Breaking News

ဖိုးသံ (လူထု) - ဗိုလ်ချုပ်မှူးကြီးအဖေတွေ့သွားပြီ



ဖိုးသံ (လူထု) - ဗိုလ်ချုပ်မှူးကြီးအဖေတွေ့သွားပြီ
(မိုးမခ) မတ် ၁၃၊ ၂၀၂၅


အခုတလောဗမာပြည်ကဗိုလ်ချုပ်မှူးကြီးဆိုတဲ့လူ ရွာဆော်ကြီးရဲ့ ဟိုကောင်လို ကမ္ဘာတလွှားမှာ တောင်ပြေး၊ မြောက်ပြေး ပြေးနေတာသတိပြုမိကြ မယ်ထင်ပါတယ်။ သူ့အနေနဲ့ပြည်တွင်းမှာမနေရဲလို့၊ အရေးဆိုရင်ထွက်မရဖြစ်မှာစိုးလို့လည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူသွားတယ်၊ ဆက်သွယ်တယ်ဆိုတဲ့ နိုင်ငံတွေရဲ့စာရင်းကိုကြည့်ရင်ကနေ့ကမ္ဘာမှာ အင်အားလည်းကြီး၊ ညူကလီယာလက်နက်လည်းပိုင်တဲ့ သူကပ်လို့ရသမျှနိုင်ငံကြီးတွေကိုလိုက်ကပ်နေ တာဖြစ်ပါတယ်။ အခုတော့ ဖိနပ်ပြတ်နဲ့ခွေးငတ်တွေ့သွားပြီလို့ပြောရမလိုပါပဲ။ ပူတင်ကလည်းပလ္လင်ပေါ်မှာခပ်တည်းတည်း၊ မအလတို့ကလညိး တည်းတည်းဆိုတော့ ဒင်းတို့ချင်းချင်းတွေ့တာလည်းဖြစ်နိုင်ပါတယ်။ တကယ်တော့ ဒီနေ့လိုအခါမှာ နိုင်ငံရေးပါးဝသူတွေအနေနဲ့ နိုင်ငံကြီးတွေအကြားမှာ ဝင်မပါသင့်ဘူးဆိုတာလူတိုင်းသ ကြပါတယ်။

စစ်ဗိုလ်ချုပ်တွေက ပူတင်ကိုတနင်္သာရီကမ်းမြောင်ထိုးပေးပြီးမျက်နှာလုပ်တာကို တရုတ်ကကြိုက်မှာမဟုတ်ဘူးဆိုတာသူတို့သိပါတယ်။ နဂိုကတည်း

က တရုတ်အဖို့ဗမာပြည်ဟာအင်မတန်သော့ချက်ကျတဲ့အနေအထားမှာ တည်ရှိတဲ့နိုင်ငံဖြစ်တယ်ဆိုတာသတိပြုသင့်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်ဟာ ဗမာပြည်ကိုခြေကုပ်ယူပြီး တရုတ်ကိုအရှေ့ဘက်ကရော။ အနောက်ဘက်ကပါထိုးဖောက် သိမ်းပိုက်ခဲ့တာမဟုတ်ပါလား။ ကိုးရီးယား၊ ဗီယက် နမ်၊ ရုရှား၊ အိန္ဒိယ စတာတွေကနေ အနောက်အုပ်စုကထိုးဖောက်ဖို့လုပ်ခဲံတာ တရုတ်မြေပေါ်ကိုဘယ်သူမှာခြေမချနိုင်ခဲ့ပါဘူး။

အခုလိုတရုတ်က အရှေ့ပင်လယ်ကိုအာရုံစိုက် စစ်ပြင်နေတုန်းမှာ ဗမာပြည်ထဲကိုရုရှားတွေဝင်လာတာဟာ တရုတ်ကသူတို့အတွက်အကျိုးရှိမယ်လို့ဘယ်လိုမှမတွက်ပါဘူး။ နောက်ပြီး ဝင်တာမှ ညူကလီယာစက်ရုံ တွေတည်ဖို့တဲ့လေ။ တည်နေရာကလည်းကြည့်ကြပါဦး။ တရုတ်အတွက် ကုန်သွယ်ရေးအပြင်ရိက္ခာ၊ စတဲ့အခြေခံ သေနင်္ဂဗျူဟာ လက္ခဏာဆောင်တဲ့ကုန်ပစ္စည်းတွေ စီးဆင်းနေတဲ့ မလက္ကာရေလက်ကြားကိုထိန်းချုပ်နိုင်တဲ့နေရာကြီး။ အဲဒီနေရာကြီးကို ရုရှားကို ပေးလိုက်ပြီဆိုလို့ကတော့ တရုတ်ကိုရုရှားကလည်မြိုညှစ်စရာရသွားတာပေါ့။

မအလတို့က ဒီလိုတရုတ်ကငြိုငြင်မယ်ဆိုတာ သိရက်နဲ့လုပ်တာ သူတိိုု့သတ္တိကောင်းကြောင်းပြတာလို့တွက်လို့ မဖြစ်ပါဘူး။ ဒဏ်ရာမရဖူးတဲ့ကလေး အဆော့သန်တာမျိုးသာဖြစ်ပါတယ်။ ရုရှားကဒီနေရာက သူတို့ရဲ့ လုပ်ငန်းတွေကိုအကာအကွယ်ပေးဖို့ စစ်တပ်တွေလွှတ်လာမယ် ဆိုရင်ဘယ့်နှယ်လုပ်ပါ့။ စကစ ကတော့ငြင်းမှာမဟုတ်တာသေချာတယ်။ ဒါဆိုရင်ဒီနေရာမှာ နောက်ထပ် ဗီယက်နမ်စစ်ပွဲမျိုးကြုံရဦးမလား ကျွန်တော်တို့တွေးပူရတော့မယ်။ ဒါ့အပြင် ဒီစစ်ပွဲမှာကိုယ့်နိုင်ငံသားတွေ ပါနေရဦးမှာလေ။ ဗမာပြည်သူတွေရဲ့နာကျည်းစရာကောင်းလှတဲ့ အတွေ့အကြုံတွေအရ လက်ရှိစကစ ကတော့ သူတို့အာဏာတည်မြဲဖို့ဆိုရင် ဘာမဆိုလုပ်မယ်ဆိုတာသံသယရှိစရာမလိုဘူး။

အခုလည်း ငါတို့တိုင်းပြည်ကြီး- အင်အား ကြီးနိုင်ငံတွေကိုယ်စောင်းချင်းတိုက်ကြတဲ့အကြားမှာ ကြားညပ်သွားရင်ဖြစ်စေ၊ ဗမာပြည်တောင်ပိုင်းမှာ ညူကလီယလက်နက်သုံးကြရင်ဖြစ်စေ၊ ဗမာပြည်ရဲ့ကြွယ်ဝလှတဲ့ အမျိုးမျိုးသော သယံဇာတတွေကို ဘယ်နိုင်ငံကြီးတခုက ကဲ့ယူသွားရင်ဖြစ်စေ၊ ဗမာနိုင်ငံရဲ့အစိတ်အပိုင်းတွေကို ခုတ်ထစ်ဖဲ့ရွဲ့ ပေးရဖို့ဖြစ်စေ သူတို့အာဏာတည်မြဲရေးနဲ့နှိုင်းစာလိုက်ရင် တန်တာချည်းပဲလို့တွက်တာပါ။ နောက်ပြီး ဒီနေရာဟာ စစ်အစိုးရကတရုတ်ကိုလုပ်ခွင့်ပေးတားတဲ့ ကျောက်ဖြူစီးပွားရေးဇုံ(SEZ) လို စီးပွားရေးဇုံကြီးသုံးခု ထဲကအကြီးဆုံးဖြစ်နေတယ်ဆိုတာကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။

ဒါနဲ့တပါတည်းမှာ ဗမာပြည်ပြည်သူတွေဘက်ကြည့်ရင်တော့ မအလတို့စကစလို အစိုးရမျိုးကို ဖယ်ရှားဖို့ဆိုရင်တန်ဘိုး ဘယ်လောက်ပဲပေးရ၊ ပေးရ တန်တယ်လို့ပဲ အောက်မေ့ရမှာပါ။ တန်ဖိုးမပေးပဲတော့ မရပါဘူး။

(ကာတွန်း စောငို ၂၀၁၅)







Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar