Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၆ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၆ )

(မိုးမခ) နိုဝင်ဘာ ၁ ၊ ၂၀၂၄

31/10/24

Diary in the darkness 


ရာသီက ပူပြင်းစ ပြုပြီ။ မီးလာချိန်နည်းတော့ လေအေးပေးစက်လည်း မဖွင့်နိုင်။ ဖုန်းအားသွင်းဖို့တောင် အနိုင်နိုင်။ 

လမ်းမတွေပေါ်မှာ ကထိန်အလှူခံတွေက အသံချဲ့စက်တွေ အပြိုင်ဖွင့်ကြ။ ဘာသာရေး ခုတုံးလုပ်ပြီး အပျော်ကြူးသူတွေ များပြား။ ဆူညံသံကြောင့် လူတွေ စိတ်ညစ်ရ။ တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်သက်သော ဗုဒ္ဓအတွက် ဟု ဆိုကာ ဆူဆူညံညံ အလှူခံသူတွေ အင်အားပြနေကြ။ 

တနိုင်ငံလုံးမှာ ဗုံးသံတွေကလဲ ဆူဆူညံညံပါပဲ။ လားရှိုးမှာ ဗုံးတွေ ကြဲတုန်း။ မေမြို့မှာတော့ စစ်ခရာသံတွေ ကြားနေရပြီ။ ရခိုင် အမ်းမြို့သိမ်း တိုက်ပွဲမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစင်း ပစ်ချခံရ။ ဒုတိုင်းမှူး အပါအဝင် အရာရှိကြီးတွေ သေဆုံးကြောင်း အတည်ပြုချက် ထွက်ပေါ်။ စစ်ကောင်စီတပ်က လက်နက်ချသူတွေကလည်း အသုတ်လိုက် အသုတ်လိုက်၊ စစ်မျက်နှာတိုင်းလိုလိုမှာ။ 

မြစ်ကြီးနားက ရောက်လာတဲ့ နိုင်ကျဉ်းဟောင်း သူငယ်ချင်းက ပြောတယ်။ တော်လှန်ရေးတပ်တွေက မြစ်ကြီးနားကို သိမ်းလို့ရနေပြီ။ မြို့သိမ်းပြီးရင် မြို့သူမြို့သားတွေကို စစ်ကောင်စီတပ်က ဗုံးလာကြဲရင် အကာအကွယ်မပေးနိုင်သေးလို့ မြို့ကို မသိမ်းသေးတာ။ မြို့ဝန်းကျင်မှာတော့ နေ့စဉ် တိုက်ပွဲတွေ ဖြစ်နေတယ်။ အစိုးရ ဝန်ထမ်းတွေကတော့ အထုပ်တပြင်ပြင်နဲ့တဲ့။ ကရင်ပြည်နယ်မှာလဲ တပ်မှူး နှစ်ဦးနဲ့ တပ်သား ခြောက်ဆယ်ကျော် လက်နက်ချတယ်လို့ သိရတယ်။ အဲဒီစစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတာ လနဲ့ချီနေပြီ။ အခု သူတို့ အစာပြတ် ရေပြတ်ပြီး လက်နက်ချကြတာလို့ သိရတယ်။ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းလည်း သတ်ကွင်းထဲမှာ ငုတ်တုတ်မေ့နေတယ်။

စစ်ကောင်စီဘက်က စစ်ဗျူဟာက မြေကျန်ရင်ရပြီ၊ နယ်မြေစိုးမိုးရေးသာ အဓိက။ စစ်နိုင်ရေးသာအဓိက။ 

တော်လှန်ရေးတပ်တွေရဲ့ ဗျူဟာက စစ်အနိုင်တိုက်ရင်း လူထုစည်းရုံးရေး၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး၊ ကျင့်ဝတ်စည်းကမ်း လိုက်နာ ထိန်းသိမ်းရေး၊ ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေး စတဲ့နိုင်ငံရေးရည်မှန်းချက်တွေကိုပါ တပါတည်း ရေးဆွဲ အကောင်အထည်ဖော်နေတာကြောင့် ခုလိုအောင်မြင်နေတာလို့ မိတ်ဆွေတစ်ယောက်က ပြောပါတယ်။ 

နိုင်ငံရေး ရည်မှန်းချက်မရှိဘဲ စစ်အနိုင်တိုက်ရေး လမ်းစဉ်ကို ချမှတ်ပြီး ရေးဆွဲတဲ့ စစ်ဗျူဟာ ဟာ ကျဆုံးမှာ သေချာတယ်။

စစ်အောင်ပွဲတိုင်းဟာ နိုင်ငံရေးအောင်ပွဲ ဖြစ်မှသာ လူထုအတွက် အကျိုးဖြစ်ထွန်းမှာ ဖြစ်ပါတယ်။ ဒါမှ တကယ့်‌အောင်ပွဲစစ်စစ်ပါ။

စစ်သားအတု၊ ဘာသာရေးသမားအတု၊ ကျောင်းသားအတု၊ နိုင်ငံရေးသမားအတု၊ စီးပွားရေးသမားအတုတွေ မင်းမူခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအတုကြီးဟာ ကျနော့်မျက်စိရှေ့မှာပဲ အရှိန်အဟုန်နဲ့ ပြိုကျနေပါပြီ။

အန်ကယ် တူမီး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar