UWSA နဲ့ ထိုင်းနယ်စပ် အငြင်းပွားမှုနဲ့ အဖြေဘယ်လိုရှာမလဲ
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၆ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၂၄
UWSA နဲ့ ထိုင်းနယ်စပ် အငြင်းပွားမှုနဲ့ အဖြေဘယ်လိုရှာမလဲ
ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအဖို့ စစ်မက်မဖြစ်ပွားတဲ့ ပုံမှန်ကာလတွေလို မဟုတ်ဘဲ နေ့စဥ် သတင်းအဖြစ်အပျက်တွေက များပြားလွန်းလှတယ်လို့ ဆိုရမယ့် အနေအထား ဖြစ်ပါတယ်။ စစ်အာဏာရှင်တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ နှိပ်စက်ခံရမှုတွေက နေ့စဥ် ဖြစ်နေကျ အဖြစ်အပျက်တွေသဖွယ် ဖြစ်လာနေပေမယ့်လည်း တဦးတလေ ဖမ်းဆီးခံရတာ၊ နှိပ်စက်သတ်ဖြတ်ခံရတာမျိုး မဟုတ်ဘဲ ဆယ်ဂဏန်းနဲ့ချီ ဖမ်းဆီးခံရတာမျိုး ညှဉ်းဆဲသတ်ဖြတ်ခံရတာမျိုးတွေက သတင်းအဖြစ် ဖော်ပြကြရတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။
တိုက်ပွဲဖြစ်ပွားတာက သတင်းလို့ တထစ်ချ ပြောဖို့ ခက်ခဲလာပြီး ဘယ်လို ဒေသမှာ ဖြစ်ပွားတာလဲ၊ ဘယ်လောက်ကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့ ဖြစ်တာလဲ၊ သက်ရောက်မှု ဘယ်လောက်ကြီးမားလဲ ဆိုတာမျိုး ရှုထောင့်ကနေ သတင်းဖြစ်လား၊ မဖြစ်လား ဆိုတာ အကဲဖြတ်ကြတဲ့ အခြေအနေလည်း ဖြစ်လာပါတယ်။ ကုန်စျေးနှုန်းကြီးမြင့်တာ သတင်းမဟုတ်တော့သလို ယူဆလာကြပါတယ်။ အခွန်အကောက်တွေ ကြီးမြင့်လာတာတွေလည်း ဖြစ်နေကျ အဖြစ်အပျက်သဖွယ် ယူဆလာကြတာ ဖြစ်ပါတယ်။ အလားတူ စခန်းတွေ သိမ်းယူတာ၊ လက်နက်ချတာ၊ ရန်သူ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတာတွေလည်း ပုံမှန်ဖြစ်နေကျ အဖြစ်အပျက်တွေဖြစ်လို့ ဘယ်လောက်ရာထူးကြီးတဲ့သူကို ဖမ်းမိတာလဲ၊ အရေအတွက် ဘယ်လောက်ဖမ်းမိတာလဲ ဆိုတဲ့ အချက်တွေပေါ်မှာသာ မူတည်ပြီး သတင်းဖြစ်တယ် မဖြစ်ဘူးဆိုတာ အကဲဖြတ်ကြတဲ့ အနေအထားဖြစ်ပါတယ်။
ခုရက်ပိုင်းအတွင်း သတင်းဖြစ်တဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာနေရာမှာ ထူးခြားတဲ့ သတင်းအကြောင်းအရာ တခုကတော့ ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း ထိုင်းနယ်စပ်က UWSA ရဲ့ တပ်စခန်း ၉ နေရာကို ထိုင်းနိုင်ငံ ရဲ့ ပိုင်နက်ဖြစ်တယ်လို့ ဆိုပြီး ဖယ်ရှားပေးဖို့ ထိုင်းစစ်တပ်ဘက်က ပြောဆိုခဲ့တယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ ပင်မဒေသက ရှမ်းပြည်နယ် အရှေ့ပိုင်း ထက် ရှမ်းအရှေ့မြောက်ပိုင်း ဖြစ်ပြီး အခု အငြင်းပွားစရာ ဖြစ်တဲ့ဒေသက ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း ထိုင်းနိုင်ငံ မဲဟောင်ဆောင်းခရိုင်နဲ့ ထိစပ်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။ UWSA အခြေစိုက်ရာ ပန်ခန်းနဲ့ အခု အငြင်းပွားမှု ဖြစ်တဲ့ ဒေသအကြား ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်မြေတွေ ကြားခံတည်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဝ အဖွဲ့အနေနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ ဟွေအော်နဲ့ ပုံပါကျင် ဒေသအတွင်းက မြို့နယ်တွေကိုလည်း ဝ တောင်ပိုင်း စစ်ဒေသ အမှတ် ၁၇၁ အဖြစ် သတ်မှတ်ထားပြီး အခု ထိုင်းနိုင်ငံ မဲဟောင်ဆောင်းခရိုင်နဲ့ ထိစပ်နေတဲ့ ဒေသတွေက မိုင်းတုံ၊ မိုင်းဆတ် မြို့နယ်အတွင်းက စခန်းတွေလို့ သတင်းတွေမှာ ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။
ဒီနယ်မြေတွေကို ယခင်က မူးယစ်ဘုရင် ခွန်ဆာရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ မုံထိုင်း တပ်မတော် ထိန်းချုပ်ခဲ့တဲ့ ဒေသတွေဖြစ်ပြီး စစ်အစိုးရလက်ထက်မှာ ဝ တပ်တွေက စစ်အစိုးရဘက်က မုံထိုင်းတပ်မတော်ကို တိုက်ခိုက်ပေးခဲ့တာကြောင့် တိုက်ပွဲပြီးတဲ့အခါမှာ စစ်အစိုးရက ဝ တပ်ဖွဲ့တွေကို နေရာချထားပေးခဲ့တဲ့ သမိုင်းကြောင်းရှိပါတယ်။
ထိုင်းစစ်တပ်ဘက်က စခန်း ၉ ခုကို ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံးထား ဖယ်ရှားပေးဖို့ တောင်းဆိုထားပြီး ဝ တပ်ဖွဲ့ဘက်ကတော့ အခုလို နှစ်နိုင်ငံ ထိစပ်နေတဲ့ နယ်မြေပိုင်ဆိုင်မှု ပြဿနာကို ဝ တပ်ဖွဲ့တခုထည်းနဲ့ ဆုံးဖြတ်ဖို့ ဆိုတာထက် မြန်မာနိုင်ငံတော် အဆင့်မှာ ဖြေရှင်းရမယ့် ပြဿနာတရပ် လို့ ကနဦး မှတ်ချက်ပေးထားတာ ဖြစ်ပါတယ်။ ဝ တပ်ဖွဲ့က ပြောဆိုတဲ့ နိုင်ငံ အဆင့် အဖြေရှာရေး ဆိုတဲ့ အဓိပ္ပါယ်ဟာ လက်ရှိ မြေပြင်မှာ အစိုးရလို့ ယူဆထားတဲ့ စစ်ကောင်စီ အစိုးရကို ဆိုလိုတာလား သို့တည်းမဟုတ် NUG လို ပြည်တွင်းမှာ လွတ်မြောက်နယ်မြေ အချို့ရှိနေပြီ ဖြစ်ပေမယ့် အစိုးရအဖွဲ့အနေနဲ့တော့ ပြည်ပမှာ အခြေစိုက်နေတဲ့ အဝေးရောက် အစိုးရကို ဆိုလိုတာလား ရှင်းရှင်းလင်းလင်း မရှိပါဘူး။
အကယ်၍ စစ်ကောင်စီကို ရည်ညွှန်းတာဆိုခဲ့ရင် ထိုင်းစစ်တပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကြောင့် စစ်ကောင်စီ အဖို့ ပြဿနာကို ဆွေးနွေးပြီး အဖြေရှာကောင်း ရှာနိုင်မယ့် အနေအထားဖြစ်ပါတယ်။ အဲလိုမဟုတ်ပဲ NUG ကို ရည်ညွှန်းပြောဆိုတာ ဆိုခဲ့ရင်တော့ NUG အနေနဲ့ ထိုင်းစစ်တပ်နဲ့ သို့မဟုတ် ထိုင်း အစိုးရနဲ့ ဆက်ဆံရေး လမ်းကြောင်းတွေ ရှိနှင့်ပြီး ဖြစ်သလား အစရှိတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာစေတာ တွေ့ရပါတယ်။
ထိုင်း မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားမှုဖြစ်တာ၊ တင်းမာမှုဖြစ်ခဲ့တာ ဆိုလို့ ၂၀၀၂ ခုနှစ် ဝန်းကျင်က တကြိမ်ရှိခဲ့တာပါ။ မူးယစ်ဆေးဝါး၊ နယ်စပ်ပြဿနာနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ နယ်စပ်မှာ တင်းမာမှုတွေ ဖြစ်ခဲ့တဲ့ သမိုင်းရှိခဲ့ပြီး အဲဒီအချိန်ကလည်း ရှမ်းအရှေ့ ဒေသ တာချီလိတ်တဝိုက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ ထောက်ခံမှုမရတဲ့ မြန်မာစစ်တပ်ကို ထိုင်းစစ်တပ်က အရေးပေး ဆက်ဆံတာရှိခဲ့ပါတယ်။ ဘယ်နိုင်ငံက စစ်တပ်အကြီးအကဲတွေကမှ မြန်မာနိုင်ငံထဲ မလာရောက်ကြတဲ့ အနေအထားမှာ ထိုင်းစစ်တပ်အကြီးအကဲတွေ စစ်ကောင်စီ ခေါင်းဆောင်ရဲ့ ဖိတ်ကြားမှုကြောင့် မြန်မာနိုင်ငံကို လာရောက်ခဲ့ကြတာ တွေ့ရပါတယ်။ ထိုင်းအစိုးရ အဖွဲ့ ၊ ထိုင်းလွှတ်တော် အနေနဲ့ မြန်မာစစ်ကောင်စီ ထောက်ခံအားပေးတဲ့ သူတွေပါရှိသလို မြန်မာ့ ဒီမိုကရေစီ ထွန်းကားရေး
ဒါပေမယ့် အခုအဖြစ်အပျက်မှာတော့ ထိုင်းစစ်တပ်အနေနဲ့ စစ်ကောင်စီကို ဖိအားပေးချင်တာထက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနက် အင်အားအကြီးဆုံး လက်နက် အတောင့်တင်းဆုံးနဲ့ စီးပွားရေး အင်အားလည်း အခိုင်မာဆုံး ဖြစ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ကို ဖိအားပေးချင်တဲ့ သဘောလားလို့ ကောက်ချက်ချစရာ လည်း ရှိနေပါတယ်။
ဝ တပ်ဖွဲ့အနေနဲ့ နယ်မြေ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းအခုံ၊ ကွန်ဖက်ဒရိတ်လို့ အများသတ်မှတ်ခေါ်ဝေါ်ကြတဲ့ ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှု၊ ညွှန်ကြားမှုတွေကနေ လွတ်လပ်တဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့အနေနဲ့ နယ်စပ်အငြင်းပွားမှုကို ဖြေရှင်းနိုင်စွမ်းရှိ/မရှိ အကဲစမ်းတဲ့ လုပ်ရပ်လားဆိုတဲ့ သံသယ လည်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar