ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အပြန် အပြန် အပြန်လားဟေ့
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အပြန် အပြန် အပြန်လားဟေ့
(မိုးမခ) ဒီဇင်ဘာ ၁ ၊ ၂၀၂၄
တရုတ်ကလေး ဝမ်ယိ ရံဖိလိုက်လို့ ဟန်မယ်ရှိသေး၊ ခွေးဘီလူး ခွေးရူးကို ဖမ်းဖို့ ဝရမ်းထုတ်ပတဲ့။ မအလခမျာ ပျော်လို့မဆုံး ပြုံးလို့မဝသေးခင် ကျုံးဖို့ ပြင်ခံရတော့တာကလား။ အင်းလေ ခွေးရူးဆိုမှတော့ လူထဲထားလို့ ဘယ်ဖြစ်ပါ့မလဲ။ လူစိတ် ရှိသူတိုင်း ခွေးရူးရှင်းကြရသည်ပေါ့။ အင်း မအလက ဝရမ်းပြေးဘဝ ရောက်တာတောင် ဘယ်ပြေးရမယ်မှန်း မသိတဲ့ နိုင်ငံတကာရာဇဝတ်သား ခွေးဝဲစား။ ရိုဟင်ဂျာ အမျိုးသမီး ထောင်ချီ မုဒိမ်းကျင့်၊ လူသောင်းချီ သတ်၊ လူသိန်းချီ ထွက်ပြေး မျိုးနွယ်ကြီးလိုက် ဒုက္ခဘေးကြီး အပုံလိုက် ဆိုက်အောင် လုပ်ခဲ့တဲ့ အမှုတွေအတွက် ကမ္ဘာ့ကြိုးစင်တက်ဖို့ ဝရမ်းထုတ်ခံရတဲ့ မြန်မာ့စစ်တပ် ဗိုလ်ချုပ်မှူးကြီး ဆိုတဲ့ မဟာသတ်ဓားပြဘွဲ့ထူးကြီးနဲ့။ ဒါက အာဏာမသိမ်းခင်က လုပ်ခဲ့တဲ့ပြစ်မှုတွေ။ အာဏာသိမ်းပြီးနောက် တပြည်လုံးပတ်သတ်၊ မုဒိမ်းကျင့်၊ မီးတိုက်၊ ထောင်သွင်းနှိပ်စက်၊ အကောင်း ဘာမှမကျန်အောင် ဖျက်ထားတဲ့ ပြစ်မှုတွေကလည်း ဘယ်ကြိုးစင် ဝင်ရမှန်းမသိအောင် များလွန်းသူ။
ရှေ့လျှောက် ယူနန်လောက်တောင် နောက်ဖေးပေါက်ကနေ ထွက်ရဖို့ မသေချာတော့။ ဘယ်သူကမှလဲ ခွေးဝဲစားနဲ့ လက်ဆွဲနှုတ်ဆက်ချင်မယ် မဟုတ်။ ရိုးရိုးခွေးဝဲစား မဟုတ်၊ ခွေးမြီးတို။ ရိုးရိုးခွေးမြီးတိုမဟုတ်၊ နှုတ်သီးမဲ။ နှုတ်သီးထဲမှာလဲ သခင့်သွေးအရွဲသားနဲ့ ခွေးဝဲစားမျိုး။ ပြည်တွင်းကလည်း ကိုယ့်လက်နဲ့ ကိုယ်ဗျင်းဖို့၊ တပ်တွင်းကလည်း ချောင်ရင်ဖျောင်ဖို့၊ ဟော ခုပြည်ပကပါ လာရင်နွှာဖို့။ ဒွန္နယာတခုလုံး ခွေးရေစုတ် မီးဖုတ်မယ့်သူ အပြည့်။ ဖျင်ကနေ ပါးစပ် တံကျင်လျှို သံပူကပ်မယ့်သူတွေချည်း။
တရုတ်ကလေးကတော့ ယူအန်ထိ ဗီတိုသုံး ကာကွယ်ပေးမယ်ပေါ့လေ။ ဒါဆို ဒီကောင် ထိုးအပ်မယ့်ဟာ နောက်တခု ဘာဖြစ်မလဲ။ သူ့အသက်နဲ့ သူ့မိသားစုကာကွယ်ရေးပေါက်ဈေးက ကြီးကြီးလာပြီပေါ့။ အိမ်နီးချင်းတွေက နိုင်ငံပိုင်မြေတွေ အပေါင်ခံဖို့ စောင့်နေကြပြီ။ ဒီကောင် အိမ်တိုင်ဖျက်ရမယ့်အခြေ ဆိုက်လာတာ လူတိုင်း သိနေတာဘဲလေ။ ဟော ခု ထိုင်း။ ဘာနဲ့ အလဲအထပ်လုပ်မလဲ။ ဒေတာနဲ့ မြေယာ လဲမလား၊ ဒီကောင်ကတော့ လဲမှာ။ သူက နွားပျောက်ကြီးတရှဉ်းလက်ဖွဲ့တဲ့အဆင့်ဆိုတော့ ပေးမှာဘဲ၊ သူ့ဟာမှ မဟုတ်တာကိုး။ ဝနဲ့ ရှမ်းတော့ နှပ်ချခံရအုံးမယ်။
ဒူးဝါးရဲ့ ထူးခြားတဲ့ပြောကြားချက်ကတော့ ဝန်ကြီး ဝန်ကလေးတွေ အိမ်ပြန်လာခဲ့တော့တဲ့။ စစ်ခွေးမြေခ ဒေသတွေမှာ ခြေချကြတော့ ဆိုတဲ့သဘော။ မြေပြင်မှာ ခြေတင်၊ ဝေဟင်ကပြောတာရပ်၊ မြေပြင်ကိုပတ်၊ မြေပြင်မှာ ထင်ဟပ်လာတာတွေ ခံစား၊ လေတရားနား မြေစကားပြောချိန်ရောက်ပြီပေါ့လေ။ တရုတ်ကို မင်းအောင်လှိုင်က အသက်အပေါင်ကြေး တိုင်းပြည်လိုက် ထိုးပေးမယ့်အဆင်ကိုလည်း မြင်နေရပြီ မဟုတ်လား။ အစိုးရတရပ်အနေနဲ့ မားမားမတ်မတ် စကားပြောချိန်လည်း ရောက်ပြီ။ တိုင်းပြည့်အာဏာ တစက်မှ အထိမခံပါဆိုတဲ့ တပ်ကြီးကိုလည်း နားဖောက်ရတော့မယ်လေ။
ပျံသာ ပျံခဲ့တော့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar