မင်းငြိမ်းအေး - အိမ်
အိမ်
မင်းငြိမ်းအေး
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၂၄
ငါဟာ
ရေငွေ့ကုန်သွားတဲ့
မိုးတိမ်တခုပါ။
ငါဟာ
တဘဝလုံး
ကိုယ့်အကျိုးမဆောင်တတ်တဲ့
ကံ့ကော်ပွင့်လေးပါ။
အရွယ်ရလာတဲ့
ကြောင်လျာပင်လေးလို
ခါးသက်သက်နဲ့
ငါက
ဆေးဖက်ဝင်ချင်တယ်။
အဖေ
အမေ
ဒါဟာ
အိမ်လား။
ကျွန်တော်
ပြန်လို့ရပြီလား။
အိမ်ရှိတဲ့သူက
အိမ်ကိုပြန်ချင်တာ
ဆန်းလား။
ငှက်ကလေးတွေလို
မြက်တပင်ချင်းကိုက်
ငါ့အသိုက်ကို
ငါဆောက်ခဲ့။
မိုးနှောင်းနှင်းရက်တွေကြား
သား
အဖေနဲ့အမေကို
လွမ်းတယ်
အိမ်တွေမြင်တိုင်း
ကျွန်တော်ပြန်ရမယ့်နေ့ကို
မြင်ခဲ့တယ်။
ခုချိန်ဆို
ရွှေမန်းဆောင်မှာ
အမေက
စကားပြောကောင်းတဲ့
မသည်းအူ
အဖေက
တက္ကသိုလ်ကျောင်းကငွေလမင်း
ကျွန်တော်ကတော့အိမ်ပေါ့။
ကျွန်တော်ကရေငွေ့ကုန်သွားပေမယ့်
ဆက်ရွာချင်သေးတဲ့
တိမ်တိုက်တခုပါ။
အိမ်တဲ့
ကျွန်တော်
ငွေ့ရည်ဖွဲ့နေပါတယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar