မြန်မာဖယ်ဒရယ်ပြည်ထောင်စုက လမ်းခုလတ်လား၊ လမ်းခွဲလား
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၅ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၂၄
ဂျကာတာက မြန်မာ့အရေးဆွေးနွေးပွဲကို အခုရက်ပိုင်းအတွင်း ကျင်းပခဲ့တာ (ကျင်းပနေတာ) ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး မြန်မာနိုင်ငံအရေးအတွက် နိုင်ငံတကာထိပ်တန်းသံတမန် တွေပါတဲ့ အစည်းအဝေးကို အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်တာ ပြုလုပ်ခဲ့တာပါ။
ဒီအစည်းအဝေးကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံနဲ့ အင်ဒိုနီးရှားက ကိုယ်စားလှယ်တွေနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာအတိုက်အခံအင်အားစုတွေ တက်ရောက်နေကြပါတယ်လို့ သတင်းတွေက ဆိုပေမယ့် NUG အစိုးရပြောခွင့်ရတွေကတော့ သတင်းကို အတည်ပြုချက် ပေးရန် ငြင်းကြပါတယ်။
ဒီဂျာကာတာ အစည်းအဝေးကို သတင်းရယူခွင့်နဲ့ မှတ်တမ်းဓာတ်ပုံရိုက်ကူးခွင့် ပိတ်ပင်ထားတယ်လို့လည်း ဆိုပါတယ်။
အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်ကြာတဲ့ ဒီဆွေးနွေးပွဲမှာ စစ်တပ်ကို ဆန့်ကျင်တဲ့ မြန်မာတော်လှန်ရေးအင်အားစုတချို့၊ ပြည်တွင်းမှာ ဆက်ရှိနေတဲ့ နိုင်ငံရေးပါတီအဖွဲ့တချို့ တက်ရောက်တယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ဘီဘီစီရဲ့ စုံစမ်းချက်တွေအရ အမျိုးသားညီညွတ်ရေးအစိုးရ - NUG၊ K2C လို့ခေါ်ကြတဲ့ (ကရင်အမျိုးသားအစည်းအရုံး - KNU၊ ကရင်အမျိုးသားတိုးတက်ရေးပါတီ - KNPP၊ ချင်းအမျိုးသားတပ်ဦး- CNF) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဗိုလ်ချုပ်ကြီးယွက်ဆစ်တို့ ဂျာကာတာကို ရောက်နေတယ်လို့ ဆိုပါတယ်။
''NUG ဘက်က နိုင်ငံခြားရေးဝန်ကြီး ဒေါ် ဇင်မာအောင် တက်တယ်လို့ သိရတယ်။ တခြားပြည်တွင်းထဲက ပါတီတစ်ခုလည်းပါတယ်။ အဲဒီပါတီကနေ ပြည်တွင်းထဲက NLD ပါတီဝင်တချို့နဲ့ နောက်တခြားအင်အားစုတွေက မြန်မာရဲ့ နိုင်ငံရေးထွက်ပေါက်ဘယ်လိုရှိလဲ ဆိုတာကိုလည်း စာရေးပေးလိုက်တယ်လို့ သိရတယ်'' လို့ ဒီဆွေးနွေးပွဲအကြောင်းသိတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
''ပြည်တွင်းက နိုင်ငံရေးအစုအဖွဲ့တွေ တင်လာတဲ့ သဘောထားမူကြမ်းထဲမှာ စု၊လွှတ်၊တွေ့ ပုံစံ Modified ( ပြုပြင်မွမ်းမံထား) ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့၊ နိုင်ငံရေးသဘောတူညီချက်ရပြီးမှ စကားပြောဖို့နဲ့ ရွေးကောက်ပွဲစဥ်းစားပါလား ဆိုတာမျိုး ပါတယ်'' လို့ ဒီဆွေးနွေးပွဲအကြောင်းသိတဲ့ ဘီဘီစီ၏သတင်းရင်းမြစ်ကပြောပါတယ်။
အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံ မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ ဒီဆွေးနွေးပွဲလုပ်ဖို့ အင်ဒိုဘက်က လုပ်ဆောင်ခဲ့တာလို့ နားလည်ရပါတယ်။
RFA သတင်းဌာက ပြောဆိုရာမှာကတော့ - ဂျာကာတာဆွေးနွေးပွဲထံကို ပြည်တွင်းကနိုင်ငံရေးသမားများ၏ သဘောထားရပ်တည်ချက်တခု ပေးပို့ခဲ့တယ်။ အဲသည်လို ပေးပို့နိုင်အောင် ဂျာကာတာဆွေးနွေးပွဲစီစဉ်သူတွေကပဲ စီမံခဲ့ကြတယ်လို့ ဖတ်ရပါတယ်။ မြန်မာပြည်တွင်းဆွေးနွေးပွဲကနေ အဲသည်သဘောတူညီချက်တွေကို ပေးပိုခဲ့တာလို အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
“ နိုင်ငံရေး အကျဥ်းသားဟောင်းတွေ များတယ်၊ ဝါရင့်နိုင်ငံရေးသမားတွေ များတယ်၊ အဲဒီအဖွဲ့ကိုသွားပြီးတော့ ဒီလို သဘောထားတစ်ခု ထွက်လာအောင်အတွက်ကို seminar လေးတစ်ခုကို အခု ဂျာကာတာပွဲကို စီစဥ်တဲ့လူတွေကပဲ စီစဥ်တဲ့သဘောရှိပါတယ်၊ အဲ seminar လေးကနေပြီးတော့ထွက်ပေါ်လာတဲ့ သဘောထားကို ဂျာကာတာဖိုရမ်ကို ယူသွားတဲ့ အဓိပ္ပာယ်ပါ “
သည်နေရာမှာ စီစဉ်သူ အင်ဒိုနီးရှားနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးလမ်းကြောင်းကို ကြည့်မယ် ဆိုရင် - အင်ဒိုနီးရှားမှာ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို ဦးဆောင်တဲ့ PDI-Pပါတီက အစိုးရအဖွဲ့ တာဝန်ယူထားတာ လာမယ့် ရက်ပိုင်းအတွင်း ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ နောက်တက်မယ့် အစိုးရကတော့ အောက်တိုဘာ ၂၀ မှာ ၂၀၂၄ အင်ဒိုနီးရှား ရွေးကောက်ပွဲ အနိုင်ရ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး “ပရာဘိုဝီ” ဦးဆောင်တဲ့အစိုးရ ဖြစ်ပါတယ်။ အဲသည် အာဏာရလာမယ့် ခေါင်းဆောင်ကတော့ စစ်ဗိုလ်ချုပ်ဟောင်း ဖြစ်တဲ့အပြင် ယခင် အင်ဒိုနီးရှား စစ်အာဏာရှင် ဆူဟာတိုမျိုးဆက်နဲ့ ချိတ်ဆက်ပတ်သက်နေသူလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ စစ်အုပ်စုမျိုးဆက်တွေ ပြန်ခေါင်းထောင်လာနေပြီး ပြည်သူတွေ မျှော်လင့်အားကိုးတဲ့ အရပ်သားပညာတတ် မျိုးဆက်တွေဟာ နောက်ဆုံး အာဏာရပြီးနောက်မှာ စစ်အုပ်စုတွေနဲ့ လက်ဆင့်ကမ်း အလုပ်တွေ လုပ်ကြတယ်။ နားလည်မှုတွေ ယူလာကြတယ်လို့ အင်ဒိုနီးရှား ပြည်သူတွေက ခံစားနေကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။
အာဆီယံထဲက နိုင်ငံတွေထဲမှာ အနောက်အုပ်စုကို ယိမ်းကြသူတွေနဲ့ တရုတ်ဘက်ကို အားသာကြသူတွေကြား လွန်ဆွဲနေကြပြီး လက်ရှိ မြန်မာ့အရေးဆွေးနွေးပွဲဟာလည်း အဲသည်ကြားထဲက လှုပ်ရှားမှုလို့ ဆိုနိုင်ပါတယ်။ ဒါဆိုရင် အနောက်အုပ်စုနဲ့ ဆက်ဆံရေးအဆင်ပြေတဲ့ အင်ဒိုနီးရှားက လက်ရှိ အာဏာပိုင်မျိုးဆက်တွေ၊ အုပ်စုတွေက မြန်မာ့အရေးမှာ ရွေးကောက်ပွဲနဲ့သာ အဖြေရှာကြဖို့၊ အထွေထွေအကျပ်အတည်းဆိုက်နေတဲ့ မြန်မာပြည်သူတွေကို ရွေးကောက်ပွဲရလဒ်တွေ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ချွေးသိပ်ကြဖို့ တိုက်တွန်းမယ့် လက္ခဏာရှိသလားလို့ တွေးချင်စရာလည်း ဖြစ်ပါတယ်။ နောက်လာမယ့် လက်ရှိ အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံမှာ လုပ်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ မြန်မာနိုင်ငံအတွက် အာဂျင်ဒါကလည်း ရွေးကောက်ပွဲဆိုတာကိုပဲ ဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံရေး ရုန်းကန်ဖြတ်သန်းမှုတွေကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် - ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံအစုအဖွဲ့နဲ့ စစ်တပ်တို့ တွေ့ဆုံဆွေးနွေး အဖြေရှာကြရေးကို မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက ၂၀၁၀ မတိုင်ခင်အထိ မျော်လင့် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၂ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်ဒီပါတီက ရွေးကောက်ပွဲလမ်းကြောင်းကနေ အဖြေရှာဖို့ စစ်တပ်နဲ့ ပြန်လည်သင့်မြတ်စွာ အခိုက်အတန့်ကာလာတခုခု အတွင်းမှာ အတူယှဉ်တွဲနေထိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ အဲသည်တုန်းက အတိုက်အခံခေါင်းဆောင် ဟံသာ၀တီဦးဝင်းတင်က ဒါစစ်တပ်အတွက် လမ်းခုလတ်ဖြစ်တယ် ခေတ္တ အားယူနေချိန်ဖြစ်တယ်။ ကျနော်တို့အတွက်က အဲသည် လမ်းခုလတ်ကနေ လမ်းခွဲဖို့ ရုန်းထကြရမယ်လို့ ပြတ်ပြတ်သားသား ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
သည်လိုနဲ့ ၂၀၂၁ မှာ စစ်တပ်က ဒုတိယအကြိမ် သောင်ပြိုကမ်းပြိုနိုင်တဲ့ အရပ်သားပါတီတရပ်ကို နိုင်ငံတော်အာဏာမအပ်နိုင်တော့တဲ့အခါ စစ်အာဏာသိမ်းတဲ့နည်းနဲ့ ဖြေရှင်းခဲ့တာပဲ ဖြစ်ပါတယ်။ အဲသည်လမ်းခွဲမှာ မြန်မာပြည်သူတွေနဲ့ အတိုက်အခံခေါင်းဆောင်တွေက စစ်တပ်နဲ့ အပြီးသပ် ပြတ်စဲပြီး ဖယ်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို စစ်ရေး နီုင်ငံရေး နည်းလမ်းပေါင်းစုံနဲ့ အရတိုက်ယူကြဖ်ု့ ရွေးချယ်ခဲ့ကြတယ်လို့ ဆိုချင်ဆိုနိုင်ပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံကိုယ်တိုင်ကလည်း ၂၀၂၄မှာ အရပ်သားမျိုးဆက်သစ်အစိုးရတရပ် ပါတီတရပ်ကို ထူထောင် လှမ်းတက်နိုင်ခဲ့ပြီလို့ အထင်ရောက်ခဲ့ရာကနေ တက်တက်စင်လွဲချော်ပြီး ထိုင်းစစ်တပ်နဲ့ ထိုင်းအရင်းရှင်ကြီးတွေ၏ လက်ဝေခံ အစိုးရတရပ်အဖြစ် ဇာတ်သွင်းခြင်း ပုံသွင်းခြင်းသာ ခံစားရတာကို မျက်မြင်သက်သေ တွေ့နိုင်တာ ဖြစ်ပါတယ်။ ဟောင်ကောင်၊ ထိုင်းနဲ့ မြန်မာမျိုးဆက်သစ်တွေ အတူတူထောင်ခဲ့ကြတဲ့ လက်သုံးချောင်းတော်လှန်ရေး ယခုလို ဘယ်လမ်း ဘယ်စခန်း ဆိုက်နေသလဲဆိုတာ သည်အချိန်မှာ ဆန်းစစ်ကြည့်ရဖို့ လိုမယ် ထင်ပါတယ်။
ယခု ၂၀၂၄ မှာ မြန်မာနွေဦးတော်လှန်ရေး ၃ နှစ် ခွဲ ကျော်ခဲ့ပါပြီ။ ၈၈ အရေးတော်ပုံ တပ်သား၊ NLD ပါတီ ခေါင်းဆောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ဟံသာ၀တီဦးဝင်းတင်ကတော့ ၂၀၁၃ ခုနှစ်တုန်းက မြန်မာပြည်နိုင်ငံရေးဟာ လမ်းခုလတ်ကနေ လမ်းဆုံလမ်းခွရောက်နေပြီ၊ သည်ကနေ စစ်တပ်နဲ့ ညောင်ညိုပင်ရိပ်ကနေ လမ်းခွဲကြရလိမ့်မယ်လို့ တိုက်တွန်းစကားဆိုခဲ့ပြီး ဖြစ်ပါတယ်။ အခုကော လမ်းခုလတ်မှာပဲလား။ လမ်းခွဲခဲ့ကြပြီလား။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar