Breaking News

နောက်ပြန်မလှည့်ကြေး နွေဦးတော်လှန်ရေး လို့ ဆိုနိုင်ပြီလား

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၂ မြင်ကွင်း

မိုးမခ၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၄


နောက်ပြန်မလှည့်ကြေး နွေဦးတော်လှန်ရေး လို့ ဆိုနိုင်ပြီလား

ဆီးရီးယားစစ်အာဏာရှင် ပြိုလဲသွားတဲ့ နောက် ရက်ပိုင်းအတွင်းမှာပဲ နယ်စပ်ဒေသအသီးသီးက ဆီးရီးယားပြည်သူတွေ၊ စစ်ဘေးဒုက္ခသည်တွေဟာ သူတို့အိမ်ကိုသူတို့ ပြန်လာကြတယ်။ တခဲနက်သော ပြည်သူတွေ၏ အိမ်ပြန်လမ်းဟာ စိတ်ဓာတ်ရေးရာမှာ ကြီးကျယ်ခမ်းနားနေပေလိမ့်မယ် ဆိုချင်ဆိုနိုင်သော်လည်း လက်တွေ့မြင်ကွင်းမှာတော့ သွေးနဲ့ မျက်ရည်တွေ ခင်းပြီး စွန့်ခွာခဲ့ရတဲ့ အိမ်ကို သွေးနဲ့ မျက်ရည်တွေ ခင်းပြီးတော့ပဲ အိမ်ပြန်ခရီး လှမ်းခဲ့ကြရတာ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေကို ရောက်ရှိနေကြတဲ့ ဆီးရီးယားပြည်သူတွေ၊ အဝေးရောက် နိုင်ငံရေးသမားတွေ၊ အရပ်ဘက်လှုပ်ရှားသူတွေလည်း မီရာလေယျာဉ်နဲ့ အိမ်ပြန်ကြတာကို သတင်းဌာနတွေက ရိုက်ပြကြပါတယ်။  သူတို့တွေ၏ သားသမီး ခင်ပွန်း မယား ညီအကို မောင်နှမ ညီအမ တူ၀ရီး ဦးလေး ဒေါ်လေးတွေ၊  လူပေါင်း သိန်းချီပြီးတော့ စစ်ပွဲမှာ သေဆုံးကြ၊ ဖမ်းဆီးခံကြရတာအပြင် အာဏာရှင်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်စွာ အကျဉ်းထောင်တွေ ချွေးတပ်စခန်းတွေမှာ နှိပ်စက် ညှင်းပန်း သတ်ဖြတ်ခြင်းကို ခံစားခဲ့ကြရကြောင်း၊ သတင်းအစအနပျောက်နေတဲ့ မိသားစုဝင်တွေကို  ယခု ပြိုလဲသွားပြီဖြစ်တဲ့ အကျဉ်းစခန်းတွေ ချွေးတပ်စခန်း စစ်ကြောရေးစခန်းတွေ မြေအောက်ခန်းတွေမှာ တခန်းဝင် တခန်းထွက် ဆီးရီးယားပြည်သူတွေက လိုက်လံ ရှာဖွေနေကြပါတယ်။ ပြန်တွေ့တဲ့ မိသားစုဝင်တွေဟာ ဝမ်းသာ ဝမ်းနည်း ထွေးပွေ့ကြ ငိုကြွေးကြ မြည်တမ်းကြပါတယ်။ 

မိခင်တဦးက သူ့သားလေး ၁၇ နှစ်သားမှာ အာဆတ်တို့ စစ်ခွေးတွေက ဖမ်းဆီးသွားတဲ့အကြောင်း၊ ၇ နှစ်ကြာသည်အထိ သတင်းမရတော့ကြောင်း။ သူ့သားလေးနဲ့ သူ့အနာဂတ်တို့ ပျောက်ဆုံးခဲ့ပြီ ဖြစ်ကြောင်း ပြိုလဲသွားတဲ့ စစ်ထောင်ထဲမှာ သူ့သားအမည်ကို တကြော်ကြော် ခေါ်ရင်း သတင်းထောက်ကို ရင်ဖွင့်ပါတယ်။ တချို့ လူငယ်တွေကို အာဆတ်တို့ စစ်အာဏာရှင်ပကွက်သားတွေက နေ့စဉ် အမဲဖျက်သလို ထောင်ထဲမှာ လူ့ဂုဏ်သိက္ခာမဲ့အောင် စော်ကားနင်းချေပြီးမှ အကြမ်းဖက် သတ်ဖြတ်ကြပါတယ်။ ထောင်ထဲမှာ လူပြည့်လာရင် လူတွေကို သတ်ပြီး ဖြေရှင်းပါတယ်။ လူငယ်လူကြီးတွေကို ချိုးဖဲ့ နင်းချေပြီးနောက် သူတို့၏ အဓမ္မစစ်သားတွေအဖြစ် ခေါ်ဆောင်သွားကြပါတယ်။ အဲသည် မပြန်လမ်းကို သွားကြရတဲ့ ဆီးရီးယားပြည်သူတွေကတော့ အခု အိမ်ပြန်လမ်းကို မမြင်နိုင်ကြတော့ပါဘူး။

သတင်းတွေက ဆီးရီးယားတိုင်းပြည်ကြီးဟာ ပြန်လည် ငြိမ်းချမ်းဖို့ တစုတစည်းတည်း ရှိဖို့ ပြန်လည် ထွန်းကားဖို့ ပြန်လည် ပေါင်းစည်းသင့်မြတ်ဖို့ အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတယ်လို့ ဟောချက်တွေ ထုတ်ကြပါတယ်။ ခန့်မှန်းချက်တွေ ပေးကြပါတယ်။ ပြည်ပနိုင်ငံတွေ၏ စွက်ဖက်မှု ဩဇာပေးမှုတွေအောက်မှာ ရုန်းကန်မှုတွေ တိုက်ပွဲတွေ ဆက်ဖြစ်လိမ့်မယ်လို့ ဆိုကြပါတယ်။ သို့သော် ဆီးရီးယားပြည်သူတွေမှာ ပြန်စရာ အိမ်ဆိုလို့ ပြန်စရာ နိုင်ငံဆိုလို့ သူတို့အိမ်၊ သူတို့ နိုင်ငံဟာ ဆီးရီးယားနိုင်ငံတော်ပဲ ဖြစ်ပါတယ်။ အပြင်ကလူတွေ ဘာတွေ ပြောပြော ဘာတွေလုပ်လုပ်၊ ပြည်သူတွေကတော့ သူတို့ မှိခိုလဲလျောင်း ကျင်လည် ကျက်စား ပိုင်ဆိုင်ရာ သူတို့ အိမ် သူတို့တိုင်းပြည်ကိုသာ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ဖို့ အိမ်ပြန်ကြရတာ ဖြစ်ပါတယ်။ အခု ဆီးရီးယားတွေ အိမ်ပြန်ကြပါပြီ။

ကျနော်တို့ မြန်မာပြည်သူတွေလည်း ဆီးရီးယားပြည်သူတွေလိုပဲ နေရပ်တွေ ရပ်ရွာတွေ အိုးအိမ်တွေကို ယခု ၄ နှစ်အတွင်းမှာ စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ ဆီးရီးယားပြည်သူတွေ၏ အာဏာရှင်လက်အောက်က ဆယ်စုနှစ်ပေါင်းများစွာမှာ အသက်သွေးချွေး မျက်ရည်တွေ လမ်းခင်းပြီး ရုန်းကန် တိုက်ပွဲဝင်ကြရ၊ မိမိနေရပ်တွေ ဆုံးရှုံးခဲ့ကြရသလိုမျိုး မြန်မာပြည်သူတွေလည်း နှစ် ၇၀ ကြာ ပြည်တွင်းစစ်အောက်မှာ မျိုးဆက်တွေနဲ့ ချီပြီး ခံစားခဲ့ကြရပါတယ်။ မပြန်လမ်းကို သွားခဲ့ကြပြီဖြစ်တဲ့ အညတရတွေ သူရဲကောင်းတွေ ပြည်သူတွေ ထောင် သောင်း သိန်း ရှိခဲ့ပြီ ဖြစ်ပါတယ်။ 

သို့သော် စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့ တွန်းကန် တိုက်ပွဲဝင်ရတဲ့ တော်လှန်ရေးဟာ နောက်ဆုတ်ရတဲ့ အညံ့ခံရတဲ့ အာဏာရှင်ခြေဖဝါးအောက် ဝပ်တွားရတဲ့ အရှုံးပေးရတဲ့ တော်လှန်ရေးမျိုး ဘယ်တော့မှ မဟုတ်ခဲ့ဘူးဆိုတာ အခု ၂၀၂၄ နှစ်မကုန်ခင် အာဏာရှင်နိုင်ငံတခု ကျဆုံးခန်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရပြီမို့ ထင်ရှားတဲ့ သမိုင်းသက်သေ ပြလိုက်ပါပြီ။

နောက်ပြန်မလှည့်ကြေး နွေဦးတော်လှန်ရေးလို့ မြန်မာပြည်သူတွေ ကြွေးကြော်ခဲ့ကြပြီး ဖြစ်ပါတယ်။ အသက်သွေးချွေး စည်းစိမ်ဥစ္စာ နေအိမ် မိသားစုတွေ များစွာ ရင်းနှီး ပေးဆပ်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဘယ်သူမှ လာမကူညီကြ၊ လာမထောက်ပံ့ကြလည်း မြန်မာပြည်သူတွေမှာ ငါတို့မှာ ငါတို့ပဲ ရှိတယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ နောက်ပြန်မလှည့်  ဆက်ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ အာဏာဖီဆန်ရေး သပိတ်မှောက် ကျောင်းသားတွေ ပြည်သူတွေ၊ ရုံးမတက်ဘဲ ရုန်းထွက်တဲ့ CDM သူရဲကောင်းတွေ၊ တူမီးလက်နက်ကနေ မောင်းပြန်လက်နက်တွေ ကိုယ်တိုင်ရယူတည်ဆောက်ပြီး လက်နက်ကိုင်တော်လှန်ရေးကို အကောင်အထည်ဖော်ပြနိုင်ခဲ့ကြတဲ့ ဂျန်ဇီတွေ၊ တိုင်းရင်းသားတွေ၊ အညာသားတွေ၊ ပီဒီအက်ဖ်တွေ၊ ပခုံးပေါ်ကျလာတဲ့ ခေတ်၏ ထမ်းပိုးကို မငြင်းမဆန် မညီးမညူ ထမ်းရွက်ထားကြတဲ့ ဒေသအသီးသီး အလွှာအသီးသီး လူတန်းစားအသီးသီးက နိုင်ငံရေးသမားတွေ အရပ်ဘက်လူပ်ရှားသူတွေ စာနယ်ဇင်းသမား အနုပညာသမားတွေအားလုံးဟာ စစ်အာဏာရှင် အပြီးတိုင် အမြစ်ဖြတ် ချေမှုန်းတိုက်ဖျက်ရေးအတွက် နောက်ပြန်မလှည့်ကြေး နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ အဲသည်လို အချိန်ကာလမှာ ဆယ်စုနှစ် ၁ခု ကျော် အချိန်ယူပြီး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲကြရတဲ့ ဆီးရီးယားပြည်သူတွေ၏ အာရပ်နွေဦး၏ အောင်ပွဲဟာ မြန်မာပြည်သူတွေအတွက် အောင်ပွဲခေါ်သံ အောင်အတိတ် အောင်နိမိတ်လို့သာ ယူလိုက်ဖို့သာ ရှိပါတော့တယ်။

စစ်အာဏာရှင်တွေ၊ စစ်ခွေးတွေ၊ စစ်အာဏာ ပါးကွက်သားတွေ ပြိုလဲတဲ့အခါ ကစဉ့်ကလျား တပြိုင်နက်တည်း တရှိန်ထိုး ချက်ချင်းကို ပြိုလဲကြတယ်ဆိုတာ သမိုင်းမှာ သင်ကြားခဲ့ကြပြီး ဖြစ်ပါတယ်။ မနီးမဝေးကာလက လစ်ဗျားခေါင်းဆောင် ကဒါဖီဟာ ပြည်တွင်းစစ်မှာ တော်လှန်ပြည်သူတွေလက်ချက်နဲ့ လူထုတရားစီရင်ခံခဲ့ရပါတယ်။ ဘယ်တော့မှ မပြိုလဲနိုင်ဘူးလို့ အစိုးရတွေ ပညာရှင်တွေ နိုင်ငံရေးသမားတွေက သုံးသပ်ထားတဲ့ အာဆတ်တို့ စစ်အုပ်စုဟာလည်း နေ့ချင်းညချင်းကို ပြိုလဲကြပါတယ်။ အာဆတ်၏ နောက်ဆုံး ၁၂ ရက်လို့တောင် သတင်းတွေက မှတ်တမ်းပြုကြပါတယ်။ နောက်ကွယ်မှာတော့ နောက်မဆုတ်တမ်း ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေတဲ့ ဆီးရီးယားတော်လှန်ရေးသမားတွေ၏ အိမ်ပြန်လမ်းကို ကမ္ဘာပြည်သူတွေ မျက်ဝါးထင်ထင် မြင်ကြရပါပြီ။

လက်ရှိ မြန်မာပြည်က စစ်ခေါင်းဆောင်တွေ စစ်အုပ်စုတွေ စစ်အာဏာရှင်လူတန်းစားတွေအတွက်ကလည်း သူတို့မျိုးဆက်တွေဟာ မြန်မာပြည်အတွက် မရှိမဖြစ်လိုအပ်နေတဲ့ ကျေးဇူးရှင်လူတန်းစား၊ အခွင့်ထူးခံအမျိုးအစား၊ မြန်မာပြည်အတွက် တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖလို့ ခံယူကြွေးကြော်နေရင်းကနေ သူတို့၏ နောက်ဆုံးနေ့ရက်တွေ ရောက်ဖို့ စောင့်စားနေကြဖို့သာ ရှိပါတော့တယ်။ 

မြန်မာပြည်သူတွေဟာ နေအိမ် ရပ်ရွာကို စွန့်ခွာခဲ့ကြပြီး နွေဦးတော်လှန်ရေးထဲ ခြေစုံပစ် ဝင်ရောက် တိုက်ပွဲဝင်ခဲ့ကြပါပြီ။ နောက်ပြန်မလှည့်ကြေး နွေဦးတော်လှန်ရေးလို့ ယုံကြည်ပေးဆပ်မှုတွေအတွက် ထိုက်သင့်တဲ့ တန်ဖိုးတွေထဲက တခုကတော့ ဆီးရီးယားပြည်သူတွေလို သွေးတွေ ချွေးတွေ မျက်ရည်တွေ ခင်းခဲ့ကြတဲ့ လမ်းမတွေကနေ မိမိတို့အိမ်တွေဆီကို အရောက်ပြန်နိုင်ကြဖို့ပဲ ဖြစ်ပါတော့တယ်။ 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar