ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မအိမ်လုံးဘွ တိမ်ဖုံးကျ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မအိမ်လုံးဘွ တိမ်ဖုံးကျ
(မိုးမခ) ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၅
မအိမ်လုံးက အရှိန်နှုန်းလည်း ကျ အချိန်ဖြုန်းလည်း မရတော့ဘူး။ အဲတော့ ဒီကောင်က ရှိသမျှလူတွေကို ဖမ်းပြီးတော့ လူသားတံတိုင်းအဖြစ် သုံးတယ်။ မဟုတ်ရင်လည်း သူတို့တပ်တွေ၊ စခန်းတွေတင် မကဘူး။ သူတို့ အိမ်တွေ၊ ရုံးတွေ အလုပ်ရုံတွေပါ ဝင်စီးတော့မယ့်အချိန်ရောက်ပြီလေ။ အဲဒါကြောင့်မို့ ဒီကောင်က မြို့ပြမှာ ဖိနှိပ်မှုယန္တရားတွေကို အဆင့်ဆင့် ထပ်တိုးတယ်။ ဌာနဆိုင်ရာထဲမှာ စစ်ဗိုလ်တွေပဲ ထည့်တယ်။ ရှိသမျှလူတွေကို ကာကွယ်ရေးပစ္စည်းလို့ ဒီကောင်က သတ်မှတ်လိုက်တယ်။ သူတို့အသက် အိုးအိမ်စည်းစိမ်ကာကွယ်ရေးအတွက် အကုန်လုံးရဲ့ အသက်တွေ အကုန်ချရင်းမှာ၊ ဘာမှချန်မှာ မဟုတ်ဘူး။
အရှိန်နှုန်းတန့်ပြီးတော့ မအိမ်လုံး ဂန့်ဖို့က နယ်တွေမှာ သုံးပေ တဂိတ်တွေ လျှော့ဖို့ လိုပြီ။ စစ်တပ်က ဂိတ်ချလိုက်၊ PDF က ဂိတ်ချလိုက်မှာ ပြဿနာက PDF ဂိတ်တွေက ဂိတ်ချင်း ဆက်နေတာ။ တခေါ်ပဲ ဝေးတာ။ ဒီဘက်ဂိတ်က စစ်ပြီးဆေးပြီး ဟိုဘက်ဂိတ်က ပြန်ထပ်စစ်၊ တခါ အဲဒီဂိတ်က စစ်ပြီး နောက်ထပ် ဝါးနှစ်ရိုက် သုံးရိုက်လောက်ဂိတ်က ပြန်ထပ်စစ်၊ ကားပေါ်တက်။ တက်လာတော့လည်း အာရကေတော့ ပေးရပေါ့လေ။ ဂိတ်ချတာက ထားပါတော့၊ နယ်မြေစိုးမိုးရေး ဘာညာ ကြိုက်တာ ပြောပေါ့။ ဒါပေမဲ့ အလကားနေရင်း တက်တက်ပြီးတော့ ဂိတ်စေ့ လှိမ့်စစ်နေတဲ့ဟာက အဆင်ပြေမနေဘူး။ ခရီးသည်အားလုံးကတော့ ရှင်းရှင်းပြောရင် စိတ်တိုတယ်။ ပြုံးတော့ ပြမှာပေါ့လေ။ သေနတ်တွေနဲ့ကိုး။ စိတ်ထဲတော့ ဘယ်ကျေနပ်မလဲ။ ကိုယ့်ခရီးကို အဲလောက်ကြီး အနှောင့်အယှက်ပေးနေတာတော့ ဘယ်သူမှ မကျေနပ်ဘူး။ အဲတော့ ဒါတွေကလည်းပဲ တော်လှန်ရေးဘက်က လုပ်နေလို့မရဘူး။ စစ်အုပ်စု ပြိုနေတဲ့အချိန်၊ စစ်အုပ်စု တစတစ အိကျလာတဲ့အချိန် ကိုယ့်လူတွေက လူထု မျက်မုန်းကျိုးမယ့်ဟာတွေကတော့ ရှောင်သင့်တာပေါ့။ မဟုတ်ဘူးဆိုရင် ကိုယ်က စစ်အုပ်စုကို ပြန်ပေးလိုက်တဲ့ အခွင့်အလမ်းပဲ ဖြစ်သွားမယ်ပေါ့။ လူထုက တချို့နေရာမှာ ဘာမှမထူးပါဘူး ဆိုပြီး စပြောလာကြပြီ။ ဟိုဘက်နဲ့ သိပ်မကွာပါဘူး ဆိုတာတွေက သိပ်ကြောက်စရာကောင်းတယ်။ ဒါမျိုး ဖြစ်လာရင် နောက်မလွယ်ဘူး။ ဟင် ဆိုရင် ပြန်လှည့်ကြည့်မှာ မဟုတ်တော့ဘူး။ အကုန်ရင်းပြီး ပါထားကြတာ။
တလောက ကနီဘက်မှာ ဝါးတားဂိတ် ၂၀ ကျော် ဖျက်သိမ်းလိုက်တယ်ဆိုတော့ တော်တော်အံ့ဩနေတာ အဲလောက်များလားပေါ့နော်။ ခုတော့ ဝက်လက်နယ်မှာ ဆားတောင်နဲ့ ရွှေဘိုကြားမှာတင် ဂိတ် ၂၅ ဂိတ် ရှိတယ်။ ခရီးသည်တွေအများစု တော်တော်စိတ်အနှောင့်အယှက်ဖြစ်နေတယ်။ ဒါတွေကို မဖြုတ်နိုင်ရင်၊ သို့မဟုတ် မလိုအပ်ဘဲနဲ့ စစ်ဆေးနေတာတွေ ဆက်လုပ်နေမယ်ဆိုရင် လူတွေက တော်တော်လေးကို အမြင်စောင်းလာမယ်။
ဝက်လက်နယ်မှာ ဂိတ်ချထားတဲ့ လူအရေအတွက်ကတင် တပ်ရင်း တရင်းစာလောက် ရှိနေပြီလေ။ လူအားတွေလည်း ဖြုန်းသလို ဖြစ်နေတယ်။ နောက်တခုက ဂိတ်မှာ ငွေခဏခဏကိုင်နေတဲ့ လူတယောက်အတွက်ကလည်းပဲ တိုက်လို ခိုက်လိုစိတ် ပြင်းထန်လာစရာ အကြောင်းတော့ မရှိဘူးပေါ့လေ။
ရန်ကုန်မြို့လယ်ကောင်မှာ ရောင်နီတွေ လာနေပြီ။ ရန်ကုန်မြို့ထဲမှာ ဆန္ဒပြပွဲတွေ လာနေပြီ။ စစ်အုပ်စုကလည်း စစ်သား ရချင်လို့ အိမ်ထဲထိ ဝင်ဆွဲနေပြီ။ လမ်းပေါ်မှာ၊ ဆိုင်ထဲမှာ၊ ကားဂိတ်မှာ ဒါတွေကတော့ ရိုးနေပြီပေါ့နော်။ စစ်သား အငမ်းမရ လိုချင်နေတဲ့ စစ်အုပ်စုနဲ့ စစ်သားအဖြစ် မခံနိုင်တဲ့ အုပ်စုက ရင်ဆိုင်တွေ့ကြဖို့က ဘာမှ မဝေးတော့ဘူး။ အဲဒီလိုအခြေအနေမှာ ကိုယ့်တော်လှန်ရေးသမားတွေကလည်း အသင့်ဖြစ်နေရမှာပေါ့။ လူထု ငြိုငြင်မယ့်ဟာတွေ၊ အဟန့်အတားဖြစ်မယ့်ဟာတွေ ရှောင်ရ၊ ရှားရမှာပေါ့။
မအိမ်လုံးအဖို့တော့ ဒါ နောက်ဆုံး အကယ်ဒမီပဲ။ အကယ်ဒမီ၊ အကယ်ဒမီနဲ့ အပယ်ဆီ ပြေးရတော့မယ့် အချိန်ကျပြီ။ ယမမင်းရဲ့ အပီထုစစ်ကြောရေးမှာ ပြည်သူ့ချစ်သောလေးကို တင်ပြီးတော့ ဂွင်နဲ့ ဂွကြားမှာ လွှကလေးထားပြီး တမုန်းဆွဲရတော့မယ့်ကာလ ရောက်တော့မှာ မဟုတ်လား။
မအိမ်လုံး အချိန်ဖြုန်းမရတော့တဲ့ အဓိကအချက်ကတော့ နိုင်ငံခြားငွေကြေး လျော့ပါးလာတာပဲ။ အဲတော့ ဒီကောင်က ပြည်ပရောက် အလုပ်သမားတွေဆီကနေ ငွေညှစ်တဲ့ကိစ္စက သူ ထင်သလောက်မရဘူးဆိုတာ ထုတ်ပြောလာတယ်။ ဘယ်သူက ကိုယ့်ကျန်ရစ်တဲ့ မိဘဆွေမျိုး၊ ညီအစ်ကို မောင်နှမတွေကို နှိပ်စက်မယ့်ကောင်ကို ပိုက်ဆံပေးမှာလဲ။ ကိုယ့်မိဘဆွေမျိုး၊ ညီကိုမောင်နှမတွေကို နှိပ်စက်ဖို့၊ ကိုယ့်တူတွေ၊ တူမတွေကို နှိပ်စက်ဖို့၊ ကိုယ့်အဘိုး အဘွားတွေကို နှိပ်စက်ဖို့ ဘယ်သူက သူ့ကို ငွေကြေးထောက်ပံ့မလဲနော်။
အဲတော့ ဒီကောင် နိုင်ငံခြားငွေရဖို့၊ ဒေါ်လာရဖို့ လုပ်မယ့်အလုပ်ကတော့ တခြားတော့ မရှိဘူး။ သူ့အရင်လူဟောင်းကြီးတွေ သန်းရွှေခေတ်၊ နေဝင်းခေတ် လူဟောင်းကြီးတွေ အိတ်ထဲက ပိုက်ဆံကို နှိုက်ဖို့ပဲ။ ခရိုနီတွေအိတ်ထဲက ပိုက်ဆံကို သူ နှိုက်မယ်၊ တခြားမှာတော့ သူ နှိုက်စရာ မရှိဘူး။ အဲဒါ သူ့ရဲ့ နောက်ဆုံးပစ်မယ့် အောက်ဖဲတွေပဲပေါ့လေ။
နောက်ထပ် မအိမ်လုံး အရှိန်နှုန်းထပ်ကျတဲ့ နောက်တချက်ကတော့ တနေ့က အေအေက မိသွားတဲ့ ဒုဗိုလ်မှူးကြီးကျော်ကျော်သက် ပြောတဲ့စကားပဲ။ စစ်တပ်မှာ လေ့ကျင့်ရေး ဘယ်သူမှ မလုပ်ကြတော့ဘူး။ စိတ်ဓာတ်ကျနေပြီ။ တိုက်စွမ်းရည်၊ ခိုက်စွမ်းရည်လည်း မရှိဘူး။ စစ်ရေးကျွမ်းကျင်တဲ့သူလည်း မရှိဘူး။ အေအေနဲ့မှ မဟုတ်ဘူး၊ ဘယ်သူနဲ့ တိုက်တိုက် ရှုံးမှာပဲလို့ ပြောသွားတဲ့ကိစ္စ။
အဲတော့ ဒီကောင်က စစ်မှုထမ်းဆိုပြီးတော့ တွေ့သမျှ လူငယ်တွေကို တွေ့ရာနေရာမှာ ဝင်ဆွဲတယ်။ ခွေးဆွဲနေတာပေါ့နော်၊ ရပ်ကွက်ထဲ ခွေးရူးဝင်ဆွဲသလို ဆွဲနေတာ။ ပြီးရင် လူဟောင်းတွေ ပြန်ခေါ်၊ စစ်ရေးကျွမ်းကျင်တဲ့ကောင်တွေ ပြန်ခေါ်၊ တပ်ကို ပြန်ဦးစီးခိုင်းဖို့ လုပ်ပေါ့။ ပရမ်းပတာတွေ ဒီကောင် အကုန်လျှောက်လုပ်နေတာ။
အဲတော့ ဒီမအိမ်လုံး ဘဝ အရှိန်နှုန်းကျ အချိန်ဖြုန်းမရတဲ့အချိန်မှာ ကိုယ်တွေဘက်က ပြည်သူလူထု ငြိုငြင်မယ့်ဟာတွေ ရှောင်ဖို့ လိုတယ်။ ပြည်သူ မရှိရင် တော်လှန်ရေး မရှိဘူး၊ ပြည်သူရှိမှ တော်လှန်ရေးဆိုတာ ရှိတာ။ တော်လှန်ရေးရဲ့ တကယ့်ထောက်ပို့က ပြည်သူ။
ဒီတချီက မြို့ပြလူထုလှုပ်ရှားမှုတွေနဲ့ပါ စစ်ရေးနဲ့ တွဲဖက်ရမယ့် နောက်ဆုံးအချီပဲ။ ဒီအချီမှာ လူထုနဲ့ ဒီတော်လှန်ရေးသမားတွေနဲ့ တသားတည်း ဖြစ်နေဖို့က သိပ်အရေးကြီးပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar