Breaking News

အောင်ဝေး၏ နွေဦးတော်လှန်ရေး ကဗျာ၁၀၀ ပဉ္စမအုပ် - လက်ယက်ကုန်း ဂွာယာနီကာ ထွက်ပြီ



အောင်ဝေး၏ နွေဦးတော်လှန်ရေး ကဗျာ၁၀၀ ပဉ္စမအုပ် - လက်ယက်ကုန်း ဂွာယာနီကာ ထွက်ပြီ

(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅

နွေဦးတော်လှန်ရေးစတင်ကတည်းက ကဗျာဆရာ အောင်ဝေး နွေဦးအတွက်ကဗျာတွေ နေ့စဉ် တစိုက်မတ်မတ်ရေးပါတယ်။ သူ့ ကဗျာ အပုဒ် ၁၀၀ တိုင်းကို စာအုပ် တအုပ် ဖြစ်အောင် ထုတ်ပါတယ်။ မိုးမခကလည်း အောင်ဝေး၏ ကဗျာ ၁၀၀ ကို ကူညီပြီး ထုတ်ဝေ ဖြန့်ချိပါတယ်။ အခု ၅ အုပ် မြောက် ထုတ်ဖြစ်ပါပြီ။ တကယ်တမ်းက ကဗျာက ၁၀၀ မကတော့ ပါဘူး။ မိုးမခဘက်က လစဉ်ထုတ်နိုင်ဖို့ ပျက်ကွက်တာ အားနည်းတာကြောင့်ပါ။ အောင်ဝေးဘက်က မပျက်ကွက်ခဲ့ပါ။

စာအုပ်တန်ဖိုး က အမေရိကန်ဒေါ်လာ ၄၀။ အွန်လိုင်းက မှာရင် စာတိုက်ခ (အမေရိကန်ပြည်တွင်းအတွက်သာ) ၅ ဒေါ်လာ ကျသင့်ပါတယ်။ နွေဦးရန်ပုံငွေဆိုတော့ မိုးမခက မြန်မာပြည်တွင်းက လိုအပ်ချက်ရှိနေတဲ့ စာပေအနုပညာသည်တွေကို အားပေးမှု ပြုပါတယ်။ အများအပြား အကြီးအကျယ် မလုပ်နိုင်ပါ။ ကဗျာ၊ စာပေ၊ သတင်းသမားတွေအတွက် ကျောက်စက်ရေ တစက်မျှသာ ဆောင်ကျဉ်းနိုင်ပါတယ်။ editors@moemaka.net ကို မေးပြီး မှာပါ။

အောင်ဝေး၏ အမှာစာကို အခုလို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ယခုစာအုပ်မျက်နှာဖုံးမှာ ကမ္ဘာကျော် ပန်းချီဆရာကြီးပါဘလိုပီကာဆို၏ "ဂွာယာနီကာ"(၁၉၃၇)*ပန်းချီကားကို ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်ပါသည်။ နွေဦးတော်လှန်ရေးကြီး၏ အလယ် စစ် ကာလထဲတွင်၊ စက်တင်ဘာ ၁၆၊ ၂၀၂၂ နေ့က စစ်ကောင်စီလေတပ်က စစ်ကိုင်း တိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကိုလေကြောင်းမှဗုံး ကြဲတိုက်ခိုက်သဖြင့် ကျောင်းသူကျောင်း သားလူမမည်ကလေး(၆)ဦးအပါဝင် ရွာ သား(၁၃)ယောက်သေဆုံးခဲ့ရပါသည်။ တစ်ပြည်လုံး မခံမရပ်နိုင်ဖြစ်ရသည့်ထိုအိပ်မက်ဆိုးကိုအခြေခံကာ ကျနော်က "လက်ယက်ကုန်းဂွာယာနီကာ"ခေါင်းစဥ် ဖြင့် ကဗျာတစ်ပုဒ်ရေးခဲ့ပါသည်။

"ဂွာယာနီကာ"မှာ စပိန်နိုင်ငံမြောက်ပိုင်း က မြို့လေးတစ်မြို့ဖြစ်ပါသည်။ ၁၉၃၆ စပိန်ပြည်တွင်းစစ်ဖြစ်သည့်အခါ၊ ဖက်ဆစ်အာဏာရှင်ဖရန်စ္စကိုဖရန်ကိုက ထိုမြို့ကလေးကို ဧပြီ ၂၆၊ ၁၉၃၇ နေ့တွင် လေကြောင်းမှနေ၍ဗုံးကြဲချခဲ့ပါသည်။ လူမဆန်လွန်းလှသည့်ထိုအဖြစ်အပျက်ကို ပီကာဆိုက သူ၏ပါရီနေအိမ်တွင်

"ဂွာယာနီကာ"ပန်းချီကားရေးဆွဲ၍ ကမ္ဘာ ကိုတပ်လှန့်ခဲ့ခြင်းဖြစ်သည်။ ထိုကျော်ကြားလှသည့်ပန်းချီကားမှာ မီးခိုး၊ အနက်၊ အဖြူ သုံးရောင်ဖြင့်ရေးဆွဲထားသော ၁၁ ပေ ၆ လက်မ x ၂၅ ပေ ၈ လက်မအရွယ်အစားရှိ ဆီဆေးပန်းချီ ကားဖြစ်ပါသည်။

"ဂွာယာနီကာ"သည် ပီကာဆို၏"ချိုးဖြူငှက်"ပန်းချီကားကဲ့သို့ပင် စစ်နှင့်ငြိမ်းချမ်းရေးသင်္ကေတတစ်ခု၊ နမိတ်ပုံ တစ်ခုဖြစ်လာခဲ့ပါသည်။ ထိုသင်္ကေတ၊ ထိုနိမိတ်ပုံကိုယူ၍ ကျနော် က "လက်ယက်ကုန်းဂွာယာနီကာ"ဟု တင်စားလိုက်ခြင်းဖြစ်ပါသည်။

စိတ်နာကျင်ကြေကွဲဖွယ်ဖြစ်ရပ်များသည် လွယ်လွယ်နှင့်ရပ်တန့်မသွားတတ်ကြပါ။ နွေဦးတော်လှန်ရေးကြီးထဲတွင် နောက်ထပ်သော ဂွာယာနီကာတွေ ကျနော်တို့ကြုံလာရပြန်သည်။ စစ်ကောင်စီလေတပ်က အောက်တိုဘာ ၂၃၊ ၂၀၂၂ တွင် ကချင်ပြည်နယ်၊ ဖား ကန့်မြို့နယ်၊ အနန်ပါရွာကို ဗုံးကြဲတိုက် ခိုက်သဖြင့် ပြည်သူ(၆၀)ကျော်အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးခဲ့ရပါသည်။ ဧပြီ ၁၁၊ ၂၀၂၃ နေ့တွင် စစ်ကောင်စီတပ် ကလေကြောင်းမှနေ၍ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကိုဗုံးကြဲ တိုက်ခိုက်သဖြင့် ပြည်သူပေါင်း(၁၇၀) ကျော်အသက်ဆုံးရှုံးခဲ့ရပြန်ပါသည်။ လက်ယက်ကုန်းသည်လည်းကောင်း၊ အနန်ပါသည်လည်းကောင်း၊ ပဇီကြီးသည်လည်းကောင်း ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေပါ။

ယခုစာအုပ်ထဲကကဗျာများမှာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ(၁၀)ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်အတွင်းရေးသားခဲ့သောကဗျာများဖြစ်ပါသည်။ ယခု ဤစာကိုရေးသည့်အချိန်အထိ ကျနော် ရေးသားပြီးစီးခဲ့သော နွေဦးတော်လှန်ရေးကဗျာစုစုပေါင်းမှာ ပုဒ်ရေ(၉၄၅)ပုဒ် ရှိပြီဖြစ်ပါသည်။ အရေးတော်ပုံ မုချအောင်ရမည်။ ။ အောင်ဝေး (ဧပြီ ၆၊ ၂၀၂၄)
* Pablo Picasso, Guernica 1937

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar