခိုက်နိုင်ပြီး တနိုင်ငံလုံးရဲ့ ၆၀ ရာနှုန်းလောက် စစ်ကောင်စီ ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တွေက ထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်လို့ စစ်ရေးအရ အသာစီးရနေတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ တခြားတဖက်က ရှုမြင်ကြည့်ရင်တော့ လက်နက်ကိုင်အဖွဲ့တွေ အမျိုးမျိုး ကွဲပြားနေတာ၊ ရည်မှန်းချက် အမျိုးမျိုး၊ အကျိုးစီးပွား အမျိုးမျိုး ကွဲပြားနေကြတာက နိုင်ငံရေးအရ ဖက်ဒရယ် သို့မဟုတ် ကွန်ဖက်ဒရိတ်နိုင်ငံတခုကို စုစည်းနိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင် အနေအထားကို ပြန်ရောက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံ ရှေ့အနာဂတ် အရေးက မရေရာတဲ့အနေအထားမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲပြီးစကာလတွေမှာ NLD ပါတီရဲ့ အဓိက ဆုံးဖြတ်ချက်ချမှတ်မှု အခန်းကဏ္ဍတွေမှာ ပါဝင်ခဲ့သူ ဒေါက်တာဇော်မြင့်မောင် ၊ သူ့ ယုံကြည်မှု၊ ရပ်တည်ချက်အတိုင်း ရပ်တည်ခဲ့ပြီး မျှော်မှန်းချက်၊ ရည်မှန်းချက်တွေ မအောင်မြင်မီမှာ အားလုံးကို စွန့်ခွာသွားခဲ့ပြီဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar