ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးရူးခွေးနှမ်းရဲ့ သွေးရူးသွေးတန်း ရက်စွဲများ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးရူးခွေးနှမ်းရဲ့ သွေးရူးသွေးတန်း ရက်စွဲများ
(မိုးမခ) ဒီဇင်ဘာ ၁၂ ၊ ၂၀၂၄
မအလက ဒီရက်ပိုင်း သူ့ပါးစပ်နဲ့မဆန့်တဲ့အလုံးကြီးတွေချည်းငုံငုံပြနေတာ အတော်ခံတွင်းတွေ့နေပုံ။ တကယ့် မတန်နဲ့ မရာတွေ။ ခွေးပါးစပ်က နတ်စကားထွက်တယ်ဆိုပြန်ရင်လဲ ခွေးကိုနှိမ်ရာကျ။ အမှန်က ဒါမျိုးဆိုတာ နောက်ဆုံးအချိန် ရောက်လာပြီဆိုတဲ့လက္ခဏာ၊ သေပန်းပွင့်ချိန်ခါဆိုပါတော့။ သူ ပြောနေတာတွေ ဘယ်လောက် အဆီအငေါ်မတည့်လဲဆို လာဘ်စားတဲ့ကောင် အရေးယူမယ် ဆိုတဲ့စကားသာ ကြည့်။ သူ့တပ်ထဲက ကောင်တွေကကို ငါနဲ့ချည်း ကိုင်ကိုင်တုတ်ကြတော့တာ။ ဒါပေမဲ့ အဲတာက ဒီဘက်နဲ့ လားလားမှမဆိုင်။ သူ ကိုင်ရမယ့်ကောင်တွေကို စစ်ကြောရေးတင်မလို့။ စစ်စရိတ် ရှာမလို့။ ဒါလဲ သူ့သေပန်းပွင့်ခြင်း တမျိုးဘဲလေ။
သူ့ဘာသူတောင် ဘယ်မှ မသွားရဲတာကို ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရှရှားနဲ့ဆွေးနွေးဆိုတဲ့ ဂရိတ်အောင်ကြူကြူကိစ္စမျိုးတွေကလဲ ရှိသေးတာ၊ သူ အဲလိုအာချိန် အနောက်တံခါးမှာ ဗိုလ်မှူးချုပ်တကောင်က ကြိုးကလေးနဲ့ဆွဲကာခေါ်သွားမလားသီချင်းဟစ်နေ။ တိုင်းပြည်ကို တရုတ်လက်ရောင်းစားထားတဲ့ကောင်က နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာနဲ့ တိုင်းပြည်ချစ်စိတ်ဆိုတာတွေအမြုပ်တစီစီနဲ့ရွတ်ဖတ်ပြလို့ပြနဲ့ ခွေးရူးခွေးနှမ်းရဲ့ သွေးရူးသွေးတန်းစကားများပေါ့။ မအေဘေးက သူတော်ကောင်းကြီးလိုလို ရှေ့ထွက်ဖောပြပြီး နောက်ကွယ်မှာတော့ တတိုင်းပြည်လုံးက တွေ့သမျှလူငယ်တွေအကုန်ဝင်ဖမ်း စစ်သင်တန်းတန်းပို့ခိုင်းထားတာ။ မိဘတွေခမျာ သွက်သွက်ခါလို့။ ဒီလိုလုပ်ရပ်တွေကို အောက်ကကောင်တွေ ထင်ရာလျှောက်လုပ်နေတာ၊ သူကတော့ သူတော်ကောင်းပါဆိုတဲ့အချိုးကချိုးသေးတာ။ နှစ်ကျပ်ကွက်နဲ့အရူးပါး။ တိုင်းပြည်ကိုလက်တွေ့ခြောက်လှန့်ပြီး သူတော်ကောင်းစကားတွေ ထွက်ထွက်ပြောပြောပြနေတာမျိုးက အာဏာရှင်တို့ရဲ့ထာဝရစိတ္တဇရုပ်။ အပုန်းဗီဇ။ ငယ်စဉ်က စိတ်စဉ်မမှီခဲ့ရတဲ့သဘာဝ၊ ရုပ်သွင်မကြည်ခဲ့ရတဲ့ငနာကွတွေရဲ့ဖြစ်ပုံ။ အဲလိုဖွတ်တွေ မိချောင်းဖြစ်ရင် အတိုးချရမ်းကားတော့တာ၊ အဆုံးစွန်ထိ မိုက်ပြတော့မှာ။ ငြိမ်းခါနီးမီး ပိုတောက်သလို ပြုတ်ပျောက်ခါနီးရင် ပိုသဘောက်ဆန်တာလေ။ အမှန်တော့ ကြောက်ကန်ကန်တာပေါ့။ AAရှေ့ မခို့တရို့ကြို့ကြို့လေး ပို့စ်ပေးသလို လုပ်နေတဲ့ သူရိန်ထွန်း ဆိုတဲ့ကောင်ဟာ မန်းစစ်ကြောရေးမှာ အစွမ်းကုန် ရက်စက်ခဲ့သလို ရခိုင်နဲ့ မွတ်စလင်ကြား လူမျိုးလိုက်ရန်တိုက်ပေးပြီး သူ့တပ်သားတွေကိုလည်း လက်နက်ချရင်၊ ထွက်ပြေးရင် သတ်ပစ်မယ်ဆိုပြီး ချိန်းခြောက် ရက်စက်လာတဲ့ကောင်ပဲလေ။ ဒါပေမဲ့ သူ့အလှည့်ရောက်တော့ ဘယ်မလဲ သူရဲကောင်းဟန်။ သူရဲဘောကြောင်ဟန်ပဲ ပေါ်လာတော့တာမဟုတ်လား။ အဲဒါ အာဏာရှင်တွေရဲ့ရုပ်အစစ်။ တကယ်တန်း ဘာဇမှမရှိ။ နိုင်ရင် ကျင့်မယ်။ ဆိုင်ရင် လွှင့်မယ်။ ဒါပဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar