Breaking News

နေသွင်ညိဏ်း - '' သမိုင်းမှာ စစ်ခေါင်းဆောင်​တွေ ကပ်​ဘေးကို ဘယ်လို ကိုင်တွယ်ခဲ့သလဲ''

Photo- Credit ( googel)
'' သမိုင်းမှာ စစ်ခေါင်းဆောင်​တွေ ကပ်​ဘေးကို 
ဘယ်လို ကိုင်တွယ်ခဲ့သလဲ''
နေသွင်ညိဏ်း
(မိုးမခ) မတ် ၂၉၊ ၂၀၂၅

သမိုင်းမှာ စစ်ခေါင်းဆောင်​တွေ ကပ်​ဘေးကို ဘယ်လို ကိုင်တွယ်ခဲ့သလဲ။ 
နာဂစ်ကို သတိရပါ၊ ဒီမိုကရေစီကပဲ သင့်ကိုကာကွယ်ပေးနိုင်ပါတယ်။
(May 25, 2020)

မြန်မာပြည်မှာ ဒီနှစ်တွေအတွင်း လူလုပ်တာမဟုတ်တဲ့ ကြီးမားတဲ့ကပ်ဘေး နှစ်ခါ ကြုံပါတယ်။ ပထမတခါက ၂၀၀၈ နာဂစ်ဆိုင်ကလုန်း (လေဘေး) ဖြစ်ပါတယ်။ အခု ၂၀၂၀ ပြည်နှစ်မှာ ကိုရိုနာ ကပ်ဘေး (ရောဂါဘေး) နဲ့ ကြုံပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် အခုလို မေလမှာပဲ နာဂစ်ဘေးနဲ့ကြုံတဲ့အချိန်တုန်းက မြန်မာပြည်ကို စစ်အစိုးရက အုပ်ချုပ်ထားခဲ့ပါတယ်။ နာဂစ်ကို လူ လုပ်တာမဟုတ်တဲ့ ကပ်ဘေးလို့ ပြောတဲ့အတွက် တချို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကကျနော့်ကို သဘောတူမယ် မထင်ပါဘူး။ နာမည်ကျော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ဦးအုန်းတို့လို ပုဂ္ဂိုလ်တွေက နာဂစ်မှာ သေကျေပျက်စီးမှုများတာဟာ မြစ် ဝကျွန်းပေါ် ဒေသမှာ ဒီရေတောတွေကိုမထိန်းသိမ်းခဲ့တာကြောင့်ဆိုတာကို ပြောခဲ့ကြပြီးပါပြီ။ နာဂစ်ဟာ လူလုပ်တဲ့ဘေးမဟုတ်ဘူးလို့ကျနော်ပြောရင် သဘောမတူမယ့်နောက်ထပ်ပုဂ္ဂိုလ်တစ်ယောက်ကတော့ မိုး လေဝသပညာရှင် ဦးထွန်းလွင် ဖြစ်ပါတယ်။ အဲဒီအချိန်က အစိုးရမိုးဇလဌာနမှာ တာဝန်ရှိသူဖြစ်တဲ့ ဦးထွန်းလွင်က နာဂစ်ကို ကြိုတင်သတိပေးခဲ့ပေမယ့် အဲဒီအချိန်က စစ်အစိုးရဟာ လျစ်လျူရှူခဲ့ပါတယ်။

 ဒီလိုနဲ့ နာဂစ်ဟာ မျက်မှောက်မြန်မာ့သမိုင်းမှာ အသေအပျောက်အများဆုံး (လူသိန်းနဲ့ချီ) သေတဲ့အထိ လေဘေး ဖြစ်ခဲ့ရပါတယ်။ နောက်ဆက်တွဲဖြစ်ခဲ့တာတွေကတော့ စစ်အစိုးရခေတ်မှာ အားလုံးသိခဲ့ကြတဲ့အတိုင်း သတင်းအမှောင်ချတာနဲ့ ပြည်ပအကူအညီတွေကို အဝင်မခံခဲ့တာပါပဲ။ ပြည်တွင်းပရဟိတအဖွဲ့တွေကိုလည်း အနှောင့်အယှက်ပေးခဲ့တဲ့စစ်အစိုးရဟာ ကိုယ်ပိုင်အစီ အစဉ်တွေလည်း ဘာမှမရှိသလောက်ပါပဲ။ ပြည်သူတွေဟာ ဒုက္ခနဲ့နေသားကျနေ၊ အစား အသောက်အတွက်လည်း ဖားရှာငါးရှာရင် အဆင်ပြေသွားလိမ့်မယ်လို့ အစိုးရသတင်းစာက မစာမနာ ရေးသားခဲ့ပါတယ်။ 

မုန်တိုင်းကျပြီးနောက် ဧရာဝတီတိုင်းကိုရောက်သွားတဲ့ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်က ဒီတခါတော့ ဘာမှမပါလာသေးဘူးလို့ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို ပြောခဲ့ပါတယ်။ ဒါတွေဟာ အားလုံးသိပြီးသားဖြစ်ပေမယ့် ဘာလို့ ပြန်ပြောနေသလဲဆိုတော့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်မှာ ဘာတွေကွာ ခြားလဲဆိုတာကို သိသာစေချင်လို့ပါပဲ။ 
ကိုဗစ်-၁၉ ရောဂါကပ်ဘေးနဲ့ ကြုံတဲ့အခါမှာတော့ မြန်မာပြည်မှာ လူထုက ရွေးကောက်တင် မြှောက်ထားတဲ့အစိုးရအုပ်ချုပ်နေချိန် ဖြစ်ပါတယ်။ ကိုရိုနာကပ်ဘေးကို ဘယ်လိုစီမံဆောင်ရွက်ရသလဲဆိုတာကို နိုင်ငံတွေက တစ်မျိုးတစ်ဘာသာစီဖြစ်နေတဲ့အချိန်မှာ အစောဆုံးထိန်းနိုင်တဲ့နိုင်ငံဟာ ရောဂါကိုအစောဆုံးတွေ့ခဲ့တဲ့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့နည်းလမ်းကတော့ အာဏာရှင်ဆန်ဆန်ခပ်ကြမ်းကြမ်းကိုင်ပြီး ပြည်သူတွေကို လနဲ့ချီ အသွားအလာကန့် သတ်ခဲ့တာပါပဲ။ ဒီနည်းနဲ့ထိရောက်တဲ့အတွက် နိုင်ငံတွေအတော်များများက တရုတ်နည်းလမ်းကို အတုယူကြပါတယ်။ အတုယူဖို့ တိုက်တွန်းကြပါတယ်။ 

ကိုဗစ်-၁၉ ဟာ အသစ်ဖြစ်သလို၊ နားလည်ရခက်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကစလို့ နိုင်ငံအားလုံးလိုလိုမှာ ရှိသမျှ အင်အား၊ အရင်းအမြစ်တွေ အကုန်ထုတ်သုံးကြတာတောင် စီမံခန့်ခွဲမှုမှာ အိုးနင်းခွက်နင်းဖြစ်ကြပါတယ်။ တရုတ်ပြည်နဲ့နယ်စပ်ချင်းလည်း ရှည်ရှည်လျားလျား ထိစပ်နေ၊ အတွေ့အကြုံလည်းနည်း၊ အရင်း အမြစ်လည်း ရှားပါးလှတဲ့မြန်မာနိုင်ငံအတွက် အထူးစိုးရိမ်စရာပါပဲ။ ပြည်တွင်းမှာ ရောဂါကူးစက်မှုအခြေ အနေကိုထိန်းဖို့တောင် မနည်းကြိုးပမ်းရမယ့်အချိန်မှာ၊ နိုင်ငံခြားကနေ ပြန်လာမယ့် မြန်မာတွေကို ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်နဲ့ ပေါင်းစည်းဖို့ဟာ အစိုးရအတွက်ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်ပါတယ်။ 

သဘာဝကျစွာပဲ ဒီအချိန်မှာ အစိုးရိမ်လွန်နေတဲ့တချို့ လူသိထင်ရှားပုဂ္ဂိုလ်တွေက တရုတ်နည်းကိုအတုယူဖို့ အစိုးရကို တိုက်တွန်းကြပါတယ်။ အတွေ့အကြုံသိပ်မရှိသေးတဲ့ အရပ်သားအစိုးရဟာ ရာစုနှစ်တစ်ခုအတွင်း အဆိုးဆုံးကပ်ဘေးကြီးကိုကိုင်တွယ်နိုင်ပါ့မလား စိုးရိမ်ကြပါတယ်။ ပြည်သူတွေ မဲပေးပြီးတက်လာတဲ့ ဒီမိုကရေစီအစိုးရဟာ ပြည်သူတွေရဲ့ဒီမိုကရေစီနဲ့ ပြည်သူ့အခွင့်အရေးတွေကို ထိခိုက်မှု အနည်းဆုံးဖြစ်မယ့်နည်းလမ်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ကန့်သတ်ချုပ်ချယ်မှုတွေကို လိုသလောက်ပဲ လုပ်ပြီး အကူအညီတွေကို အလျင်မြန်ဆုံးနဲ့ အထိရောက်ဆုံး ဖြစ်အောင် ကူညီပါတယ်။ ကပ်ဘေးရဲ့အရပ်ရပ်အခြေအနေကိုသိရအောင် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် မြန်မာတွေအသုံးများတဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ် တက်လာပါတယ်။ အစိုးရကျန်းမာရေးဌာနက သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပါတယ်။ ပြည်တွင်းက စေတနာရှင်တွေ၊ အဖွဲ့အစည်းတွေရဲ့အားကို အထိရောက်ဆုံးဖြစ်အောင် အသုံးပြုပါတယ်။ ဒါတွေကတော့ မီဒီယာတွေ၊ ဆိုရှယ်မီဒီယာတွေမှာ မြင်သာတဲ့ကိစ္စတွေပါပဲ။ 
နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အနီးကပ်ဆောင်ရွက်ခဲ့တာတွေနဲ့ပတ်သက်လို့လည်းကျန်းမာ ရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးရဲ့ လွှတ်တော်တွင်းဖြေကြားချက်တွေဟာ ရှင်း လင်းတိကျပါတယ်။ လွှတ်တော်တွင်းက တပ်မတော်သားနဲ့လွှတ်တော်အမတ်တွေရဲ့ ကပ်ဘေး ကာလအတွင်း အစိုးရရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ ထောင့်ပေါင်းစုံပြီး ဝေဖန်မှုပါတဲ့ မေးခွန်းတွေကို အရပ်သားဝန်ကြီးက ပြန်လည်ဖြေရှင်းခဲ့တာကိုကြည့်ရင်း နာဂစ်တုန်းက ဒီလို မေးခွန်းထုတ်ခွင့်ရှိခဲ့ရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။ 

ပြောချင်တာက ရှင်းပါတယ်။ မြန်မာပြည်ရဲ့ဒီမိုကရေစီဟာ တင်းပြည့်ကျပ်ပြည့်မဟုတ်ပေမယ့် ဒီမိုကရေစီအစိုးရဟာ ပြည်သူ့အခွင့်အရေးတွေကို လေးစားနေရတုန်းပါပဲ။ ဘာကြောင့်လဲဆိုရင် ခေါင်းဆောင်တွေရဲ့စေတနာကို ထည့်မပြောဘဲ လက်တွေ့ကျကျပြောရင်တောင် အစိုးရ စွမ်းဆောင်ရည်ဆိုတာ အစိုးရရဲ့တရားဝင်မှုဖြစ်ပါတယ်။ မြန်မာပြည်အတွက် ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရက စီမံခန့်ခွဲမှု ညံ့ဖျင်းရင် လာတော့မယ့် ရွေး ကောက်အပေါ် သက်ရောက်မှာ သေချာပါတယ်။ 
ဒါပေမယ့် အာဏာရှင်အစိုးရ (စစ်အာဏာရှင် အပါအဝင်) တွေအတွက်တော့ ဒါတွေက သိပ်အရေးမကြီးလှပါဘူး။ နာဂစ်ကာလကြီးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို စစ်အစိုးရက မဖြစ်၊ ဖြစ်တဲ့နည်းလမ်းနဲ့ အတည်ပြုခဲ့တာ သက်သေပါပဲ။ ဒီမိုကရေစီအကူးအပြောင်းကာလမှာ အရပ်သားအစိုးရတွေအကြပ်တွေ့ရင် အာဏာရှင်လူဟောင်းတွေနဲ့ သူတို့ဘက်သားတွေက အားရကြပါတယ်။ သူတို့လက်ထက်က တခါမှ ပြည်သူကိုမပေးခဲ့ဖူးတဲ့ အထောက်အပံ့တွေ၊ ဝန် ဆောင်မှုတွေကို တောင်းဆိုကြပါတယ်။ တိုင်းပြည်ရဲ့လက်ရှိ အကြပ်အတည်းတွေကို သူတို့ ဝင်ဖြေရှင်းပေးနိုင်သယောင် (ဘာမှမလုပ်ဘဲ) လေသံပစ်ပါတယ်။ နောက်တကြိမ် သူတို့ အာဏာရရင် လက်ရှိအစိုးရထက်ပိုပြီး တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ပေးနိုင်မယ့်ဂိုက်မျိုး ဖမ်းပါတယ်။ 
ဒါပေမယ့် ဒါတွေအားလုံးဟာ လေလုံးထွားတာတွေပဲ ဖြစ်ပါတယ်။ တကယ်တမ်း ပြည်သူအတွက် စေတနာလည်းရှိ၊ စွမ်းဆောင်ရည်လည်းရှိတယ်ဆိုရင် ဒါကိုသက်သေပြဖို့ သူတို့မှာ နှစ်ပေါင်းများစွာ အချိန်ရခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးဟာ နိုင်ငံတစ်နိုင်ငံ၊ အစိုးရ တစ်ရပ်တည်းက ဖြေရှင်းလို့မရတဲ့ပြဿနာဖြစ်ပါတယ်။ အစိုးရနဲ့ပြည်သူကအကြားမှာ၊ နိုင်ငံအချင်းချင်းအကြားမှာ ပူးပေါင်း ဆောင်ရွက်ဖြေရှင်းရတဲ့အကြပ်အတည်း ဖြစ်ပါတယ်။ အစိုးရရဲ့တာဝန်ယူမှု၊ အစိုးရနဲ့ပြည်သူအကြားမှာ အပြန်အလှန်နားလည်မှုလိုပါတယ်။ ပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက် လိုအပ်ပါတယ်။ ဒီလိုဆင်ခြင်တုံတရားမျိုးဟာ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီခေါင်းဆောင်မှုနဲ့သာရှိနိုင်တဲ့အရာတွေပါပဲ။ ဒါနဲ့ပြောင်းပြန် အာဏာရှင်စနစ်ကတော့ အထီးကျန်၊ မုသာဝါဒဖြန့်ချိ၊ သတင်းအမှောင်ချ၊ ပြည်သူ့အခွင့်အရေးကိုမလေးစားတာကြောင့် လူထုရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း မရနိုင်ပါဘူး။ 
ကိုဗစ်-၁၉ ကပ်ဘေးကို ထိထိရောက်ရောက် ဖြေရှင်းနိုင်တဲ့ နိုင်ငံတွေကို ကြည့်ရင် နယူးဇီလန်၊ ဂျာမနီ၊ ဒိန်းမတ်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ အိုင်စလန်၊ ဖင်လန် နိုင်ငံတို့က ခေါင်းဆောင်တွေဟာ ဒီမိုကရေစီမူဝါဒတွေကို အထိခိုက်မခံဘဲ ကပ်ဘေးကြီးကို ရင်ဆိုင်ကျော်လွှားခဲ့ကြပါတယ်။ မြန်မာအစိုးရရဲ့ကိုင်တွယ်ပုံကို ကြည့်ရင်လည်း ဒီမိုကရေစီဘောင်အတွင်းကဖြစ်ပြီး အခြေအနေကို အကောင်ဆုံးထိန်းထားနိုင်တာကိုတွေ့ရပါတယ်။ အာဆီယံ ဒေသတွင်းမှာတောင် မြန်မာဟာ သေဆုံးမှုအနည်းဆုံး နိုင်ငံစာရင်းမှာ ပါဝင်ပါတယ်။ မြန်မာပြည်ဟာ ကိုဗစ်-၁၉ ကပ်ဘေးကိုကျော်လွှားနိုင်ပြီလို့ ပြောဖို့ စောပါအုံးမယ်။ ဒါပေမယ့် အခုအထိအခြေအနေကို ထိန်းထားနိုင်တာဟာ အစိုးရနဲ့ ပြည်သူအတူတူ ဖြစ်အောင် ဖန်တီးပေးထားတဲ့ ဒီမိုကရေစီစနစ်ကြောင့်ဖြစ်ပါတယ်။ ဒီမိုကရေစီဘောင်ထဲကနေ ပြဿနာတွေ၊ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်အောင် အခြေအနေဖန်တီးပေး၊ ဦးဆောင်မှုပေးတဲ့ဒီမိုကရက်ခေါင်းဆောင်တွေကို အမှတ်ပေးချင်ရင် ပေးလို့ရပါသေးတယ်။ နောက်ဆုံးကျတော့ ဒီမိုကရေစီစနစ်နဲ့သာ အကျပ်အတည်းတွေကို ကျော်လွှားနိုင်တယ်ဆိုတာကို ကိုဗစ်-၁၉ က သက်သေပြနေပါတယ်။

 နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar