Breaking News

နိုင်ငံတွင်းက ကုန်စည် ပိတ်ဆို့မှုတွေ သက်တမ်းရှည်ကြာလာတာနဲ့ အမျှ လူထုရဲ့ ဒုက္ခနက်ရှိုင်းလာ

မြန်မာနွေဦးခရိုနီကယ် - မတ် ၁၂ မြင်ကွင်း

မိုးမခ၊ မတ် ၁၃၊ ၂၀၂၅

နိုင်ငံတွင်းက ကုန်စည် ပိတ်ဆို့မှုတွေ သက်တမ်းရှည်ကြာလာတာနဲ့ အမျှ လူထုရဲ့ ဒုက္ခနက်ရှိုင်းလာ

ပြည်တွင်းလက်နက်ကိုင် တိုက်ပွဲပဋိပက္ခတွေ ဖြစ်ပွားကြရာမှာ လက်နက်ကိုင်တပ်အချင်းချင်း တိုက်ခိုက်ကြတာတင် မဟုတ်ပဲ ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့ အခြေချနေတဲ့ နယ်မြေတွေ၊ ဒေသတွေကို ရိက္ခာ၊ ဆေးဝါးနဲ့ အခြားသော လူသုံးကုန်ပစ္စည်းတွေ သယ်ဆောင်တာကိုပါ ကန့်သတ် ပိတ်ဆို့ကြတာလည်း ဖြစ်ပါတယ်။ အဲဒီလို ပိတ်ဆို့မှုတွေ ဖြတ်တောက်မှုတွေက လက်နက်ကိုင်အဖွဲ့အပေါ် သက်ရောက်ရုံတင်မက အဆိုပါ ဒေသမှာ နေထိုင်နေကြတဲ့ ဒေသခံတွေပါ ဆိုးရွားစွာ ခံစားကြရတာ ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေက အရပ်သားတွေပါ ထိခိုက်ခံစားကြရမယ့် အဖြစ်ကို မသိရှိတာ မဟုတ်ပါ။ ဒီဒေသခံတွေပါ ခံစားကြရမှာ သိရှိသော်လည်း တချို့သော အနေအထားမှာ ဒေသခံလူထုကို လက်နက်ကိုင်တွေကို ထောက်ခံ အားပေးမှု လုပ်နေတာကြောင့် ဒဏ်ခတ်တဲ့ သဘောလည်း ပါဝင်သလို အချို့သော အခြေအနေမှာတော့ ဒေသခံတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့နေရာ ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့တွေ အခြေစိုက်နေတဲ့နေရာကနေ ရွှေ့ပြောင်းနေထိုင်အောင် ဖိအားပေးခြင်း တမျိုးလည်း ဖြစ်ပါတယ်။ 

ရိက္ခာ၊ ဆေးဝါးနဲ့ အခြားသော လူသုံးကုန်တွေ သယ်ဆောင်ခွင့်မပေးပဲ ပိတ်ဆို့တဲ့အစဥ်အလာက မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ ရှည်ကြာနေပြီ ပြည်တွင်းစစ်ကာလ တလျှောက် ဖြစ်ပွားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မဆလ ခေတ်၊ နဝတ၊ နအဖ ခေတ်တွေကတည်းက ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲတွေအတွင်း ရန်သူ့နယ်မြေ၊ အမည်းရောင် နယ်မြေ၊ အညိုရောင်နယ်မြေ စသဖြင့် သတ်မှတ်ချက်တွေ ရှိနေခဲ့ပြီး ကုန်စည်သယ်ဆောင်မှုတွေ ပိတ်ဆို့တာ ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့တာ တွေ့ခဲ့ရပါတယ်။ အဲဒီကာလတွေကတော့ ဖြတ် ၄ ဖြတ်ဆိုတဲ့ ဝါဒဖြန့်စကားလုံးနဲ့ ဖြတ်တောက်ပိတ်ဆို့မှုကို ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင် ခုခံတိုက်ခိုက်မှု၊ နောက်ပိုင်း နယ်မြေသိမ်း စစ်ဆင်ရေးတွေ ဆင်နွှဲလာကြတဲ့အခါ စစ်ကောင်စီက တဖက်လက်နက်ကိုင်တွေ အခြေစိုက်တဲ့ နယ်မြေ၊ သိမ်းယူထားတဲ့နယ်မြေတွေဆီ ကုန်စည်သယ်ဆောင်မှု ပိတ်ဆို့ပြီး တဖက်လက်နက်ကိုင်တပ်အနေနဲ့ စစ်ဆင်ရေး မလုပ်ဆောင်နိုင်အောင်နဲ့ ရပ်တည်ရ ခက်ခဲအောင် လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အချင်းချင်း ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီနဲ့ လက်နက်ခဲယမ်း ထောက်ပံ့ကူညီတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်တဲ့ အနေအထားသာမကပဲ အာဏာသိမ်း စစ်ကောင်စီက ပြည်နယ် တခုလုံးနီးပါးကို ရိက္ခာကုန်စည် ဖြတ်တောက်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာခဲ့တာ ပထမဆုံးတွေ့မြင်ကြရပါတယ်။ 

အဆိုးဆုံး ဥပမာအနေနဲ့ ပြရရင် ရခိုင်ပြည်နယ်ကို AA နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ပြီး ကုန်းလမ်းခရီးက သယ်ဆောင်တာတွေ လုံးဝနီးပါး ပိတ်ဆို့ထားသလို ရေလမ်းခရီးက သယ်ဆောင်ရာမှာလည်း ၄င်းတို့ ထိန်းချုပ်ထားတဲ့ စစ်တွေမြို့လို အတွက် စိစစ်ကန့်သတ်ထားတဲ့ ပမာဏကိုသာ သယ်ယူခွင့်ပြုတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်ကို ရိက္ခာ အပါအဝင် လောင်စာဆီ၊ ဆေးဝါးနဲ့ အခြားလူသုံးကုန်ပစ္စည်းတွေ ပိတ်ဆို့ထားတဲ့ အကျိုးဆက်ကို ရခိုင်ပြည်နယ်က လူထုအနေနဲ့ ဆိုးရွားစွာ ခံစားနေကြရတာ သတင်းတွေမှာ အများအပြားကြားသိနေကြရတာ ဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေ နဲ့ ဒေသခံတွေမှာ ယားနာတွေ ဖြစ်ပွားပြီး ဆေးဝါး မလုံလောက်မှု၊ လူအများနဲ့ စုစည်းပြီး နေထိုင်ကြရတဲ့ အခြေအနေ၊ အဟာရ ချို့တဲ့မှုတွေက အခုလို ယားနာကူးစက် ဖြစ်ပွားတာတွေကို ပိုမိုကျယ်ပြန့်စွာ ဖြစ်ပွားစေတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီက ထိန်းချုပ်ထားဆဲ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကျန်ရစ်ခဲ့တဲ့ လူထုကို သရုပ်ခွဲကြည့်ရင် စစ်ကောင်စီအစိုးရရဲ့ အရပ်ဘက်၊ စစ်ဘက်၊ ရဲ စတဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထမ်းတွေနဲ့ မိသားစုတွေ၊ စစ်ကောင်စီကို မထောက်ခံသော်လည်း တခြားမြို့ရွာကို တိမ်းရှောင်ဖို့ ငွေကြေးအရ မတတ်နိုင်တဲ့ အခြေအနေကြောင့် ခက်ခဲကျပ်တည်းတဲ့ အခြေအနေ မြို့သိမ်းတိုက်ပွဲဖြစ်လာရင် ကျရောက်လာမယ့် အန္တရာယ်တွေကို ဘာဖြစ်ဖြစ် ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားသူတွေနဲ့ မိမိတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရွှေ့ပြောင်းနေထိုင်ခွင့် မရှိသူတွေ နေထိုင်နေကြတဲ့ အနေအထား ဖြစ်ပါတယ်။ 

စစ်ကောင်စီ ထိန်းချုပ်မှုအောက်က လွတ်မြောက်ပြီး ရခိုင်ပြည်နယ်ရဲ့ အခြားဒေသတွေမှာလည်း လောင်စာ၊ ရိက္ခာနဲ့ လူသုံးကုန်ပစ္စည်းတွေ ရှားပါးပြီး ဈေးနှုန်းကြီးမြင့်နေဆဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့တွေအဖို့တော့ တောင်တန်းတွေ၊ မြစ်ချောင်းတွေကို ဖြတ်ပြီး အိန္ဒိယနိုင်ငံဘက်က ရိက္ခာနဲ့ လောင်စာဆီတွေ တင်သွင်းတာရှိပေမယ့် ပုံမှန်ထက် သယ်ဆောင်ခ ကုန်ကျစရိတ် ပိုမိုများပြားမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ နေထိုင်နေကြသူတွေ အဖို့ အခုလို ပိတ်ဆို့ကန့်သတ်ထားတဲ့ အခြေအနေအောက်မှာ ဆက်သွယ်ရေးတွေ ဖြတ်တောက်ထားပြီး ဘဏ်စနစ်၊ ငွေစက္ကူရှားပါး မကြုံဖူးလောက်အောင် စျေးနှန်းကြီးမြင့်မှုတွေ အကြား နှစ်နဲ့ချီ အသက်ရှင် နေထိုင်ကြရဖို့ မလွယ်ကူတာ အမှန်ပင် ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေမှာလည်း ရခိုင်ပြည်နယ်လောက် မဆိုးရွားသည့်တိုင် ပိတ်ဆို့မှု၊ မတန်တဆ ဂိတ်ကြေး အခွန်အကောက်တွေကြောင့် ရိက္ခာ၊ လောင်စာဆီတွေကို မတန်တဆစျေးနှုန်းတွေနဲ့ ဝယ်ယူနေကြရတာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ ကရင်နီ/ကယားပြည်နယ်တို့လို ဒေသတွေမှာ လောင်စာဆီ၊ ဆန်၊ ဆီနဲ့ ဆေးဝါးတွေ မတန်တဆစျေးတွေနဲ့ ဝယ်ယူသုံးစွဲနေကြရတာ ဖြစ်ပါတယ်။ 

ပိတ်ဆို့မှုအများစုက စစ်ကောင်စီတပ်က လုပ်ဆောင်တာ ဖြစ်ပြီး အချို့သော ပိတ်ဆို့မှုတွေက အိမ်နီးချင်းနိုင်ငံ အချို့က နိုင်ငံရေး ဖိအားပေးမှုကြောင့် ဒါမှမဟုတ် ရာဇဝတ်ဂိုဏ်း နှိမ်နှင်းရေး ခေါင်းစဥ်နဲ့ ဆက်နွယ်ပြီး ပိတ်ဆို့မှုတွေလည်း ရှိသလို အချို့သော ပိတ်ဆို့မှုတွေက တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေက စစ်ကောင်စီတပ်ကို ထောက်ခံတဲ့ ကျေးရွာတွေကို ပိတ်ဆို့တဲ့ အဖြစ်တွေလည်း မကွေးတိုင်းအထက်ပိုင်း ဂန့်ဂေါမြို့နယ်မှာ ရှိနေတာ ဖြစ်ပါတယ်။ ပျူစောထီးရွာလို့ သတ်မှတ်ခံရတဲ့ ကျေးရွာတွေကို ရိက္ခာသယ်ယူခွင့် မပေးဘဲ လမ်းကြောင်းတွေ ဖြတ်တောက်ထားတဲ့ အဖြစ်အပျက်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

လက်နက်ကိုင် ပဋိပက္ခက မျှော်လင့်မှန်းဆထားကြတာထက် ပိုမိုကြာရှည်လာလေလေ အသက်မွေးဝမ်းကြောင်း လုပ်ငန်းမလုပ်ကိုင်နိုင်ပဲ တိမ်းရှောင်ရင်း ရှိသမျှ ငွေကြေးနဲ့ အသက်ရှင်သန်ဖို့ ကြိုးပမ်းနေကြရတဲ့ လူထုရဲ့ အခက်အခဲတွေ ဒုက္ခတွေက ပိုမိုနက်ရှိုင်းလာနေပြီး ပြည်သူလူထု အချင်းချင်း ကူညီလိုသည့်တိုင် မကူညီနိုင်တဲ့ အနေအထားကိုလည်း သက်ဆင်းနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar