စစ်ကောင်စီကောက်တဲ့ သန်းခေါင်စာရင်းအပေါ် ယုံကြည်မှု
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၂၄
စစ်ကောင်စီကောက်တဲ့ သန်းခေါင်စာရင်းအပေါ် ယုံကြည်မှု
၂၀၁၄ ခုနှစ်မှာ နိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီးနောက် ၁၀နှစ်အကြာ ၂၀၂၄ ခုနှစ် မှာ နိုင်ငံရဲ့ ဒေသအတော်များများ စစ်ဖြစ်ပွားနေပြီး စစ်ဘေးတိမ်းရှောင်သူ အနည်းဆုံး ၃ သန်းထိ ရှိနေချိန်၊ စက်တင်ဘာလဆန်းမှာ ကျရောက်ခဲ့တဲ့ ရေဘေးကြောင့် လူ ဦးရေ ၁ သန်းမျှ ထိခိုက်သက်ရောက်မှု ရှိနေချိန်မှာ စစ်ကောင်စီက ၄င်းတို့ ကောက်ယူဖို့ စီစဥ်ထားတဲ့ အတိုင်း ယခု အောက်တိုဘာ ၁ ရက်နေ့က စတင်ကာ သန်းခေါင်စာရင်း ကောက်ယူဖို့ လုပ်ဆောင်နေပါတယ်။
အခုလို တိုင်းပြည် ကသောင်းကနင်းဖြစ်နေချိန် ပြည်တွင်းစစ် ဖြစ်ပွားနေပြီး စစ်ထဲဆွဲသွင်းခံရ နိုင်ခြေရှိတဲ့ လူငယ်အများအပြား တိုင်းပြည်ပြင်ပမှာ အလုပ်နဲ့ ဖြစ်စေ၊ အလုပ်မပါဘဲဖြစ်စေ သွားရောက်တိမ်းရှောင်နေကြ ရချိန်မှာ သန်းခေါင်စာရင်းကောက်ယူခြင်းဟာ အခြေအနေ အချိန်အခါနဲ့ လုံးဝ မဆီလျော်တဲ့ လုပ်ဆောင်မှုလို့ ဆိုရမှာ ဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံ အဖို့ သန်းခေါင်စာရင်း ကောက်ယူခြင်းဟာ စီးပွားရေးဆိုင်ရာ မူဝါဒ ချမှတ်ခြင်းနဲ့ အကောင်အထည်ဖေါ်ခြင်းတို့မှာ အရေးကြီးတဲ့ အချက်အလက် ကိန်းဂဏန်းတွေ ရရှိဖို့ အသုံးဝင်သလို၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ဖွံ့ဖြိုးရေးတွေနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေ အကောင်အထည် ဖေါ်မှုတွေမှာလည်း အရေးပါတဲ့ အချက်အလက်တွေ ရရှိစေတာ ဖြစ်ပါတယ်။ သို့ပေမယ့် အခုလို နိုင်ငံရေးအရရော စစ်ရေးအရပါ မတည်မငြိမ် ဖြစ်နေတဲ့ အနေအထား၊ နိုင်ငံရဲ့ လူဦးရေ သန်းနဲ့ချီကာ မြို့တွေ ရွာတွေ စွန့်ပြီး ဘေးလွတ်ရာ၊ သို့မဟုတ် စစ်ရေးသက်ရောက်မှုနည်းတဲ့နေရာဒေသတွေမှာ တိမ်းရှောင်နေကြရတဲ့ အနေအထားမျိုးမှာ ကောက်ယူတဲ့ သန်းခေါင်စာရင်းက အချက်အလက်မှန်ကန် နိုင်ပါ့မလားဆိုတဲ့ သံသယတွေ ရှိနေကြတာလည်း ဖြစ်ပါတယ်။
ဘာကြောင့် စစ်အာဏာသိမ်းပြီး ၃ နှစ်နီးပါး အကြာမှ ရွေးကောက်ပွဲ ကျင်းပဖို့ရာ သန်းခေါင်စာရင်း ကောက်ယူဖို့ လိုအပ်တယ်လို့ စစ်ကောင်စီက ဆိုတာပါလဲ။ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ၁ ရက်နေ့ တက်လာကတည်းက ရွေးကောက်ပွဲ ဆိုတဲ့ အကြောင်းပြချက်နဲ့ အချိန်ဆွဲကာ အာဏာရယူခဲ့ရာမှာ အခုလို သန်းခေါင်စာရင်း ကောက်ယူခြင်းကလည်း အချိန်ဆွဲတဲ့ အကြောင်းပြဖို့ရာ ကိစ္စတခုထက်မပိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းတယ်၊ မဲမသမာမှုရှိတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့ပြီး မဲစာရင်း မှန်ကန်မှ ရွေးကောက်ပွဲ ကျင်းပရမယ် ဆိုတဲ့သဘောမျိုးနဲ့ အချိန်ဆွဲတဲ့ ဗျူဟာကို အသုံးချခြင်းလို့ သာ ကောက်ချက်ချရင် မှားမယ် မထင်ပါဘူး။
ဒါ့အပြင် အခုလို တိုင်းနဲ့ ပြည်နယ်တွေထဲက မြို့ ၇၀ ကျော် ၈၀ နီးပါး တိုင်းရင်းသား လက်နက်ကိုင် သို့မဟုတ် PDF အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်နေချိန်မှာ ကောက်ယူတဲ့ သန်းခေါင်စာရင်းက အဆိုပါ ဒေသတွေ နယ်မြေတွေမှာ နေထိုင်တဲ့ လူဦးရေရဲ့ အချက်အလက်တွေ မရနိုင်တော့တာ သေချာနေပါတယ်။ ရှမ်းမြောက်၊ ရခိုင်၊ ကချင်ပြည်နယ် ဒေသအများအပြား၊ စစ်ကိုင်းတိုင်းက ဒေသအများအပြား၊ ကရင်နီပြည်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ရဲ့ အချို့သောဒေသတွေ၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းက ဒေသအချို့ စတဲ့ ဧရိယာတွေက လူဦးရေ၊ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းမှုတွေနဲ့ သက်ဆိုင်တဲ့ ဘာအချက်အလက်ကိုမှ ကောက်ယူနိုင်မယ့် အနေအထား မရှိတာ တွေ့ရပါလိမ့်မယ်။
လက်နက်ကိုင် တိုက်ပွဲတွေ နိုင်ငံအနှံ့ဖြစ်ပွားနေချိန်၊ မဖြစ်ပွားသေးတဲ့ မြို့တွေမှာလည်း လုပ်ကြံသတ်ဖြတ်မှု၊ ဖောက်ခွဲမှုတွေ ဖြစ်နေပြီး ပြည်သူလူထုအနေနဲ့ စိတ်အေးချမ်းသာစွာ မိမိတို့ အသက်မွေးဝမ်းကျောင်း အလုပ်မလုပ်ကိုင်နိုင်တဲ့ ဒီလိုကာလမှာ သန်းခေါင်စာရင်းကောက်ယူခြင်းက မမှန်ကန်တဲ့ အချက်အလက် မတိကျ တဲ့အချက်အလက်တွေသာ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပမှာ နေထိုင်နေသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်နေသူတွေ နဲ့ ပတ်သက်လို့လည်း အချက်အလက်စုဆောင်းဖို့ မှတ်တမ်းယူမလားဆိုတဲ့ သံသယတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာ ကြားသိရပါတယ်။ စစ်ကောင်စီ အနေနဲ့ ၄င်းတို့ကို နိုင်ငံရေးအရ သော်လည်းကောင်း လက်နက်ကိုင် လမ်းစဥ်အရသော်လည်းကောင်း ဆန့်ကျင်သူတွေရဲ့ မိသားစုဝင်တွေကို စောင့်ကြည့်တာတွေ လုပ်လေ့ရှိပြီး တစုံတရာ သံသယရှိတာနဲ့ ဖမ်းဆီးတာ နှိပ်စက်ညှင်းပန်းတာတွေ၊ အသက်သေဆုံးသည်အထိ နှိပ်စက်ညှင်းပန်းမှုတွေ လုပ်ဆောင်လေ့ရှိတာကြောင့် အခုလို သန်းခေါင်စာရင်းကောက်ယူချိန်မှာလည်း လူအများက စစ်ကောင်စီ အပေါ် အယုံအကြည် မရှိတော့တာ တွေ့ရမှာပါ။
စစ်ကောင်စီ ကောက်ယူတဲ့ သန်းခေါင်စာရင်းအပေါ် ယုံကြည်မှုပျက်ပြားနေခြင်းက သန်းခေါင်စာရင်းမှာ အချက်အလက်မှားတွေ လျစ်လျူရှုလို့မရတဲ့ ရာခိုင်နှုန်းပမာဏထိ ပါဝင်လာနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ သန်းခေါင်စာရင်းက ရလဒ်ကို စီးပွားရေး၊ လူမှုရေး ဆိုင်ရာ ကိစ္စတွေကို မူဝါဒ ချမှတ်ရာမှာ အသုံးပြုဖို့အပြင် ၄င်းတို့ကို ဆန့်ကျင်သူတွေကို စောင့်ကြည့်မှတ်တမ်းတင်တဲ့ တချက်ခုတ် နှစ်ချက်ပြတ် အစီအစဥ် အဖြစ်နဲ့ လုပ်ဆောင်နေတာလည်း ဖြစ်ပြီး လူထု အနေနဲ့တော့ မိမိတို့အပေါ် အန္တရာယ် ကျရောက်စေနိုင်မယ့် အချက်အလက်မျိုးကိုတွေကို သတိပြု ဖြေကြားဖို့လိုအပ်သလို တဖက်မှာလည်း သန်းခေါင်စာရင်းကောက်ယူရာမှာ လက်နက်ကိုင် အဖွဲ့အင်အား အများအပြားနဲ့ လာရောက်တာဖြစ်လို့ ပြည်သူလူထုကို ခြိမ်းခြောက်ပြောဆိုကာ ကောက်ယူ ထည့်သွင်းနိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar