Breaking News

အောင်ဝေး - သောကပင်လယ်သို့တေး


အောင်ဝေး - သောကပင်လယ်သို့တေး

(မိုးမခ) အောက်တိုဘာ ၂ ၊ ၂၀၂၄


သောကနဲ့ အအေးမိခြင်းအတွက်

အရက်နှင့်ရေ

ဆတူရော၍သောက်ပါ။

ရွေးမြစ်ရေစီးမှာ

ငါးသလောက်ပိုက်လှေမျှောရင်း

ဗီသိုဗင်ရေရောင်အရက်

လရောင်တစ်ခွက်။

တိမ်တိုက်တွေရဲ့အဆုံး

မြစ်တစ်ရာတောကြီးတဆုံး

အဘိုးအိုယွီကုံးဟာ

နေလုံးကြီးထဲကထွက်လာတယ်။

ပြီးတော့

လဝန်းကလေးထဲပြန်ဝင်သွားတယ်။

တောင်ကုန်းကို

ငါတို့ဖြိုခဲ့တာ

အနှစ်(၇၀)လုံးလုံး။

စစ်တစ်ခါရှုံး

အနှစ်(၃၀)တဲ့

ငါတို့

စစ်နှစ်ခါရှုံးခဲ့ပြီးနောက်။

ရာဇဝင်မှာ

နာကျင်မှုတွေလွှတ်ကျောင်းထားခဲ့။

ခေတ်ကန္တာမှာ

စစ်ဒဏ်ရာတွေ

ကြိုးရှည်ရှည်လံထားခဲ့။

နိုင်ငံရေးနွားရိုင်းသွင်းချိန်

သီအိုရီမသိတသိ။

ရေလာမြောင်းပေး

မြှုံးထဲ

အုပ်လိုက်ကြီးကျုံးသွင်းခံလိုက်ရတဲ့

နုန်းတိုးဖားတွေ။

ခွေးတိုးပေါက်ကို

တိုးနေတဲ့

အရိုးကိုက်ကျားတွေ။

ရေကူးမသန်တဲ့ငါး

မြစ်ကမသနားဘူး။

မြစ်ကမ်းပါးက

မိုးမခပင်တွေ

ဘယ်လိုရှင်သန်ရသလဲ

မုန်တိုင်းကသင်တယ်။

မုဆိုးစိုင်သင်

ငါတို့ကို

မော်ကသင်တယ်

"မိုးမခပင်မှာပျော့ပျောင်းမှုရှိတယ်"

ငါတို့ဟာ

ဒဂုန်တာရာရဲ့အဘိဓမ္မာက

ဖြစ်ဖျားခံခဲ့ကြတာပဲ။

"ပျော့ပျောင်းခြင်းသည်

သန်စွမ်းခြင်းဖြစ်သည်"(ဒဂုန်တာရာ)

အပျော့ပျောင်းဆုံးလေးကိုင်းဟာ

အဝေးဆုံးက

ရန်သူရဲ့ရင်အုံရိုင်းကိုထိအောင်

မြားကျိုင်းလွှတ်နိုင်တယ်။

တောအဓိကရကြမ်းပါရဲ့

ပေါရိသာဒလမ်းကိုဖြတ်တဲ့အခါ

ရန်/ငါပြတ်ရမယ်။

ဘုံရန်သူကို

ဘုံဆိုင်ကနေထိုင်တိုက်မနေနဲ့

ရန်ဘက်ဆဲလိမ့်မယ်

ဖန်ခွက်ခွဲလိမ့်မယ်။

မိတ်/ရန်စည်းဆိုတာ

သိပ္ပံနည်းစစ်စစ်

ဒီမိုကရက်ဖြစ်တာပဲ။

မဟာမိတ်တဲ့

ဘာတံဆိပ်မှမပါလည်း

ကောက်ညှင်းငချိပ်အရက်လိုပြင်းတယ်။

နွေဦးတော်လှန်ရေးဆိုတာ

အတွေးအခေါ်တော်လှန်ရေးပါပဲ။

ရဲဘော်တို့

တွေးခေါ်ကြ။

ရဲတိုက်ပေါ်ကနေ

မျှော်မကြည့်ပဲနဲ့

အနာဂတ်ကိုမမြင်နိုင်ဘူး။

ဗိုလ်ချုပ်အောင်ဆန်းပခုံးပေါ်က

မျှော်ကြည့်ကြ။

သခင်ဗဟိန်းပခုံးပေါ်က

မျှော်ကြည့်ကြ။

ဗန်းမော်တင်အောင်ပခုံးပေါ်က

မျှော်ကြည့်ကြ။

ဗကပ(၄၈၂၈)ပခုံးပေါ်က

မျှော်ကြည့်ကြ။

ဗကသများအဖွဲ့ချုပ်ပခုံးပေါ်က

မျှော်ကြည့်ကြ။

ရဲဘော်တို့

ဗထက်ချိုက်ငါးလုံးပေါ်က

ကျော်ကြည့်ကြ။

ရီဗော်လူးရှင်းကို

ပိုတွေးခေါ်ကြ။

အနီရောင်ဆေးတစ်ပေါင်ဟာ

ပေါင်ဝက်ထက်

ပိုနီတယ်။

၁၇၇၆ အမေရိကန်လွတ်လပ်ရေးစစ်ပွဲမှာလည်း

တွေးခေါ်ခဲ့တာပဲ။

၁၇၈၉ ပြင်သစ်တော်လှန်ရေးမှာလည်း

တွေးခေါ်ခဲ့တာပဲ။

၁၈၇၁ ပဲရစ်ကွန်မြွန်းမှာလည်း

တွေးခေါ်ခဲ့တာပဲ။

၁၉၁၇ ရုရှားမဟာအောက်တိုဘာတော်လှန်ရေးမှာလည်း

တွေးခေါ်ခဲ့တာပဲ။

၁၉၃၄- ၃၆ တရုတ်ပြည်ခရီးရှည်ချီတက်ပွဲမှာလည်း

တွေးခေါ်ခဲ့တာပဲ။

၁၉၃၈- ၁၃၀၀ပြည့်အရေးတော်ပုံမှာလည်း

တွေးခေါ်ခဲ့တာပဲ။

၁၉၄၅ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာလည်း

တွေးခေါ်ခဲ့တာပဲ။

၁၉၅၃- ၅၉ ကျူးဘားတော်လှန်ရေးမှာလည်း

တွေးခေါ်ခဲ့တာပဲ။

၁၉၅၅- ၇၅ ဗီယက်နမ်ခုခံစစ်မှာလည်း

တွေးခေါ်ခဲ့တာပဲ။

ငါတို့ဟာ

ငါတို့တွေးခေါ်သလို

ကြွေးကြော်ရမယ်။

ငါတို့ကြွေးကြော်သံဟာ

ငါတို့အလံဖြစ်တယ်။

"စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေး"

"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး"

အလံကိုမြင့်မြင့်လွှင့်ထူ

အလံကိုနာခံ

လူထုအာဏာလူထုပြန်သိမ်းပိုက်ရမယ်။

ငါတို့ခေတ်မှာ

ငါတို့ဟာ

ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရမယ်။

ကျူပင်ခုတ်ကျူငုတ်မကျန်စေနဲ့

လူပင်ခုတ်

လူငုတ်မကျန်စေနဲ့။

တပ်ဦးအလံတော်အောက်မှာ

စုရုံးကြ

တပ်ပေါင်းစုအသံကို

နားစွင့်ကြ။

ဒေါင်းတစ်ကောင်းတည်းဆိုရင်

ပိုက်ကွန်ကိုမရုန်းနိုင်ဘူး။

ဒေါင်းတွေတစ်တောလုံး

ပြိုင်တူရုန်းရင်

တစ်တောင်လုံးလွတ်မြောက်မယ်။

နွေဦးတော်လှန်ရေးမှာ

ဒေါင်းကြီးဒေါင်းငယ်မရှိ။

နွေဦးမှာ

Generation Gap(GG)မရှိ။

မောင်တင်သစ်နဲ့

မောင်ဆောင်းခ

GG မရှိ။

ပါမောက္ခချုပ်ဒေါက်တာဇော်ဝေစိုးနဲ့

မူလတန်းပြဒေါ်စံပယ်နှင်း

GG မရှိ။

မင်းကိုနိုင်နဲ့

မင်းသွေးသစ်

GG မရှိ။

ဆရာတော်ကံထွန်းသစ်နဲ့

ဆရာတော်မင်းသုည

GG မရှိ။

အောင်ဝေးနဲ့

ရိုးနီ

GG မရှိ။

အားလုံးဟာ

ထမ်းပိုးတစ်တုံးတည်း။

ပခုံးပေါ်မှာ

သမိုင်းဝန်ကိုပိုးထားတယ်။

ရင်ဘတ်ပေါ်မှာ

"...................." ပုံ

တက်တူးထိုးထားတယ်။

ငါတို့ကောင်းကင်ယံမှာ

လင်းယုန်တောင်ပံခတ်သံ။

မြေပြင်ဟာ

နော်မန်ဒီဆန်တယ်

ဒိန်ဗင်ဖူးဆန်တယ်။

ရန်သူကစစ်တယ်

ကိုယ်က

မစစ်လို့မရဘူး။

စစ် စစ်စစ်ကိုတိုက်မှ

ငြိမ်းချမ်းရေးစစ်စစ်ကိုရမယ်။

ဘုံရန်သူကို

ကိုယ်ကမထိုးနှက်ရင်

ဟိုကကိုယ့်ကို

ဗုံလိုထုနှက်သွားလိမ့်မယ်။

လက်တွေ့ကခါးတယ်

ပဋိပက္ခကချိုတယ်

မိတ်ဖက်ပဋိပက္ခကပျားတမာ။

လွတ်တဲ့ငါး ကြီးမနေနဲ့

ဖမ်းမဲ့ငါး ကြီးပစေ။

လားရှိုးထက်

မန္တလေးကကြီးတယ်။

စခန်းသိမ်းရင်

လက်နက်ပဲသိမ်း

တစ္ဆေမသိမ်းနဲ့။

မြို့ရွာသိမ်းရင်

ခဲယမ်းပဲသိမ်း

တစ္ဆေမသိမ်းနဲ့။

သုံ့ပန်းဆိုတာ

သားကြမ်းငါးစိမ်းကြိုက်တဲ့တစ္ဆေ။

တစ်နေ့

ဒီတစ္ဆေ

ကိုယ့်ကိုပြန်ခြောက်တာပဲ။

သုံ့ပန်းပေါ်လစီ

မှုန်ရွှေရည်

ဘေဘီနားလည်နော်။

ဂျနီဗာကွန်ဗင်းရှင်းလည်းသိတယ်

ဝေသာလီကွန်ဗင်းရှင်းလည်း

သိတယ်

စာအုပ်စင်မှာအပြည့်ရှိတယ်။

ဂျုံတစ်ခင်းလုံးပြာကျပြီးမှ

ပေါင်မုန့်ကလေးတစ်ဖဲ့

လာကျွေးခဲ့ရင်

ခွေးပဲစားမယ်

လူကမစားဘူး။

ဂျုံခင်း မီးရှို့ လက်သရမ်း

ဆွေးနွေးပွဲကမ်းလှမ်းရင်

ခွေးပဲနမ်းမယ်

လူကမနမ်းဘူး။

ခက်တယ် အနောရယ်

တချို့ခွေးတွေနှောက်လို့

သောကလည်းရောက်ရပါရဲ့။

သောကနဲ့အအေးမိခြင်းအတွက်

အရက်နှင့်ရေ

ဆတူရော၍သောက်ပါတဲ့။

မီးလောင်မြေမှာ

ရေမရှိဘူး

မျက်ရည်ပင်လယ်ပဲ ရှိတယ်လေ။ ။

အောင်ဝေး

(၉၊ ၃၀၊ ၂၀၂၄)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar