မြန်မာနဲ့ ကမ္ဘာမှာ အစွန်းရောက်သတင်းမီဒီယာ လွှမ်းမိုးလာပြီလား
မြန်မာနွေဦးခရိုနီကယ် - မတ် ၄ မြင်ကွင်း
မိုးမခ၊ မတ် ၅၊ ၂၀၂၅
မြန်မာနဲ့ ကမ္ဘာမှာ အစွန်းရောက်သတင်းမီဒီယာ လွှမ်းမိုးလာပြီလား
မြန်မာပြည်က မီဒီယာများ၊ စာနယ်ဇင်းသမားများက နဂိုမူလကတည်းက လွတ်လပ်တဲ့ အမှီအခိုကင်းတဲ့ အဖွဲ့များ၊ ပုဂ္ဂိုလ်များအဖြစ် သဘောထားခံရတာ များပါတယ်။ စစ်ကောင်စီ သို့မဟုတ် အာဏာရအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၏ ကျောထောက်နောက်ခံနဲ့ တည်ထောင်ထားသူများ အဖွဲ့များကိုတော့ အများပြည်သူတွေက လက်ခံကြလေ့ မရှိပါဘူး။ တခု ရှိတာကတော့ မြန်မာပြည်ပြင်ပက NGO တွေ CSO တွေက ထောက်ပံ့ပေးမှုတွေ လက်ခံရရှိတဲ့ စာနယ်ဇင်းအဖွဲ့ ကြီးငယ်တွေ ရှိကြပေမယ့် သူတို့၏ ရပ်တည်ချက်က ထောက်ပံ့သူတွေ၏ အာဘော်ထက် မိမိဘာသာ လွတ်လပ်တဲ့ အာဘော်ကို ထုတ်ဖော်ပြီး မြန်မာပြည်သူတွေ၏ အသံကို ကိုယ်စားပြုကြတာမို့ ပြည်သူတွေက မြန်မာမီဒီယာကို အားကိုးကြတာ များပါတယ်။
နွေဦးတော်လှန်ရေးကနေ ပေါ်ထွန်းလာတဲ့ မျိုးဆက်သစ် မီဒီယာတွေ တိုင်းရင်းသားဘာသာမီဒီယာတွေ အသီးသီးမှာလည်း အလှူရှင်တွေ အဖွဲ့အစည်းတွေ၏ အကူအညီကို လက်ခံကြတယ် ဆိုပေမယ့် မိမိတို့ ခြေပေါ်မှာ ရပ်တည်နိုင်ရုံမျှ အကူအညီယူပြီး မိမိတို့ ရပ်တည်ချက်တွေ ယုံကြည်ချက်တွေကို ဈေးဆစ်ခံတဲ့ အမျိုးအစားတွေ မဟုတ်ကြတာ ပြည်သူတွေ ပရိသတ်တွေ အသိပဲ ဖြစ်ပါတယ်။ သံမဏိသက်ရှည် လူထုမီဒီယာတွေဖြစ်တဲ့ DVB တို့တွေက အစ၊ Myanmar NOW အလည်၊ People Spring တို့အဆုံး စာနယ်ဇင်းအဖွဲ့ပေါင်းများစွာကို ပရိသတ်က အားကိုးကြတာ ကို တွေ့ရပါတယ်။
နောက်မီဒီယာ အမျိုးအစားတွေကတော့ ဆိုရှယ်မီဒီယာတွေကနေ အွန်လိုင်းကရုပ်သံတွေ၊ သူများသတင်းတွေ၊ ဖြတ်ညှပ်ကပ်တွေ လူပြိန်းကြိုက်တွေ ထုတ်လွှင့် ဆွဲဆောင်ပြီး ကြော်ငြာဝင်ငွေတွေကို ရရှိဖို့ အာရုံတပိုင်းထားပြီး ပရိသတ်ကို ဆွဲဆောင်ကြတဲ့ ပေါ်ပင်လိုက် မီဒီယာတွေ၊ တကိုယ်တော်တွေ ဖြစ်ကြပါတယ်။ တော်လှန်ရေးသတင်း တွေအပြင် အဝါရောင်သတင်းတွေ နဲ့ နေရာယူ ရပ်တည်ကြပါတယ်။ ဒ့ါအပြင် စစ်ကောင်စီဘက်ပင်းပြီး ဝါဒဖြန့် ဆဲဆို ပုတ်ခတ် ကောလဟာလဖြန့်ချိတဲ့ မီဒီယာအမည်ခံ ကိုယ်ကျိုးကြည့် အစွန်းရောက် လူတွေ အဖွဲ့တွေ၏ ထုတ်လွှင့်မှုတွေ ဖြစ်ကြပါတယ်။ သူတိုတွေက fake news, misinfomration ဆိုတဲ့ လုပ်ကြံသတင်းတွေ ပုံဖျက်သတင်းတွေ အစွန်းရောက်သဘောထားတွေ ဖြန့်ချိကြတာဆိုပေမယ့် မြန်မာပရိသတ်ထဲက အစွန်းရောက်တွေ၊ စစ်ကောင်စီနောက်လိုက်တွေအပြင် သာမန်ပြည်သူတွေကလည်း ဖျော်ဖြေရေးသဖွယ် အချိန်ပေးနားဆင်ကြတာကိုလည်း တွေ့ရပါတယ်။ မိုးဟိန်း၏ မီဒီယာ၊ ဘူးလက်လှဆွေ၏ ဂျာနယ်၊ ကျော်မျိုးမင်း၊ ငါးမင်းဆွေစတဲ့ အစုအဖွဲ့တွေ၏ အစွန်းရောက်မီဒီယာတွေကလည်း အစွမ်းပြနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ယခင်တုန်းက အစွန်းရောက်တွေ ကိုယ်ကျိုးရှာတွေ၏ သတင်းမှားတွေ ဝါဒဖြန့်တွေ ပုံဖျက်သတင်းတွေက ပင်မရေစီးမီဒီယာတွေ ပြည်သူ့အကျိုးပြု မီဒီယာတွေကို မကျော်လွှားနိုင်ခဲ့ဘူးလို့ ဆိုကြပေမယ့် နောက်ပိုင်း ကမ္ဘာဇာတ်ခုံမှာ အစွန်းရောက်မီဒီယာတွေ၏ အစွမ်းက အတော် ထိရောက်ပြင်းထန်မှုရှိတယ်လို့ ဆိုနိုင်လာပါတယ်။ မုသာဝါဒက ကမ္ဘာပတ်နေချိန်မှာ အမှန်တရားက ဖိနပ်စီးတုန်း ရှိသေးတယ်ဆိုတာကို မျက်မှောက်ပြည်သူတွေ မျက်ဝါးထင်ထင် သိရှိလာကြပါတယ်။ မြန်မာပြည် နိုင်ငံရေးမှာ သတင်းမှားတွေ ပုံဖျက်သတင်းတွေနဲ့ တော်လှန်ပြည်သူတွေနဲ့ တော်လှန်ရေးခေါင်းဆောင်တွေကြား သံသယတွေ သွေးခွဲမှုတွေ ယခုထိ ပြန့်တုန်းလို့ ဆိုရပါတယ်။ အမေရိကန်နိုင်ငံရေးမှာလည်း ပြည်ပရွှေ့ပြောင်းနေထိုင်သူတွေက အမေရိကန်တွေ၏ ကြောင်တွေ ခွေးတွေကို သတ်စားနေတယ်ဆိုတဲ့ သတင်းမှားက အလွန်ထိရောက်ပြီး နောက်ဆုံးမတော့ လက်ယာစွန်း ဒေါ်နယ်ထရန့် တယောက် အမေရိကန်သမ္မတအဖြစ် အရွေးခံရတဲ့ အဖြစ်ကို ဆိုက်ရောက်လာတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။
အစွန်းရောက် ဝါဒဖြန့်မှုတွေနဲ့ ပြည်သူတွေကြား သွေးခွဲ သံသယတွေ ကြီးထွားစေတာကြောင့် အမေရိကန်ပြည်သူတွေဟာ ဒေါ်နယ်ထရန့်၊ အီလွန်မတ်စ်နဲ့ အစွန်းရောက်တွေ အရင်းရှင်ကြီးတွေ၏ ချယ်လှယ် ဖိနှိပ်မှုကို ခါးစည်းခံနေရတဲ့အပြင် ဒီမိုကရေစီမဟာမိတ်နိုင်ငံများနဲ့လည်း အစေးမကပ်တော့တဲ့ အဖြစ်ကို ရင်ဆိုင်နေရပါတယ်။ အမေရိကန်သမ္မတကိုယ်တိုင်က ၎င်းအိမ်ဖြူတော်က သတင်းစာရှင်းလင်းပွဲ ကျင်းပတဲ့ ခန်းမမှာပါ ၎င်းကို စုံမှိတ်ထောက်ခံတဲ့ လက်ယာစွန်းသတင်းထောက်တွေ သတင်းအဖွဲ့တွေကို ရှေ့တန်းမှာ နေရာပေးလာတာကြောင့် သမာသမတ်ကျတဲ့ ပင်မရေစီးသတင်းဌာနတွေကိုယ်တိုင် နေရာမရတော့တာ နောက်တန်းရောက်တာတွေ ဖြစ်ကုန်ပါတယ်။ အေပီသတင်းဌာနက ထရန့်၏ မက္ကစီကိုပင်လယ်အော်ကို အမေရိကန်ပင်လယ်အော်လို့ အမည်ပြောင်းတာကို သတင်းထဲမှာ အသိအမှတ်မပြုလ်ို့ အိမ်ဖြူတော်မှာ သတင်းယူခွင့် ပိတ်ပင်ခြင်းခံရတာ ခုထိ ခံစားရတုန်း ဖြစ်ပါတယ်။ တရားရုံးတော်က ခွင့်ပြုပေးဖို့ အမိန့်ထုတ်ပေမယ် အိမ်ဖြူတော်က ဆင်ခြေမျိုးစုံပေးပြီး ရှောင်လွှဲနေပါတယ်။
လက်ယာစွန်းမီဒီယာများ၏ သွေးထိုးမှုတွေကြောင့် အမှုတွေကြီးကုန် ရှုပ်ကုန်တာကို သာဓက ပြရမယ်ဆိုရင် လွန်ခဲ့တဲ့အပတ်က ယူကရိန် သမ္မတ ဇင်လန်းစကီးကို အိမ်ဖြုတော်မှာ ဧည့်သည်တော်အဖြစ် လာရောက်တာကို ကုတ်အင်္ကျီနဲ့ နက်ကတိုင်နဲ့ ပွဲတက်ဝတ်စုံမဝတ်လာတာကို ထောက်ပြမေးခွန်းထုတ် ခြေထိုးတာက လက်ယာစွန်းမီဒီယာက သတင်းထောက် ဖြစ်ပါတယ်။ သူ့အမည်က - Brian Glenn, a reporter from Right Side Broadcasting Network (RSBN) က ဖြစ်တယ်လို့ သတင်းများက ဆိုပါတယ်။ ပြည်တွင်းစစ်မှာ ရုရှားကို တွန်းလှန်နေချိန် စစ်ဝတ်စစ်စားကိုပဲ စွဲစွဲမြဲမြဲဝတ်ဆင်တာကို မီဒီယာတိုင်းက သိကြပြီး ဖြစ်ပေမယ့် အစွန်းရောက်မီဒီယာကတွေက ထရန့်တို့ရှေ့မှာ ဇီလန်စကီးက မလေးမစားလုပ်တယ်ဆိုတဲ့သဘော အမှုဆင်တာစပြီး ခေါင်းဆောင်တွေကြား စကားပြောဆိုတာမှာ တင်းမာမှုတွေ မီးမွှေးလိုက်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
မြန်မာစစ်ကောင်စီက ၎င်းတို့အာဏာသိမ်းပြီးကတည်းက ၎င်းတို့နောက်လိုက် သတင်းထောက်၊ စာနယ်ဇင်းအဖွဲ့တွေကိုပဲ အစဉ်တစိုက် လက်ကိုင်ပြု အသုံးချလေ့ရှိပါတယ်။ စစ်ကောင်စီလက်ကိုင်တုတ် မီဒီယာကောင်စီကို ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ ၎င်းတို့ကို ထောက်ခံတဲ့ စာနယ်ဇင်းတကိုယ်တော်တွေ အဖွဲ့တွေ အုပ်စုတွေက်ို မွေးမြူ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ၎င်းအစွန်းရောက်မီဒီယာတွေ၏ လုပ်ကြံသတင်း ပုံဖျက်သတင်းနဲ့ သွေးခွဲသတင်းတွေကိုလည်း သူတို့ကိုယ်တိုင် အားပေးဖြန့်ချိတဲ့အပြင် လူပြိန်းကြိုက်သတင်းတွေအဖြစ် ဖျော်ဖြေရေးသက်သက် ဖတ်ရှုသူ မြန်မာပရိသတ်ကိုလည်း ဆွဲဆောင်ထားနိုင်တာကို သတိပြုရမှာ ဖြစ်ပါတယ်။ နာဇီဂျာမဏီလက်ထက် ဟစ်တလာကိုယ်တိုင်က အမှားကြာ အမှန်ဖြစ်အောင် ဒီလိုမျိုး အသုံးချ ဝါဒဖြန့်ခဲ့တာကိုလည်း ပြန်လည် မြင်ယောင်စေပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်မှာ သူတို့စတိတ်မီဒီယာ၏ တင်ပြမှုကို ကြည့်လိုက်မယ် ဆိုရင် ရုရှားသမ္မတ ပူတင်လက်အောက်မှာ အစွန်းရောက် မီဒီယာတွေကိုယ်တိုင်က နိုင်ငံတော်မီဒီယာအဖြစ် တသားတည်း ရပ်တည်ပြီး ၎င်းတို့၏ ခေါင်းဆောင်နဲ့ မဟာမိတ်တွေကို ဘယ်လောက် မြှောက်စား ဇာတ်ပို့ပေးနေတာကိုလည်း လေ့လာနိုင်ပါတယ်။
အမေရိကန်အစိုးရကိုယ်တိုင်က ပင်မရေစီးမဟုတ်တဲ့ လူပြိန်းကြိုက် ပေါ်ပြူလာ podcasters, social media influencers နှင့် content creators တို့ကို "new media" လို့ သဘောထားပြီး သတင်းသမား အဖြစ် ထည့် သွင်းလာပါတယ်။ ဤပြောင်းလဲမှုများဟာ ယခင်မီဒီယာများနှင့် သတင်းလွတ်လပ်မှုကို ထောက်ခံသူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်စေပါတယ်။ ၎င်းတို့က အစိုးရ၏ မီဒီယာရွေးချယ်မှုသည် သမ္မတနှင့်ပတ်သက်သည့် လွတ်လပ်ပြီး ဝေဖန် သုံးသပ် နိုင်သော သတင်းဖော်ပြမှုကို ထိခိုက်စေနိုင်သည်ဟု သုံးသပ်လာကြပါတယ်။ တာဝန်ယူမှု တာဝန်ခံမှု နဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ မီဒီယာတွေ စာနယ်ဇင်းတွေ၏ အခန်းကဏ္ဍကို ပြည်သူတွေကိုယ်တိုင်က တန်ဖိုးထားဖို့ အလေးထားဖို့ကိုလည်း မိမိတို့ကပဲ တိုက်တွန်းနှိုးဆော်ကြရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar