ပြည်တွင်းစစ်ကာလ ကြာရှည်လာတာနဲ့အမျှ လူငယ်တွေရဲ့ ပညာရေးအပေါ် သက်ရောက်မှု
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၂၄
ပြည်တွင်းစစ်ကာလ ကြာရှည်လာတာနဲ့အမျှ လူငယ်တွေရဲ့ ပညာရေးအပေါ် သက်ရောက်မှု
လက်နက်ကိုင် ပဋိပက္ခလို့ ပညာရှင်ဆန်ဆန် ခေါ်ဝေါ်သုံးစွဲတဲ့ နှစ် ၇၀ ကျော် ကြာရှည်လာတဲ့ ပြည်တွင်းစစ်မီး မြန်မာနိုင်ငံမှာ တကျော့ပြန် အရှိန်မြင့်တောက်လောင်လာတာ ၃ နှစ်ကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလကုန် မေလဝန်းကျင်က စတင်ပြီး တိုက်ပွဲတွေ ဟိုနားသည်နားမှာ စတင်ဖြစ်ပွားလာရာက ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ပိုမိုကျယ်ပြန့်လာပြီး ၂၀၂၃ အကုန် ၂၀၂၄ မှာတော့ နိုင်ငံရဲ့ ၇၀ ရာနှုန်းကျော်မှာ စစ်ပွဲတွေ ဖြစ်ပွားနေတာ၊ စစ်ပွဲကြောင့် ရှောင်တိမ်းကြရတာ၊ သို့မဟုတ် ပဋိပက္ခရဲ့ သက်ရောက်မှု အကျိုးဆက်တိုက်ရိုက် ခံစားရလာတဲ့ အခြေအနေလို့ဆိုရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျောင်းသား အရွယ် လူငယ်တွေရဲ့ ပညာရေးကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာ မသိမ်းခင်ကာလကတည်းက ကိုဗစ်ကူးစက်ရောဂါကပ်ဘေးကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရသလို ခေတ္တဖွင့်လိုက်၊ ရပ်ဆိုင်းလိုက် လုပ်နေရချိန်မှာ စစ်အာဏာ သိမ်းမှု ပေါ်ပေါက်လာပြီး ကျောင်းဆရာ ဆရာမတွေ၊ ပါမောက္ခတွေ၊ ကထိက၊ သရုပ်ပြ စတဲ့ပညာရေး အသိုင်းအဝိုင်းက ဝန်ထမ်း အများအပြားလည်း အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်လာကြပြီး စစ်ကောင်စီ အနေနဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်ရပါတယ်။ ပညာရေး ဝန်ထမ်းတွေချည်း CDM လှုပ်ရှားမှု လုပ်ဆောင်ကြတာတော့မဟုတ်ပါဘူး။
ပညာသင်ယူမယ့် ကျောင်းသား လူငယ်တွေထဲမှာလည်း အထက်တန်းအရွယ်နဲ့ အဆင့်မြင့်ပညာလို့ခေါ်တဲ့ တက္ကသိုလ် ကောလိပ်ကျောင်းသားတွေ အထဲက အများအပြားလည်း CDM လုပ်တဲ့ လှုပ်ရှားမှုမှာ ၄င်းတို့ဆုံးဖြတ်ချက်နဲ့ ပါဝင်လာကြပြီး ကျောင်းဆက်မတက်လိုတော့တာ၊ ဒါမှမဟုတ် မိဘဖြစ်သူက မိမိတို့ သားသမီးကို စစ်ကောင်စီ ဖွင့်လှစ်တဲ့ ကျောင်းကို မတက်စေဖို့ ဆုံးဖြတ်ကြတာမျိုးတွေ ကျနော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်ခဲ့တာ အများသိရှိပြီး ဖြစ်ပါလိမ့်မယ်။ ကျောင်းမဖွင့်နိုင်တဲ့ အနေအထား၊ ကျောင်းဖွင့်ပေမယ့်လည်း စစ်ကောင်စီ အုပ်ချုပ်မှုအောက်က ပညာရေးစနစ်ကို သပိတ်မှောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခံယူချက်နဲ့ မိမိတို့ သားသမီးတွေကို ကျောင်းမပို့ဘူးဆိုတဲ့ မိဘတွေလည်း ရှိခဲ့တာ အများသိရှိကြပြီး ဖြစ်ပါလိမ့်မယ်။ ကနဦးကာလမှာတော့ မြို့တွေမှာတောင် ကျောင်းသွားကျောင်းပြန် ပစ်ခတ်မှု ပေါက်ကွဲမှုတွေနဲ့ ကျောင်းသားတွေရဲ့ လုံခြုံရေး အရ စိတ်မချရတဲ့ အနေအထားကလည်း ကျောင်းမတက်စေဖို့ ဆုံးဖြတ်ကြတဲ့ အကြောင်းအချက် တခုဖြစ်ခဲ့ပါတယ်။ နယ်တွေ၊ ကျေးလက်တွေမှာတော့ စစ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စာသင်ကျောင်းတွေ မဖွင့်နိုင်တဲ့ အနေအထားလည်း အများအပြားကြုံတွေ့နေခဲ့ကြရတာ ဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်က ပညာရေးကို လက်မခံဘူးဆိုကာ တဖက်မှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ကမကထ လုပ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအခြေခံ စံနှုန်းတွေကို သင်ကြားပေးမယ့် ဖက်ဒရယ်ပညာရေး စနစ်ကိုလည်း အကောင်အထည် ဖော်ကြတာတွေ့ရပါတယ်။ ဖက်ဒရယ်စံနှုန်းတွေ အခြေခံတယ်ဆိုတဲ့ အွန်လိုင်းကတဆင့်သင်ကြားတဲ့ စာသင်ကျောင်းတွေ ပေါ်ထွက်လာပေမယ့် NUG အစိုးရကျောင်းဆိုတာမျိုး မဟုတ်ပဲ NUG အသိအမှတ်ပြုထားတဲ့ စာသင်ကျောင်းလိုမျိုးက အများစု ဖြစ်ပါတယ်။ ဒီလို စာသင်ကျောင်းတွေမှာ CDM လုပ်ထားတဲ့ ဆရာဆရာမတွေက အွန်လိုင်းက တဆင့် သင်ပြပေးကြတာမျိုး ဖြစ်ပါတယ်။ တဖက်မှာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေထဲ နေထိုင်နေကြသူတွေအဖို့ အဲလို အွန်လိုင်း စာသင်ကျောင်းကို တက်ရောက်ရာမှာလည်း သတိကြီးစွာထား ဆက်သွယ် သင်ယူကြရသလို၊ လက်နက်ကိုင် တိုက်ပွဲကျယ်ပြန့်လာတာနဲ့ အမျှ အင်တာနက်ရရှိမှုက လျော့ကျလာနေပြီး အချို့သော နယ်မြေ၊ ဒေသတွေမှာ အင်တာနက် ပြတ်တောက်တာ လနဲ့ နှစ်နဲ့ချီ ရှိနေပြီဖြစ်ပါတယ်။
အထက်တန်းကျောင်းသား အရွယ်လူငယ်ထဲက အနည်းငယ်နဲ့ တက္ကသိုလ်၊ ကောလိပ် ကျောင်းသားအချို့က ၄င်းတို့ ကိုယ်တိုင် လက်နက်ကိုင်ပြီး စစ်ကောင်စီ တပ်တွေကို တိုက်ခိုက်မယ့် လမ်းမျိုးရွေးချယ်ခဲ့ကြတာလည်း ရှိပါတယ်။ သို့ပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင်တော့ ကျောင်းသားတွေထဲက လက်နက်ကိုင် တပ်ဖွဲ့ထဲ ဝင်ရောက်သွားကြသူ အရေအတွက်က သောင်းဂဏန်း သိန်းဂဏန်းထိတော့ မရောက်ရှိနိုင်လောက်ဘူးလို့ ယူဆရပါတယ်။ အဲဒီလို လမ်းကြောင်းကိုရွေးချယ်သွားသူတွေကတော့ တော်လှန်ရေး မပြီးမချင်း စာသင်ကျောင်းတွေဆီ ပြန်မလာနိုင်တော့တဲ့ သဘောလို့ ယူဆနိုင်ပါတယ်။
တခြားတဖက်မှာတော့ စစ်ကောင်စီ ထိန်းချုပ်တဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်က စာသင်ကျောင်းတွေမှာ မတက်ရောက်ချင်သူတွေထဲက မိဘကလည်း ငွေကြေး တတ်နိုင်တဲ့ အနေအထားဆိုရင် ပုဂ္ဂလိကကျောင်းတွေကို ရွေးချယ် တက်ရောက်ကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် အဲဒီအချိုးအစားက အနည်းအကျဥ်းသာဖြစ်ပြီး ရာခိုင်နှုန်း အများစုကတော့ စစ်ကောင်စီ ဖွင့်တဲ့ ကျောင်းတွေဆီ ပြန်လည် အပ်နှံကြတာ၊ ဒါမှမဟုတ် လွတ်မြောက်နယ်မြေ လို့ဆိုတဲ့ စစ်ကောင်စီဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့ထိန်းချုပ်နယ်မြေတွေမှာ ဖွင့်လှစ်ထားကြတဲ့ စာသင်ကျောင်းတွေမှာ သင်ယူကြရတာမျိုး နဲ့ အချို့သော အရေအတွက် ရာနှုန်းတခုကတော့ ပြည်တွင်းစစ်ကာလအတွင်း ပညာသင်ယူနိုင်ခြင်း မရှိတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှု စတင်ဖြစ်ပွားခါစမှာ စစ်အာဏာရှင်တိုက်ဖျက်ရေး အင်အားစုတွေကို ဦးဆောင်ပဲ့ကိုင်သူ တွေကိုယ်တိုင် စစ်အာဏာရှင်စနစ် ဖယ်ရှားရေး နဲ့ လက်နက်ကိုင် တော်လှန်ရေးက နှစ်ကာလ ရှည်ကြာလိမ့်မယ်လို့ မျှော်မှန်းမထားခဲ့ကြဘဲ၊ ကျောင်းနေအရွယ် လူငယ်တွေရဲ့ ပညာရေးနဲ့ ပတ်သက်လို့ ရေရှည်အမြင်၊ ခန့်မှန်းမှု၊ မူဝါဒချမှတ်မှုတွေ ပီပီပြင်ပြင် မရှိခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေက အတည်တကျ မရှိနိုင်တဲ့ စာသင်ကျောင်းတွေ၊ တောတွေ တောင်တွေ အကာအကွယ်မှာ သင်ကြားရတဲ့ ဖြစ်သလို နေရာချထားရတဲ့ စာသင်ခန်းတွေ၊ စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ပျက်စီးကြရတဲ့ စာသင်ခန်းတွေ၊ တနေရာပြီး တနေရာ စစ်ဘေးရှောင် တိမ်းကြရလို့ ကလေးငယ်တွေအဖို့ စာသင်ကြားဖို့ အခွင့်အရေး မရရှိကြရတဲ့ အခြေအနေတွေလည်း ကြုံတွေ့ကြရသလို အဲဒီလို အခြေအနေမျိုး မှာမဟုတ်တဲ့ ဒေသတွေ နယ်မြေတွေက ကလေးသူငယ်တွေ အဖို့ ပညာသင်ကြားရယူနိုင်ခွင့်၊ ပညာသင်ကြားပေးမယ် ဆရာ၊ ဆရာမ၊ ပညာရေး သင်ရိုးတွေ သင်ခန်းစာအကြောင်းအရာတွေကို ဘယ်လို ပြင်ဆင် လုပ်ဆောင်နေကြသလဲဆိုတာ သတင်းမီဒီယာတွေထဲ များများစားစား ဖော်ပြကြတာ ပြောဆိုကြတာ မတွေ့ရပါဘူး။
ဒီလို တော်လှန်ရေးကာလမှ အားလုံး စတေးကြရမှာပဲ၊ ကာလတခုကိုတော့ ကျော်ဖြတ်ကြရမှာပဲ ဆိုတဲ့ ပြောဆိုမှု ဆင်ခြေလည်း ရှိကောင်းရှိနိုင်ပါတယ်။ သို့ပေမဲ့လည်း လက်ရှိ ပညာရေး ပျိုးထောင်မှုက အနာဂတ်နိုင်ငံတည်ဆောက်မှု၊ ပြန်လည်ထူထောင်ရေးနဲ့ တိုက်ရိုက်ဆက်နွှယ်နေတယ် ဆိုတဲ့အချက်ကိုလည်း မေ့မထားသင့်ပါဘူး။
နွေဦးတော်လှန်ရေးဟာ ဘယ်လောက် ကြာမြင့်နိုင်သလဲ ဆိုတဲ့ ခန့်မှန်းချက်အပိုင်းမှာ လက်တွေ့အခြေအနေ၊ ဖြစ်နိုင်ခြေ စတာတွေကို အကဲဖြတ်ရာမှာ အားနည်းချက်တွေ ရှိခဲ့သလို ကျောင်းနေအရွယ် လူငယ်တွေရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှု၊ မူဝါဒအပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့တယ် ဆိုတဲ့အချက်ကို အခုရောက်နေတဲ့ အနေအထားက ပြန်သုံးသပ်ကြည့်ရင် တွေ့နိုင်ပါတယ်။ ၃ နှစ်ကျော် ၄ နှစ်ထဲ ဝင်လာတဲ့ အနေအထားအချိန်ကာလမှာ ကုန်လွန်ခဲ့တဲ့ ကာလတွေကို သင်ခန်းစာယူပြီး ရှေ့လာမယ့် ကာလတွေမှာ ကျောင်းနေအရွယ် ကလေးတွေ လူငယ်တွေရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်မူဝါဒတွေ ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ လိုအပ်တာ အမှန်ပဲဖြစ်ပါတယ်။
တော်လှန်ရေးတခု ဆင်နွှဲနေတာဖြစ်တာမို့ အချို့ကတော့ ဒါကို ခဏတဖြုတ် လုပ်ကိုင်နေတာမျိုးလို့ မယူဆကြပါဘူး။ တစုံလုံး မြှုပ်နှံလုပ်ကိုင်ကြရတယ်လို့ ဆိုကြပါတယ်။ တချို့ကတော့ တော်လှန်ရေးဆိုတာထက် လှုပ်ရှားမှုတခု movement တခု လုပ်နေသလိုမျိုး သဘောထားတာလည်း ရှိပါတယ်။ ပညာရေးကို မြှုပ်နှံလုပ်ကိုင်ရာမှာ လှုပ်ရှားမှုတခုသက်သက်မဟုတ်ဘဲ တဘ၀လုံး အချိန်တနံတလျားလုံးလုံး မြှုပ်နှံလုပ်ကိုင်ပေးကြရတာမျိုး ဖြစ်တယ်ဆိုတာကို အဖွဲ့အစည်းတွေ၊ ကျောင်းဆရာတွေ၊ စာသင်သားတွေကိုယ်တိုင်က သဘောပေါက်ထားကြဖို့ လိုအပ်မယ်လို့ သုံးသပ်ထောက်ပြကြတာတွေလည်း ရှိနေပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar