နယ်မြေသိမ်းတိုက်ပွဲတွေနဲ့ တနိုင်ငံလုံး အနေအထား
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၃ မြင်ကွင်း
မိုးမခ၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅
နယ်မြေသိမ်းတိုက်ပွဲတွေနဲ့ တနိုင်ငံလုံး အနေအထား
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးရည်မှန်းချက်နဲ့ လက်နက်ကိုင်တိုက်ခိုက်အနိုင်ယူမယ်ဆိုတဲ့ လက်နက်ကိုင်တော်လှန်ရေးကို ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ သပိတ်အင်အားစုတွေနဲ့ အချို့သော NLD လွှတ်တော်ကိုယ်စားလှယ်၊ ပါတီခေါင်းဆောင်တွေက ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အထွေထွေသပိတ်ကော်မတီ၊ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ထိုမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စသဖြင့် ပြည်မနိုင်ငံရေးဘက်က ပုံသဏ္ဍာန်က အထက်ကရေးပြသလို တဆင့်ချင်း ပုံပေါ်လာပြီး တိုင်း ရင်းသားနယ်မြေအသီးသီးမှာလည်း နဂိုရှိနှင့်ပြီး ဆယ်စုနှစ်ချီသက်တမ်းရှိတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေမှာ တပ်ဖွဲ့ဝင်အင်အားပိုမိုစုဆောင်းရရှိလာသလို အချို့သောနယ်မြေတွေမှာ အသစ်သောတိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီလိုပေါ်ထွက်လာတဲ့ တိုင်းရင်းသား နယ် မြေတွေကတော့ ကရင်နီ/ကယားပြည်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် နဲ့ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုးမဟုတ်တဲ့ အခြားလူမျိုးစုတွေရဲ့ လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတာ ၄ နှစ်၊ လက်နက်ကိုင်လမ်းကြောင်းကို ရွေးချယ်ဖွဲ့စည်းကြတာ ၄ နှစ်လျော့လျော့ ကာလမှာ လက်နက်ကိုင်လမ်းကြောင်းရဲ့ နိုင်ငံရေးအရ စစ်ရေးအရ အောင်မြင်မှုကိုနောက်ပြန်ကြည့်ပြီး အကဲဖြတ်ကြည့်ကြဖို့လည်း လိုအပ်မယ်လို့ထင်မြင်မိပါတယ်။ အန်အယ်လ်ဒီ အာဏာရှိစဥ်ကာလ ၂၀၂၀ ခုနှစ် ရွေး ကောက်ပွဲ အောင်နိုင်ပြီးခါစမှာ စိတ်ကူးခဲ့တဲ့အမည်ဖြစ်တဲ့ “အမျိုးသားညီညွတ်ရေး အစိုးရ” အနေနဲ့ ရည်မှန်း ချက်ဘယ်လောက်အောင်မြင်ပြီလို့ မှတ်ယူပါသလဲ။ ယေဘုယျအားဖြင့်တော့ အောင်ပွဲကနီးနေပြီ၊ အပြောင်း အလဲဖြစ်မယ့်နှစ် စသဖြင့်ဆိုပေမယ့် တိတိပပဘယ်လောက်ခရီးရောက်နေပြီလဲ၊ ဘာတွေက အခက် အခဲတွေရင်ဆိုင်နေရဆဲဖြစ်သလဲ၊ နောက်မဝေးတဲ့အနာဂတ်မှာ ဘယ်လိုအောင်ပွဲ သို့မဟုတ် စိမ်ခေါ်မှုနဲ့ အခက် အခဲနဲ့ ရင်ဆိုင်ရနိုင်သလဲဆိုတဲ့မေးခွန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရကို မေးမြန်းကြည့်ချင်တာ ဖြစ်ပါတယ်။
NUG အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံထူထောင်ဖို့ရည်မှန်းထားတာ ဖြစ်ပေမယ့် အင်အားကြီး မားတဲ့အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဖက်ဒရယ်ပြည်ထောင်စုထက် ပိုပြီးလုပ်ပိုင်ခွင့် အာဏာခွဲဝေရရှိမယ့် ကွန်ဖက်ဒရိတ်နိုင်ငံအဆင့်ကိုရည်မှန်းကြတာလည်းဖြစ်ပါတယ်။ဥပမာအားဖြင့် ဆိုရရင် နကိုကတည်းက ကွန်ဖက်ဒရိတ်သဖွယ် လက်တွေ့ကျင့်သုံးအုပ်ချုပ်နေတဲ့ ဝ ပြည်လိုဒေသ၊ ၂၀၂၃ အောက်တိုဘာ ၁၀၂၇ စစ်ဆင်ရေးနဲ့ နယ်မြေတွေအများအပြားသိမ်းယူခဲ့တဲ့ ULA/AA လို လက်နက်ကိုင် အဖွဲ့အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုထဲက ပြည်နယ်တခုထက် ကွန်ဖက်ဒရိတ်ထက်မနိမ့်တဲ့အနေအထားကို မျှော်မှန်းထားတယ်လို့ AA ခေါင်းဆောင်က ပြောခဲ့ဖူးတာလည်း ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမအကျော့နဲ့ ဒုတိယအကျော့တို့ဖြစ်ပွားခဲ့ပြီးနောက် အချိန်ကာလအားဖြင့် ၂၀၂၅ ထဲရောက်လာချိန်မှာ မြန်မာနိုင်ငံအရှေ့မြောက်၊ မြောက်ပိုင်း၊ အနောက်ပိုင်းတွေမှာ နယ်မြေစိုးမိုးမှု အနေ အထားတွေ ကြီးမားစွာပြောင်းလဲ ခဲ့တာအားလုံး သိရှိကြပြီးဖြစ်ပါလိမ့်မယ်။ ကိုးကန့်၊ တအာင်း နဲ့ ကချင်လက် နက်ကိုင်အဖွဲ့တွေသိမ်းယူနိုင်ခဲ့တဲ့နယ်မြေတွေ အများအပြားရှိလာခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရလက် အောက်က PDF တွေ သိမ်းယူနိုင်တဲ့နယ်မြေက စောစောက ပြောခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းခဲ့တဲ့ နယ်မြေ၊ မြို့တွေနဲ့ယှဥ်ရင် အများကြီးလျော့နည်းနေတာ တွေ့ရပါလိမ့်မယ်။
အခုလိုအနေအထားကနေ နောက်တနှစ် သို့မဟုတ် နှစ်နှစ်မှာ ဘယ်နယ်မြေတွေ ဘယ်ဒေသတွေကို စစ်ကောင် စီကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကသိမ်းယူနိုင်မလဲလို့ ဘယ်သူမှ မခန့်မှန်းနိုင်ကြပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်က PDF လက်နက်ကိုင် တပ်တွေအနေနဲ့ ပဲခူး၊ ရန်ကုန်၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့ကို ဘယ်လောက်ထိတိုက်ခိုက်သိမ်းယူနိုင်မလဲဆိုတဲ့ မေးခွန်းကလည်း ဖြေရခက်ခဲနေဦးမယ့်အနေအထားဖြစ်ပါတယ်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က PDF တပ်တွေအနေနဲ့စုစည်းတဲ့ အမိန့်ပေးစနစ်၊ ပုံစံတူညီတဲ့ စစ်တပ်ဖွဲ့စည်းပုံ၊ စစ်စည်းမျဥ်းစည်းကမ်း စတဲ့ ဗဟိုချုပ်ကိုင်မှုအတိုင်းအတာတခုထိအားကောင်းတဲ့ ဖွဲ့စည်းပုံမျိုးမရှိသေးတဲ့အခြေအနေလို့အကဲဖြတ်ရင် လွန်မယ်မထင်ပါ။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ကတပ်တွေနဲ့ တိုင်းရင်းသားတပ်တွေအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့အုပ်ချုပ်မှုအာဏာ၊ စစ်ရေးထိန်းချုပ်ခွင့် သဘောတူညီမှုတွေ ရှိနေကြပြီလား ဆိုတဲ့ မေးခွန်းကလည်း ပေါ်ထွက်လာပါတယ်။ ဆွေးနွေးမှုတွေ ရှိကောင်းရှိနေလိမ့်မှာ ဖြစ်ပေမယ့် ခိုင်မာတဲ့ရလဒ် မရရှိသေးတာ၊ သဘောတူညီမှုမရသေးတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိသော်လည်း အချို့သောအဖွဲ့တွေနဲ့နီးစပ်မှုမရှိသေးတဲ့အနေအထားလည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာရဲ့အောက်က အကဲဖြတ်မှုနဲ့ အုပ်စုခွဲမှုအရ အမျိုး သားညီညွတ်ရေးအစိုးရကို သံသယနဲ့ချဥ်းကပ်အကဲဖြတ်ထားပြီး ၄င်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ဒေသတွေက လက်နက်ကိုင်အဖွဲ့အချို့ဟာ NUG နဲ့ နီးစပ်တဲ့ ဆက်ဆံရေးမရှိအောင် သတိကြီးစွာနဲ့ ပြောဆိုလုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေး၊ နွေဦးတော်လှန်ရေး စတဲ့ စကားလုံးတွေနဲ့ လက်နက်ကိုင် တော်လှန်ရေးကို စိတ်အားတက်ကြွဖွယ်ဖြစ်အောင် ပြောဆိုသုံးနှုန်းကြတဲ့ပြည်တွင်းစစ်က သက်တမ်း ၄ နှစ်နီးပါး ရှိလာချိန်မှာ လူထုရဲ့ ခံနိုင်ရည်အားက ဘယ်လောက်ကျန်သေးသလဲဆိုတာလည်း မေးစရာရှိနေပါတယ်။ ပြည်တွင်းမှာတင် စစ်ဘေးရှောင် ၄ သန်းဝန်းကျင်၊ ပြည်ပမှာထွက်ခွာအလုပ်လုပ်ကိုင်နေသူ အဓမ္မစစ်မှုထမ်း စုဆောင်းခံရမယ့် အရေးကတိမ်းရှောင်သူတွေလည်း သိန်းနဲ့ချီ ရှိလာတဲ့အနေအထားမှာ လူထုအနေနဲ့အင်အားကုန်ခမ်းလုနီး ဖြစ်နေတာလည်း တွေ့ကြရပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်တာမှာ အာဏာသိမ်းစစ်ကောင်စီက အရှုံးတွေအများအပြားနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ အငြင်း ပွားစရာမဟုတ်တဲ့အဆိုဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်တွေ ဘယ် လောက်အောင်မြင်မှုရသလဲ၊ ဘယ်အဖွဲ့တွေက အောင်မြင်မှုရပြီး ဘယ်အဖွဲ့တွေက မျှော်မှန်းသလောက်မရကြသလဲ၊ ပြည်သူလူထုအနေနဲ့ ဘယ်လောက်ခါးစည်းခံပြီး အားပေးထောက်ခံခဲ့သလဲဆိုတာတွေ ခေတ္တမျှ အချိန်ပေးပြီး အကဲဖြတ်ဖို့လည်း လိုအပ်နေတယ်လို့ ယူဆမိပါတယ်။
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar