Breaking News

ICC လုပ်ဆောင်ချက်နဲ့ မြန်မာလူထုရဲ့ မျှော်လင့်ချက်

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁ မြင်ကွင်း

မိုးမခ၊ ဒီဇင်ဘာ ၂၊  ၂၀၂၄


ICC လုပ်ဆောင်ချက်နဲ့ မြန်မာလူထုရဲ့ မျှော်လင့်ချက် 

နိုဝင်ဘာလ နောက်ဆုံးပတ်ထဲမှာ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC မှာ မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရန်းထုတ်ဖို့ ၄င်းအဖွဲ့ရဲ့ အမှုလိုက်ရှေ့နေချုပ်က လျှောက်ထားလိုက်တယ် ဆိုတဲ့ သတင်းထွက်ပေါ်လာပြီး မြန်မာသတင်းမီဒီယာတွေမှာ အဲဒီသတင်းကို ကျယ်ကျယ်ပြန့်ပြန့်ဖေါ်ပြနေကြပြီး အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်ကို ဖမ်းဆီးကာ နိုင်ငံတကာ ရာဇဝတ်တရားရုံးဆီ လွှဲအပ်နိုင်တော့မလား ဆိုတဲ့ ယူဆချက်တွေ လူထုကြားထဲ ဖြစ်ပေါ်နေတာလည်း ကြားသိနေကြရပါတယ်။ သတင်းမီဒီယာ ဖေါ်ပြချက်တွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ အစရှိတဲ့ နိုင်ငံရေးနဲ့ စစ်ရေးအဖွဲ့အစည်းတွေကိုပါ သတင်းမီဒီယာတွေက ထင်မြင်ချက်တွေ မေးမြန်းပြီး နောက်ဆက်တွဲ ဂယက်၊ ဖြစ်နိုင်ခြေ အစရှိတဲ့ သတင်းတွေ ဖော်ပြလာကြပါတယ်။ 

ICC ရဲ့ အမှုလိုက်ရှေ့နေချုပ်က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရန်း ထုတ်ပေးဖို့ လျှောက်ထား ရတဲ့ အကြောင်းအရင်းက စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပျက်နေတဲ့ အာဏသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေနဲ့ မသက်ဆိုင်ဘဲ ၂၀၁၇ ခုနှစ် သြဂုတ်လ နဲ့ စက်တင်ဘာလတွေအတွင်း မြန်မာစစ်တပ်က ရိုဟင်ဂျာ လူမျိုးအရပ်သားတွေ အများအပြားသတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ ပမာဏ စုံစမ်းမေးမြန်းမှု၊ အချက်အလက်အတည်ပြုမှုတွေ လုပ်ဆောင်ပြီးနောက် တရားရုံးအနေနဲ့ ဖမ်းဝရန်းထုတ်ပေးဖို့ လျှောက်ထားလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ဒေသတွေ ဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စတဲ့ ဒေသတွေက ရိုဟင်ဂျာကျေးရွာတွေကို မြန်မာစစ်တပ်က အာဆာ လက်နက်ကိုင်တွေ ခိုအောင်းနေတယ်ဆိုတဲ့ သံသယ စွပ်စွဲချက်နဲ့ ဝင်ရောက်ရှင်းလင်း ခဲ့ရာမှာ  အမျိုးသမီး၊ အသက်အရွယ်ကြီးရင့်သူနဲ့ ကလေး သူငယ်အပါအဝင် ရိုဟင်ဂျာထောင်နဲ့ချီ သတ်ဖြတ်ခံခဲ့ရတယ် ဆိုတဲ့ စွပ်စွဲချက် ပေါ်ထွက်ခဲ့ပြီးနောက် အခုလို ICC တရားရုံးမှာ ဖမ်းဝရန်းထုတ်ပေးဖို့ လျှောက်ထားမှုရှိလာတာ ဖြစ်ပါတယ်။ သို့သော် အဖြစ်အပျက်ဖြစ်ပွားပြီး ၇ နှစ်ကျော် ရှိတဲ့အခုလိုကာလမှ ဘာကြောင့် ဒီအမိန့်ထုတ်ဖို့ လျှောက်ထားရတာလဲ ဆိုတဲ့ မေးခွန်းလည်း ရှိပေမယ့် အဖြေတော့ မတွေ့ရသေးပါဘူး။ 

နိုင်ငံတကာ ခုံရုံးတွေရဲ့ သဘောသဘာဝ ဖြစ်တဲ့ အချက်အလက် စုဆောင်းတာ၊ ကြားနာတာနဲ့ ဆုံးဖြတ်တာတွေမှာ အချိန်ယူလေ့ရှိတာ နားလည်သော်လည်း ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်တွေ နောက်မှ ဖြစ်ပွားတဲ့ ယူကရိန်းကိုရုရှားစစ်တပ်ရဲ့ ကျူးကျော်မှုအတွင်း ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ အတွက် ရုရှားသမ္မတ ပူတင်ကို ဖမ်းဝရန်းထုတ်တာကို ၂၀၂၃ ခုနှစ်မတ်လမှာ ကတည်းက လုပ်ဆောင်နိုင်ခဲ့သလို ယမန်နှစ်ကုန်ပိုင်းက စတင်တဲ့ ပါလစ္စတိုင်းဒေသ ဂါဇာမှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ အတွက် အစ္စရေးလ် ဝန်ကြီးချုပ်နဲ့ အဲဒီကာလတွေမှာ ကာကွယ်ရေးဝန်ကြီး အဖြစ်တာဝန်ယူခဲ့သူ ယော့ဂဲလင့်တို့ကို ဖမ်းဝရန်း ထုတ်ပြန်မှုကို မကြာခင် သီတင်းပတ်တွေက ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေနဲ့ နှိုင်းယှဥ်ကြည့်ရင် မြန်မာနိုင်ငံက အဖြစ်အပျက်တွေက ကမ္ဘာ့အရေးမှာ အာရုံစိုက်အခံရဆုံး ယူကရိန်း၊ ဂါဇာတို့လောက် စိတ်ဝင်စားမှုမရှိတာကြောင့် ကြာမြင့်နေခဲ့တဲ့ သဘောလားလို့ ကောက်ချက်ချနိုင်ပါတယ်။ 

ICC တရားရုံးရဲ့ သြဇာ၊ လုပ်ပိုင်ခွင့်တို့နဲ့ ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ ရုရှား စတဲ့နိုင်ငံတွေက စာချုပ်လည်း လက်မှတ်ထိုးမထားကြသလို ICC ရဲ့ သြဇာ၊ လုပ်ပိုင်ခွင့် အပေါ်မှာလည်း ဝေဖန်တာ၊ ရှုတ်ချတာတွေ ရှိနေကြတာ တွေ့ရပါတယ်။ အမေရိကန် ပြည်ထောင်စုက ဆိုရင် ICC တရားရုံးက တရားသူကြီးနဲ့  အမှုလိုက်ရှေ့နေတွေကို အမေရိကန် ပြည်ထောင်စုဝင်ခွင့် ဗီဇာပိတ်ဖို့ ၊ ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ အထိ စဥ်းစားနေတဲ့ အနေအထားဖြစ်ပြီး ICC ကို အနောက်ဥရောပ နိုင်ငံအချို့ကသာ စာချုပ်လက်မှတ်ရေးထိုးထားသလို ရပ်တည်ချက်အရလည်း ထောက်ခံကြတာ ဖြစ်ပါတယ်။ 

ICC ရဲ့ အနေအထားက ကမ္ဘာမှာ ဘယ်လောက် သြဇာရှိပြီး ICC က ထုတ်တဲ့ ဖမ်းဝရန်းတွေကို ဘယ်သူတွေ လိုက်နာကြသလဲ၊ စစ်ရာဇဝတ်မှု၊ လူသားအပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေ အတွက် ကျူးလွန်သူတွေကို  ဘယ်လောက်ထိ လက်တွေ့မှာ ဖမ်းဆီး အပြစ်ပေးနိုင်သလဲ ဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ICC နဲ့ ပတ်သက်တဲ့ ရောမစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိတာကြောင့် ရော၊ လက်ရှိစစ်ကောင်စီ နဲ့ ဆက်ဆံနေတဲ့ နိုင်ငံတွေလည်း ICC စာချုပ်ကို လက်မှတ် ထိုးမထား ခြင်းကြောင့် စီရင်ခွင့်၊ ဖမ်းဆီးပို့ဆောင်နိုင်မှုတို့အပေါ် မေးခွန်းတွေလည်း ပေါ်ထွက်လာနေတဲ့ သဘောဖြစ်ပါတယ်။ 

အကယ်၍ ICC က စစ်ကောင်စီ ခေါင်းဆောင်ကို ဖမ်းဝရန်းထုတ်ခဲ့တယ်ဆိုသည့်တိုင် မင်းအောင်လှိုင်အနေနဲ့ ICC စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေကို မသွားမချင်း ဖမ်းဆီးခံရနိုင်ခြေ မရှိတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ပြည်တွင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ NUG တို့လိုမျိုး အဖွဲ့အစည်းတွေက မင်းအောင်လှိုင်ကို ဖမ်းဆီး ရုံးတင်နိုင်ရေးဆိုတာထက် အခြားအရေးကြီးတဲ့ ရည်မှန်းချက်တွေ ရှိနေတယ်လို့ ဆိုရင်မှားမယ် မထင်ပါဘူး။ 

ဒီလို အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာသတင်းမီဒီယာတွေ အနေနဲ့ မြန်မာသတင်း ပရိသတ်ကို လက်တွေ့ကျတဲ့ ရှုထောင့်၊ ဖြစ်နိုင်ခြေရှိတဲ့ ချဥ်းကပ်မှုတွေကနေ ရေးသားတင်ပြကြဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။ တော်လှန်ရေးမှာ စိတ်ဓာတ်တက်ကြွဖို့ လိုအပ်တာ မှန်သော်လည်း လက်တွေ့ ဖြစ်လာဖို့ အလားအလာ နည်းပါးတဲ့ ဖြစ်နိုင်ခြေ၊ မျှော်လင့်ချက်တွေနဲ့ ပရိသတ်ကို ဆွဲဆောင်ခြင်းထက် ရေရှည်ခံနိုင်ရည် ရှိဖို့ ဇွဲရှိဖို့ အတွက်လည်း ပကတိ အခြေအနေတွေနဲ့ မကင်းကွာတဲ့ မျှော်လင့်ချက်လိုမျိုးက ပိုပြီးအကျိုးရှိစေမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar