နန္ဒအောင် - စာသမား ပါရဂူ
စာသမား ပါရဂူ
နန္ဒအောင်
(မိုးမခ) မေ ၂၂၊ ၂၀၂၆
စာသမားပါရဂူလို့ ဆိုလိုက်တာနဲ့ စာသမားတိုက်စိုးဆိုတဲ့အသုံးအနှူန်းကို သတိရကြပါလိမ့်မယ်။ဆရာပါရဂူကို 'ဆရာပါ'လို့ပဲ သုံးနှူန်းချင်ပါတယ်။ ဆရာပါနဲ့ ခင်မင်ရင်းစွဲရှိတဲ့ စာပေနယ်ပယ်ဘက်က လူတွေက ဆရာပါရဂူကို 'ဆရာပါရယ်' လို့သာ သုံးနှူန်းကြတယ်။ ဆရာပါကို ဘာလို့ စာသမား ပါရဂူလို့ သုံးနှူန်း ရသလဲဆိုတဲ့ ကျွန်တော့်အဆိုကို ရှင်းပါမယ်။
ဆရာပါ ကျေးဇူးကြောင့် ကျွန်တော်တို့ စာဖတ်ပရိတ်သတ်တွေဟာ ဟိန္ဒီစာပေတွေ အမြောက်အမြား ဖတ်ရပါတယ်။ ဆရာပါထက် အရင် ဟိန္ဒီစာပေတွေ ဘာသာပြန် မိတ်ဆက်ပေးတဲ့ စာရေးဆရာတွေ ရှိပါတယ်။ ဓနုဖြူဦးအေးမောင်တို့ပေါ့။ အဲဒီနယ်ပယ်မှာ ဆရာပါထက် စီနီယာကျတယ် ပြောရမယ်။ ဆရာပါ ရေးတာတွေက ဟိန္ဒီဘာသာကနေ တိုက်ရိုက်ဘာသာပြန်ထားတွေက ပိုများတယ်။ ဟိန္ဒီဘာသာကို အင်္ဂလိပ်လို ပြန်ထားတာကနေ တဆင့်ထပ်ယူပြီး ဘာသာပြန်ရင် တိုက်ရိုက်ဘာသာပြန်တာ မဟုတ်တော့ဘူး။ အဲဒီလို တခြားဘာသာစကား တဆင့်ခံထားတာကနေ ဘာသာပြန်ရင် မူရင်းဘာသာနဲ့ကော တထပ်တည်းကျနိုင်တာလည်း ရှိသလို၊ ဘာသာစကား အနည်းအငယ် တိမ်းစောင်းတာမျိုးလည်း ရှိနိုင်ပါတယ်။ မြန်မာစာဖတ်ပရိသတ်တွေကို ဟိန္ဒီဘာသာကနေ တိုက်ရိုက်ဘာသာပြန်ပြီး အိန္ဒိယယဉ်ကျေးမှုတွေနဲ့ ထိတွေ့ခွင့်ပေးတဲ့ ဆရာပါကျေးဇူးတွေဟာ ကြီးမားလှပါတယ်။
ဆရာပါရဲ့ အတ္ထုပ္ပတ္တိကိုပဲ ကြည့်ကြည့်၊စာစုစာရင်းကိုပဲ ကြည့်ကြည့် ဆရာပါရေးခဲ့တဲ့ စာတွေက အများကြီးပါ။ ဆရာပါဟာ ရေးအားကောင်းတဲ့ စာရေးဆရာတွေထဲက တယောက်ပါ။ စာရေးအားကောင်းတယ်ဆိုတာ ဘာလို့ ရေးအားကောင်းတာလဲ၊ ဘယ်အချက်တွေကြောင့်လဲ။ ဆရာပါဟာ ဘာသာပြန်၊ ပင်ကိုယ်ရေး၊ ခရီးသွားဆောင်းပါးတွေ အများကြီး ရေးခဲ့သူပါ။
ဘာသာပြန်စာပေတွေ ရေးမယ်ဆိုရင် မူရင်းစာအုပ်တွေဖတ်ရပါမယ်။ ဘာသာပြန်သူ စာရေးဆရာက မူရင်းစာအုပ်တွေကိုဖတ်ကြည့်ပြီးမှ ဒီစာအုပ်ဟာ ဘာသာပြန်သင့်တယ်ဆိုပြီး ဘာသာပြန်ကြပါတယ်။ ဖတ်သမျှ မူရင်းစာအုပ်တိုင်းကို ဘာသာပြန်တာတော့ မဟုတ်ပါ။ ဘာသာပြန်ဖို့ စာတွေဖတ်ရပါတယ်။ ပင်ကိုယ်ရေးစာတွေရေးဖို့လည်း စာတွေ ဖတ်ရပါတယ်။ စာတွေဖတ်ရင်းကနေမှ ကိုယ်စာရေးဖို့ အတွေးတွေ ထပ်ရပါတယ်။ ဆရာပါဟာ စာစုံဖတ်တဲ့ စာဖတ်သူတယောက်၊စာသမား တယောက်ပါ။ ဆရာပါဟာ ဘာသာပြန်ဖို့၊ ပင်ကိုယ်ရေးစာတွေ ရေးဖို့ စာတွေအများကြီး ဖတ်ပါတယ်။ စာရေးအားကောင်းသလောက် စာဖတ်အားလည်း ကောင်းပါတယ်။ ဆရာပါဟာ ဘဝကို စာဖတ်ရင်း၊စာရေးရင်းနဲ့ပဲ ဖြတ်သန်းနေသူပါ။ ဆရာပါဟာ ဘယ်နေရာရောက်ရောက် ပထမဦးဆုံး သွားဖြစ်တဲ့နေရာက "စာအုပ်ဆိုင်" ပါပဲ။ စာသမား၊ ပညာသမား ပီသတဲ့ လုပ်ရပ်ပါ။
ဆရာပါဟာ အိန္ဒိယကို ခဏခဏ ခရီးသွားဖြစ်ပါတယ်။ ဆရာပါ ရေးတဲ့ ခရီးသွားဆောင်းပါးတွေ၊ဘာသာပြန် အမှာစာတွေ ဖတ်ကြည့်ရင် ဆရာပါတယောက် အိန္ဒိယရောက်တိုင်း စာအုပ်ဆိုင်တွေ အရင်သွားတတ်တာ ဖတ်ရပါတယ်။ ဖတ်မိသလောက်လည်း ဆရာပါဟာ အိန္ဒိယကနေ ပြန်လာရင် စာအုပ်တွေ တပွေ့တပိုက်နဲ့ပဲ ပြန်လာသူပါ။ စာသမားဟာ စာအုပ်ပဲ ဝယ်ပြီးပြန်မှာပေါ့။ ဆရာပါဟာ စာရေးတဲ့အလုပ်ကို အပျော်ဝင်လာတာမှ မဟုတ်တာ။အိန္ဒိယနိုင်ငံမှာ ဆရာပါ နေလို့ အပျော်ဆုံးမြို့တွေမှာ 'ကာလကတ္တားနဲ့ ဗာရာဏသီမြို့'တို့ပါ။ ဆရာပါဟာ အိန္ဒိယနိုင်ငံက ဂုရုကြီးတွေ ဖြစ်တဲ့ ရာဟုလာသံကိစ္စည်း၊ အာနန္ဒာ ကောသလ္လာယန၊ တခြားနာမည်ကျော်စာရေးဆရာတွေနဲ့လည်း ရင်းနှီးသူပါ။
ဆရာပါ ကာလကတ္တားရောက်တိုင်း သွားနေကျ တနေရာရှိတယ်။ ကောလိပ်စကွဲယားက မဟာဗောဓိအသင်းတိုက်ဆီကိုပါ။ မဟာဗောဓိအသင်းတိုက်မှာ စာအုပ်ဆိုင် တဆိုင်ရှိတယ်။ အဲဒီစာအုပ်ဆိုင်က ဗုဒ္ဓကျမ်းစာအုပ်တွေကို ဘာသာမျိုးစုံနဲ့ ရောင်းတဲ့ဆိုင်ပါ။ ဆရာပါက အဲဒီစာအုပ်ဆိုင်ကနေ သူလိုချင်တဲ့ စာအုပ်တွေတွေ့ရင် ဝယ်လေ့ရှိတယ်။
မဟာဗောဓိအသင်းကြီးက အင်္ဂလိပ်ဘာသာနဲ့ 'မဟာဗောဓိ'ဂျာနယ် ထုတ်ဝေတယ်။ ဆရာပါက မဟာဗောဓိဂျာနယ်အတွက် ရာသက်ပန်ကြေး ပေးထားသူပါ။ သုံးလေးနှစ်လောက်သာဂျာနယ်ရပြီး နောက်ပိုင်း မရတော့ပါ။ မဟာဗောဓိဂျာနယ် မရတော့တဲ့ အကြောင်းကို ကာလကတ္တား-၂ ဆောင်းပါးထဲမှာ ဆရာပါက ' ထိုအကြောင်းကို စာနှင့်လည်း အကြောင်းကြားဖူးသည်။ ကာလကတ္တားရောက်ခိုက် လူကိုယ်တိုင် သွားပြောသည်မှာလည်း သုံးကြိမ်ရှိပြီ။ သွားပြောတိုင်းလည်း ပို့လိုက်ပါသည်ဟု ပြော သည်။ ယခုတစ်ကြိမ် မဟာဗောဓိ အသင်းတိုက် သွားသည်မှာလည်း ထိုကိစ္စသည် အဓိကဖြစ် သည်။ မဟာဗောဓိဂျာနယ် အယ်ဒီတာ သီရိလင်္ကာနိုင်ငံသား တစ်ယောက်နှင့်တွေ့သည်။ အယ်ဒီတာက ပို့လိုက်ပါမည်ဟု နှစ်သိမ့်လိုက်ပြန်သည်။ သို့သော်လည်း မဟာဗောဓိဂျာနယ် တစ်စောင်တစ်လေမျှ ယောင်၍ပင် ပေါ်မလာပေ' လို့ ရေးထားတာ ဖတ်ရတယ်။ စာသမား ပါရဂူက သူယုံကြည်တဲ့ စာပေအပေါ် အဲဒီလို ခံယူချက်အပြည့်နဲ့ နေထိုင်သွားသူပါ။ ဆရာပါဟာ ငွေကြေးအားဖြင့် တောင့်တင်းသူမဟုတ်ပေမယ့်၊ ကိုယ်ဖတ်ချင်တဲ့ စာအုပ်စာတမ်းတွေအတွက် တခြားနိုင်ငံကနေတောင် မှာယူ ဖတ်လေ့ရှိတဲ့ စာပေသဘောထားကို အထင်းသား မြင်တွေ့ရမှာပါ။
ကာလကတ္တားမှာ ဂန္ဓီလမ်းဆိုတာ ရှိတယ်။ အဲဒီ ဂန္ဓီလမ်းမှာက ဟိန္ဒီစာအုပ်ဆိုင်ကြီးတွေ ရှိတယ်။ ဟိန္ဒီစာအုပ်ဆိုင်ကြီးတွေရဲ့ စာအုပ်သင်းရနံ့တွေက ဆရာပါကို ဆွဲဆောင်နေမှာ အသေအချာပါပဲ။ အဲဒီလမ်းပေါ်က စာအုပ်ဆိုင်ကြီးတွေကိုလည်း ဆရာပါက သွားရောက်မွှေနှောက်နေလေ့ရှိတယ်။ ဂန္ဓီလမ်းက စာအုပ်ဆိုင်တဆိုင်ကနေ ဆရာပါ လိုချင်လွန်းလို့ မှာလိုက်တိုင်းလည်း မရတဲ့ စာအုပ်ကို ရခဲ့တယ်။ အဲဒီ စာအုပ်အကြောင်းကို ကာလကတ္တား-၃ ဆောင်းပါးထဲမှာ ဆရာပါက 'ထိုစာအုပ်ဆိုင်မှာ ထိုလမ်းရှိ တခြားစာအုပ်ဆိုင်များလောက် စာအုပ်လည်း မစုံပေ။ ခမ်းခမ်းနားနားလည်း မရှိပေ။သို့သော်လည်း ထိုစာအုပ်ဆိုင်သို့ ရောက်သွားသည့်အတွက် အမြတ်ထွက်လာသည်။ နှစ်အတန်ကြာကစပြီး ကျွန်တော်လိုချင်နေသော မှာလိုက်တိုင်းလည်း ကုန်နေသည် ဟူ၍သာ အဖြေရသော ဗုဒ္ဓကထာ အမည်ရှိစာအုပ် ထိုဆိုင်က ရရှိလာသည်' လို့ ရေးထားတယ်။ ဆရာပါ ဗာရာဏသီကို သွားတုန်းက ရောက်ခဲ့တဲ့ စာအုပ်တိုက်ကြီးရဲ့ ပိုင်ရှင်က ကာလကတ္တားက ဂန္ဓီလမ်းမကြီးမှာ သူတို့ တိုက်ခွဲ ရှိတယ် ဆက်ဆက်သွားပါလို့ မှာရင်းကနေ အစပြုပြီး အဲဒီ "ဗုဒ္ဓကထာ" ဆိုတဲ့ စာအုပ်ကို ရခဲ့တာပါ။
၁၉၈၀ခုနှစ် အိန္ဒိယခရီးတုန်းက ဆရာပါ ဗာရာဏသီ ရောက်တယ်။ ဆရာပါ ထုံးစံအတိုင်း ရောက်လေရာအရပ် စာအုပ်ဆိုင်၊ စာအုပ်တိုက်တွေကို သွားတယ်။ ဗာရာဏသီက အကြီးဆုံး စာအုပ်ထုတ်ဝေရေး ဌာနတခုဖြစ်တဲ့ 'ဟိန္ဒီ ပရကျ ရက် ဆံဆဋ္ဌန်'ကို ရောက်သွားတယ်။ အဲဒီမှာ ဆရာပါ မြန်မာလို ဘာသာပြန်ခဲ့တဲ့ 'ဒေါဏ၏ အတ္တကထာ'ဝတ္ထုရေးသူ မဒူရှရမာနဲ့ တွေ့ဆုံခဲ့သေးတယ်။ဘာသာပြန် စာရေးဆရာရဲ့ သူဘာသာပြန်တဲ့ စာအုပ်ရဲ့ မူရင်းစာရေးသူနဲ့ စာပေသဘော၊ အယူအဆတွေ ပြောကြဆိုကြမှာ မလွဲမသေပါ။
၁၉၉၄ ခုနှစ်တုန်းက ဆရာပါက ဗာရာဏသီမြို့ မိဂဒါဝုန် သွားပြီး " ဟိန္ဒူဘာသာ - ဗုဒ္ဓဘာသာ အလုပ်ရုံဆွေးနွေးပွဲ " သွားတက်သေးတယ်။အလုပ်ရုံ ဟိုတယ်ကနေ ဘုန်းကြီးကျောင်းကို အပြန် ဗာရာဏသီဈေးကြီးထဲက ဆရာပါ ဝယ်နေကျ စာအုပ်ဆိုင်ကြီးကို သွားတယ်။ ဆိုင်ရှင်တွေက ဆရာပါကို သိနေပြီ၊ ဆရာပါ ဘယ်လိုစာအုပ်အမျိုးအစားကို ဝယ်ယူလေ့ ရှိတယ်ဆိုတာကိုပင် သိနေကြပြီ။ ဆရာပါ ရောက်လာတာနဲ့ ဆရာပါရှေ့ကို စာအုပ်အစိတ်အသုံးဆယ်လောက်ချပေးတယ်။စာသမား ပါရဂူက ထမင်းငတ်ချင် ငတ်ပစေဆိုပြီး စာအုပ်တွေ ဝယ်ပလိုက်တယ်။ ဆရာပါက အဲဒီစာအုပ် ဝယ်တဲ့အကြောင်းကို " မိဂဒါဝုန်သို့ " ဆောင်းပါးထဲမှာ 'ထိုစာအုပ်များထဲက ဝယ်ယူလိုသော စာအုပ်များကို ဝယ်ယူလိုက်သည်။ ရူပီး တစ်ထောင်ကျော်ဖိုးလောက် ကျသွားသည်။ မိတ်ဆွေ ရာမပရကာ့ရှ်က ကျုပ်ဆီမှာတော့ ခင်ဗျား စာအုပ်ဖိုးအတွက် ပေးဖို့ ငွေပိုမပါဘူး၊ ခင်ဗျားဆီမှာ ပါလျှင်တော့ ဝယ်နိုင်ပါတယ်ဟု ပြောသည်။ ကိစ္စမရှိ။ ထမင်းအငတ်ခံ နေရမည်ဆိုလျှင် နေချင်နေမည်။ စာအုပ်မဝယ်ဘဲတော့ မနေနိုင်။ နောင်အခါလာမှ နောင်ခါဈေး။ လက်ထဲ ရှိသမျှငွေနှင့် စာအုပ်ဝယ်ပစ်လိုက်သည်။ နောင်ကျမှ ကြည့်ရှင်းမည်' လို့ ရေးထားတယ်။ စာသမား ဆရာပါဟာ စာဖတ်ခြင်း၊စာရေးခြင်းအလုပ်ကို လမ်းကြုံလို့ ဝင်လာခြင်း မဟုတ်ဘဲ တကယ်ကို အငတ်အပျတ်ခံပြီး စာအုပ်တွေကို 'ဝယ်ဖတ် ၊စုဆောင်း၊ ရေးသား' ခဲ့တာပါ။ဘယ်လို စာအုပ်အမျိုးအစား ဝယ်တယ်ဆိုတာကို သိနေပြီဆိုယုံနဲ့ ဆရာပါဟာ ဗာရာဏသီတခွင် စာအုပ်တန်းတွေမှာ အချိန်တွေ အများကြီး မြှုပ်နှံကုန်ဆုံးလေ့ရှိတယ်ဆိုတာ သိသာပါတယ်။
ဆရာပါဟာ သူ့ဘဝမှာ စာဖတ်ခြင်းသာ ပထမ၊စာရေးခြင်းသာ ပထမပါ။ မိဂဒါဝုန်က မူလ ဂန္ဓကုဋီဝိဟာရအတွင်းမှာ မဟာဗောဓိအသင်းကနေ ဖွင့်ထားတဲ့ စာအုပ်ဆိုင်ရှိတယ်။ အဲဒီစာအုပ်ဆိုင်က ဗုဒ္ဓစာပေနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ရောင်းတယ်။ ဆရာပါက မိဂဒါဝုန် ရောက်တိုင်း အဲဒီဆိုင်ကနေ စာအုပ်ဝယ်နေကျ။ ဆရာပါက ဘယ်နေရာ ရောက်ရောက် ပထမဆုံးသွားတဲ့နေရာက စာအုပ်ဆိုင်ဆိုတဲ့ အကြောင်းကို " မိဂဒါဝုန်သို့ " ဆောင်းပါးထဲမှာ ' ယခုလည်း မိဂဒါဝုန် ရောက်လာလျှင် ရောက်လာချင်း စာအုပ်ဆိုင်သို့ အရင်ပြေးသည်။ မူလ ဂန္ဓကုဋီဝိဟာရထဲ ရောက်သွားသောအခါ ဘုရားဝတ်မပြုမီ စာအုပ်ဆိုင်ကို အရင်မွှေသည်။ စာအုပ်ဝယ်ပြီးမှ ဘုရားဝတ်ပြုသည် ' လို့ ရေးထားတယ်။ အဲဒီအခေါက်တုန်းက ဆရာပါ တို့ကမိဂဒါဝုန် ဦးကိတ္တိမာ တည်ထောင်ထားတဲ့ မြန်မာကျောင်းတိုက်မှာ တည်းကြတယ်။
ဦးကိတ္တိမာဆိုတာက မဟာဗောဓိ စေတီတော်သမိုင်းကို ရေးသူပါ။ ဆရာပါက "ထိုသုံးဦး"ဆောင်းပါးထဲမှာ ' မိဂဒါဝုန် ဦးကိတ္တိမာ ရေးသော မဟာဗောဓုပ္ပတ္တိ ကထာ အမည်ရှ်ိ မြန်မာဘာသာ မဟာဗောဓိ စေတီတော်သမိုင်း စာအုပ်ကြီးကို ယခုအခါတွင် ရှာမရတော့ပေ။ ယခုလို ဘုရားဖူးများ အိန္ဒိယသို့ ဥဒဟိုသွားလာနေချိန်၌ မိဂဒါဝုန် ဦးကိတ္တိမာ၏စာအုပ်ကို ပြန်လည်ပုံနှိပ်ထုတ်ဝေသင့်သည်' လို့ အကြံ ပြုရေးသားထားတယ်။
ဆရာပါက ဟိန္ဒီစာပေတွေ ဘာသာပြန်တယ်။အိန္ဒိယကလည်း ဆရာပါကို ဟိန္ဒီစာပေတွေ ဘာသာပြန်ပြီး မြန်မာနဲ့ အိန္ဒိယ ယဉ်ကျေးမှုကို ပေါင်းကူးပေးတဲ့ စာရေးဆရာလို့ သိထားတယ်။ အိန္ဒိယမှာ ဆရာပါနဲ့ ရင်းနှီးတဲ့ ဂုရုမိတ်ဆွေကြီးတွေ တော်တော်များများ ရှိတယ်။ အိန္ဒိယ စာပေနယ်၊ပညာရေးနယ်မှာလည်း လူချစ်လူခင် ပေါများပုံရတယ်။ အိန္ဒိယ စာရေးဆရာ ဂုရုကြီးတွေက စာသမား ဆရာပါကို စာအုပ်တွေ လက်ဆောင်ပေးလေ့ ရှိတယ်။ ဆရာပါက " ထိုသုံးဦး " ဆောင်းပါးထဲမှာပဲ ' ဘိက္ခုဂယန်ဂျဂတ်သည် ထိုအချိန်က ကျွန်တော့်အား Dipark K Barua ၏ Buddha Gaya Temple It's History အမည်ရှ်ိ အင်္ဂလိပ်ဘာသာ ဗုဒ္ဓဂယာ မဟာဗောဓိ စေတီဝောာ် သမိုင်းစာအုပ်ကြီးကို လက်မှတ်ထိုးပြီး လက်ဆောင်ပေးလိုက်သည်။ ဗုဒ္ဓဂယာရောက်ခိုက် မဟာဗောဓိ စေတီတော် သမိုင်းစာအုပ်ကြီး ရရှိသဖြင့် ထိုရဟန်းတော်အား အထူးကျေးဇူးတင်မိသွားသည် ' လို့ ရေးထားတယ်။
ဆရာပါဟာ ဘိက္ခုအာနန္ဒာကောသလ္လာယနနဲ့ အလွန်ရင်းတဲ့ မိတ်ဆွေတွေ။ ဘိက္ခု အာနန္ဒာကောသလ္လာယန ရန်ကုန်လာတုန်းကလည်း မြန်မာနိုင်ငံက စာရေးဆရာတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ပေးပြီး ဘာသာပြန်အဖြစ် ဆောင်ရွက်ပေးတယ်။ ဆရာပါဟာ ဈေးကြီးလို့ ဝယ်ချင်ရက်နဲ့ မဝယ်ဘဲ ဖြေသိမ့်လိုက်ရတဲ့ စာအုပ်တအုပ်ရှိတယ်။ ဘိက္ခုမေဓင်္ကရရေးတဲ့စာအုပ်ပါ။ ပါဠိစာပေထဲက ဗောဓိသတ္တကျင့်စဉ် အကြောင်း တင်သွင်းထားတဲ့ ကျမ်းစာပါ။ ဟိန္ဒူဘာသာ - ဗုဒ္ဓဘာသာ အလုပ်ရုံ ဆွေးနွေးပွဲလာရင်းနဲ့ တည်းခိုတဲ့အဆောင်မှာ ဆရာပါနဲ့ ဘိက္ခုမေဓင်္ကရတို့ ဆုံတယ်။ စာရေးဆရာချင်းချင်းဆိုတော့ ခင်မင်ရင်းနှီးသွားတယ်။ ဘိက္ခုမေဓင်္ကရက နာမည်ကျော် အာနန္ဒာကောသလ္လာယနရဲ့ တပည့်လည်း ဖြစ်နေတော့ ဆရာပါကို အရမ်းခင်သွားတယ်။ ဆရာပါ ဝယ်ချင်လိုက်ရဲ့သားနဲ့ မဝယ်ဘဲ လက်လျှော့လိုက်ရတဲ့ စာအုပ်ကိုလည်း ဘိက္ခုမေဓင်္ကရက သူကိုယ်တိုင် လက်မှတ်ထိုးပြီး လက်ဆောင်ပေးလိုက်တယ်။ ဆရာပါဟာ ဘိက္ခုမေဓင်္ကရ ရေးတဲ့ " ဗုဒ္ဓနှင့် ဗုဒ္ဓ၏ ခေတ်ပြိုင် ရဟန်းတော်များ" စာအုပ်ကိုလည်း မိဂဒါဝုန် မူလဂန္ဓကုဋီဝိဟာရ ခန်းမထဲက စာအုပ်ဆိုင်ကနေ ဝယ်ခဲ့သေးတယ်။
ဆရာပါကို စာအုပ်တွေ လက်ဆောင်ပေးတဲ့ စာရေးဆရာကြီးတယောက် ရှိသေးတယ်။စာရေးဆရာကြီး " ရရှပါလ်ဂျိန်း " ပါ။ ဆရာပါ ဒေလီရောက်တိုင်း ကန်နော့ဆားကပ်ဈေးကြီးထဲက ' ဆာစတာ ဆာဟိတျမန္ဒလ ' စာအုပ်တိုက်ကြီးကို သွားလေ့ရှိတယ်။ ရရှပါလ်ဂျိန်းက အဲဒီစာအုပ်တိုက်ကြီးရဲ့ ဒါရိုက်တာပါ။ မြန်မာနိုင်ငံကိုလည်း နှစ်ကြိမ် ရောက်ဖူးတယ်။ ဒုတိယအကြိမ် လာတုန်းက ၄၅ လမ်းထိပ်က ဆရာဝန်ကြီး ဒေါက်တာ အုံပရကာရှ်အိမ်မှာ မြန်မာစာရေးဆရာတွေနဲ့ တွေ့ဆုံပွဲ လုပ်ခဲ့သေးတယ်။ အိန္ဒိယက ဂုရုကြီးတွေ လာတိုင်း ဆရာပါက ဘာသာပြန်အဖြစ်ကော၊အဖော်ဖြစ်ကော လုပ်ပေးလေ့ရှိတယ်။အိန္ဒိယသွားရင်လည်း ဆရာပါနဲ့ စာရေးဆရာကြီးတွေ ဆုံနေကျ။ ဆရာပါဟာ မြန်မာနဲ့ အိန္ဒိယယဉ်ကျေးမှုနှစ်ရပ်အပြန်အလှန်နားလည်မှုပိုရဖို့ အတွက် ပေါင်းကူးတံတားသဖွယ်ပါ။
ဆရာပါ အိန္ဒိယမှာ စာအုပ်တန်းတွေကို သွားတာ၊ စာအုပ်ဝယ်တာ မဆန်းဘူး။ အိန္ဒိယမှ မဟုတ်ဘူး၊ဘန်ကောက်သွားတုန်းကလည်း စာအုပ်ဆိုင်တွေ သွားခဲ့သေးတာပဲ။ ငွေရေးကြေးရေး အခြေအနေကြောင့် လက်လျှော့လိုက်တာပါ။ ဆရာပါက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကုန်တိုက်ကြီးထဲက စာအုပ် ဆိုင်ကြီးထဲ ရောက်သွားကြတယ်။ စာအုပ်ဆိုင် တနေရာတည်းကကို သာမာန် အဆောက်အအုံ တစ်ခုစာလောက်ရှိတယ်။ ဆရာပါက " ထိုင်းနိုင်ငံ ဘန်ကောက်ရှုခင်း " ဆောင်းပါးထဲမှာ ' စာအုပ်ဆိုင်ထဲတွင် တစ်နာရီလောက် ကြာသွားသည်။ ဦးဝင်းကြည်က သူ့လုပ်ငန်းအတွက် အထောက်အကူပြုမည့် စာအုပ်အနည်းအငယ် ဝယ်ယူသည်။ မိမိကမူ ဝယ်လိုသော စာအုပ်များကို တွေ့သော်လည်း အိတ်ထဲက အခြေအနေကိုကြည့်၍ လက်လျှော့လိုက်ရသည် ' လို့ရေးထားတယ်။ ကိုယ်လိုချင်တဲ့ စာအုပ်တွေ့ရက်နဲ့ လက်လျှော့လိုက်ရတဲ့ ခံစားချက်ကို စာသမားချင်းမှပဲ နားလည်နိုင်ပါမယ်။
ဆရာပါဟာ စာရေးဆရာမဖြစ်ခင်ကတည်းက စာဖတ်အား အလွန်ကောင်းတဲ့ သူပါ။ ဆရာပါရဲ့ ငယ်ဘဝ တနည်း ကိုရင်ဘဝ ပတ်ဝန်းကျင်ကလည်း တကယ့် စာတတ်ပေတတ်ကြီးတွေနဲ့ ထိတွေ့နေထိုင်ခွင့် ရတာပါ။ စာတတ်ပေတတ်ကြီးတွေနဲ့ ထိတွေ့ခွင့်ရတာကလည်း နည်းတဲ့အခွင့်အရေးမှ မဟုတ်တာ။ ဆရာပါရဲ့ ဥပဇ္ဈာယ်ဆရာတော် ဖြစ်တဲ့ မြစ်ကွေ့စာသင်တိုက်က " ဦးပညာဝံသ " က တကယ့် စာတတ်ပေတတ်ကြီး။ ဟိုခေတ်တုန်းက ပိဋကတ်စာပေတွေကို ထုတ်တဲ့ သုဓမ္မဝတီတို့၊ ဇမ္ဗူ့မိတ်ဆွေတို့၊ ပြည်ကြီးမဏ္ဍိုင်တို့ စာအုပ်တိုက်ကြီးတွေက ထွက်သမျှ ပိဋကတ် စာအုပ်ဖြစ်ဖြစ်၊ မြန်မာ စာအုပ်ဖြစ်ဖြစ် ဆရာတော်ရဲ့ အမှာစာနိဒါန်း မပါတဲ့ စာအုပ် မရှိဘူး။ ဆရာတော့် အမှာစာမပါရင် စာအုပ်မဖြစ်လောက်တဲ့ အထိပါ။ ဆရာတော် ဦးပညာဝံသက အမှတ်အသား အစုဆောင်းကလည်း အတော်ကောင်း၊ အရမ်းလည်းတော်တဲ့ စာတတ်ပေတတ်ကြီးပါ။ ပိဋကတ်သမိုင်း စာအုပ်မှာ ရေးသူ အမည်မသိ ဆိုတာမျိုးတွေကို ရေးသူအမည်ကော၊ စာပြီးနှစ်တွေပါ ဖြည့်ပေးနိုင်သူပါ။ဆရာတော်က ဘယ်လောက်တောင် အမှတ်အသားကောင်းလဲဆိုရင် သူစီးတဲ့ ဆိုက္ကားတောင် ဆိုက်ကားဆရာနာမည်မေး၊ ဆိုက္ကားနံပတ်ကအစ ရေးမှတ်တဲ့ ပုဂ္ဂိုလ်ပါ။ ဆရာပါတို့ ဆရာဦးဆန်းထွန်း( မန်းတက္ကသိုလ် ) တို့ဟာ အဲဒီလို စာတတ်ပေတတ်ကြီး ဆရာတော် ဦးပညာဝံသဆီမှာ နေခဲ့ရတာပါ။ စာဖတ်တဲ့ ပတ်ဝန်းကျင်ကဆိုတော့ စာဖတ်ချင်လာတာ မဆန်းပါ။
ဆရာပါလို့ ဆိုလိုက်ရင် ဟင်ဒီစာပေနဲ့ တွဲမြင်ပါလိမ့်မယ်။ ဆရာပါဟာ ဟင်ဒီစာပေထက်အရင် ဂျပန်စာကို သင်ပါသေးတယ်။ ဂျပန်စာကို ကောင်းကောင်း ဖတ်နိုင်လာတဲ့ အထိ တက်ခဲ့သေးတယ်။ ဆရာပါဟာ ပညာတခုခုကို သင်ချင်နေတဲ့စိတ် ရှိပါတယ်။ နောက်ပိုင်းမှာ ဆရာပါဟာ ဟင်ဒီစာပေကို စိတ်ဝင်စားလာခဲ့တယ်။ သန်လျင် ဘီအိုစီဘက်မှာ ဟင်ဒီစာပေနဲ့ ဆရာပါ နီးစပ်ခွင့်ရခဲ့တယ်။အဲဒီအချိန်တုန်းက ဆရာပါဟာ ကိုရင်ဘဝ ရှိပါသေးတယ်။ သန်လျင် ဘီအိုစီဘက်မှာ အိန္ဒိယ အမျိုးသားတွေရဲ့ စာကြည့်တိုက် ရှိတယ်။ ဒုတ်ိယကမ္ဘာစစ်ကြီးဖြစ်တော့ စာကြည့်တိုက်က စာအုပ်တွေကို ဟိန္ဒူဘုရားကျောင်းထဲမှာ ထားခဲ့တယ်။ ဆရာပါဟာ အဲဒီဘုရားကျောင်းက ကပ္ပိယကြီးဆီကနေ ခွင့်တောင်းပြီး ဟင်ဒီစာအုပ်တွေ ငှားဖတ်တယ်။ ဆရာပါဟာ အဲဒီအချိန်ထိ ဟင်ဒီ အက္ခရာ နည်းနည်းပါးပါးသာ သိပြီး ဟင်ဒီစာကို သိပ်မဖတ်တတ်သေးပါဘူး။ ဟင်ဒီစာအုပ်တွေကို နားလည်အောင် မဖတတ်တတ်သေးပါဘူး။ ဆရာပါဟာ ငယ်ငယ်ကတည်းက ပညာကို အဲလိုရှာဖွေခဲ့တာပါ။နောက်ပိုင်းမှာ အဲဒီစာကြည့်တိုက်ကြီးက ဟင်ဒီစာအုပ်တွေ ဆရာပါဆီမှာ တော်တော်စုမိလာတယ်။ ဆရာပါ ဘာသာပြန်တဲ့ နာမည်ကျော် 'ဟိတာပဒေသ၊ ကွန်မြူနစ်ဝါဒသာလျှင် အဘယ့်ကြောင့်' ဆိုတဲ့ စာအုပ်တွေက အဲဒီစာကြည့်တိုက်ကြီးကနေ ရခဲ့တာပဲ။ တခြား ဘာသာပြန်တဲ့ဟင်ဒီစာအုပ် တော်တော်များများကလည်း အဲဒီ "ဆရဆွတီ'စာကြည့်တိုက်က စာအုပ်တွေပါပဲ။
ဆရာပါဟာ "ဆရဆွတီ" စာကြည့်တိုက်ကနေ ဟင်ဒီစာအုပ်တွေ ငှားဖတ်နေပေမယ့် ဟင်ဒီစာကို နားလည်အောင် မဖတ်နိုင်သေးပါဘူး။ ဟင်ဒီစာကို နားလည်အောင်တော့ အတော်ကြိုးစား အားထုတ်နေပြီ။ ဆရာပါဟာ ဟင်ဒီစာ သင်ပေးမယ့်သူ လိုက်ရှာရင်းနဲ့ ဒုတိယကမ္ဘာစစ်ပြီးစမှာ သန်လျင်ဘက်က နွားနို့ရောင်းတဲ့ဟိန္ဒူကုလား အဘိုးကြီးနဲ့ သင်ဖြစ်ခဲ့ပါတယ်။ ဆရာပါဟာ ဟင်ဒီစာပေကို ထမင်း စားရေသောက်မဟုတ်ဘဲ၊ တကယ်ကို အငတ်အပျတ်ခံပြီး လေ့လာခဲ့တာပါ။ ဒါကြောင့်မလို့လည်း ကျွန်တော်တို့ ဆရာပါစာတွေကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့ရတာပါ့။
ဆရာပါဟာ ငယ်ငယ်ကတည်းက စာပေဝါသနာပါသလို စာရေးဆရာလည်း ဖြစ်ချင်ခဲ့တယ်။ စာပေဝါသနာပါတဲ့ သူတွေရဲ့ ထုံးစံအတိုင်း နာမည်ကျော် စာရေးဆရာကြီးတွေကို တွေ့ချင်ခဲ့တယ်။ စာသမား ပါရဂူပေါက်စက စာရေးဆရာကြီးတွေနဲ့ တွေ့ချင်၊သိချင်တော့ မဂ္ဂဇင်းတိုက်၊ သတင်းစာတိုက်တွေကို သွားတယ်။ သူရိယသတင်းစာတိုက်မှာပဲ သတင်းစာဆရာ ဦးသိမ်းမောင်၊ ဆရာမာဃ၊ ဇဝန၊အောင်ထူးတို့နဲ့ သိခဲ့တယ်။ သူရိယတိုက်မှာပဲ ဆရာကြီးရွှေဥဒေါင်း၊ မဟာဆွေ၊ ရွှေစကြာတို့ကို မြင်တွေ့ခဲ့ဖူးတယ်။ အရှင်တေဇောသာရ(ဒဂုန်ဦးထွန်းမြင့်)နဲ့ ဒဂုန်မဂ္ဂဇင်း လိုက်သွားပြီး ဒဂုန်ဦးလှဖေနဲ့ ရင်းနှီးခဲ့တယ်။ ဦးဆန်းထွန်း(မန်းတက္ကသိုလ်)နဲ့ လူထုဦးလှရဲ့ ကြီးပွားရေး မဂ္ဂဇင်းတိုက်၊ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ ဂျာနယ်ကျော်တိုက်တို့ကို လိုက်သွားလေ့ရှိတယ်။ ဒဂုန်ဦးထွန်းမြင့်ရဲ့ "ပထမပြန်သဒ္ဒါ'စာအုပ်ကို ဟံသာဝတီပုံနှိပ်တိုက်က ရိုက်ပေးတော့ ဆရာပါက 'ပရု'ပြင်ဖို့ နေ့တိုင်းသွားဖြစ်တယ်။ ဆရာပါ ဘဝမှာ ပထမဆုံး ရောက်ဖူးတဲ့ မဂ္ဂဇင်းတိုက်က ဒဂုန်ဦးထွန်းမြင့်နဲ့ လိုက်သွားတဲ့ ဒဂုန်မဂ္ဂဇင်းတိုက်ပါ။ ဆရာပါ ငယ်ငယ်လေး ကိုရင်ဘဝကတည်းက ဒဂုန်ဦးထွန်းမြင့်နဲ့ ဦးဆန်းထွန်း(မန်းတက္ကသိုလ်)တို့က လစဉ်ထုတ် စာစောင်တွေမှာ နေရာရနေပါပြီ။
ဆရာပါက ငယ်ငယ်လေးကတည်း စာစုံဖတ်တယ်။ဆရာပါရဲ့ 'ကြွေးကြော်သံ' ဆောင်းပါး ဖတ်ဖူးတယ်။ အဲဒီဆောင်းပါးထဲမှာ ဆရာပါက ဆရာကြီး ပီမိုးနင်းရဲ့ "တက်လူကွ" ဝတ္ထုထွက်စ ဆူးလေဘုရားဝိုင်းက စာအုပ်ဆိုင်တဆိုင်မှာ သွားဝယ်တာကို ရေးဖွဲ့ထားတယ်။ အခုခေတ်က စာအုပ်တန်း၊စာအုပ်ဆိုင်ဆိုရင် ၃၃ လမ်းနဲ့ ပန်းဆိုးတန်းတဝိုက်လို့ သိကြတယ်။ ဆရာပါတယောက် ပီမိုးနင်းရဲ့ ဝတ္ထုဝယ်တုန်းက စာအုပ်ဆိုင်တန်းတွေ နေရာက "ဆူးလေဘုရားလမ်းအဝိုင်း၊ ဘုရား ပရိဝုဏ်ဘေး ပတ်လည်"ပါ။ ၁၉၃၅ ခုနှစ်လောက်က စာအုပ်တန်းဟာ ဆူးလေဘုရားအဝိုင်းမှာပါ။ တချို့စာအုပ်ဆိုင်တွေက တစ်မတ်တန်၊ ငါးမူးတန်ဝတ္ထုတွေထုတ်တဲ့စာအုပ်ထုတ်ဝေသူတွေ။ စာသမား ပါရဂူ အငယ် စားလေး ကျင်လည်ခဲ့ရာ ဆူးလေဘုရားအဝိုင်း စာအုပ်တန်းပေါ့ဗျာ။ ဒုတိယကမ္ဘာစစ်အတွင်းကျတော့ စာအုပ်တန်းက နေရာရွှေ့သွားပြီ။ စစ်ဖြစ်နေတော့ ရွှေတိဂုံဘုရားဝန်းကျင်က လူတွေအပြည့်ပါ။စာအုပ်တန်းလည်း စာဖတ်သူတွေနောက် လိုက်လာရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက စာအုပ်တန်းမှာ ဗဟန်းကြားတောရလမ်းမှာပါ။ စစ်အတွင်းဆိုတော့ စာအုပ်အသစ်တွေ ဘယ်ထွက်မတုန်း၊ စာအုပ်အဟောင်းတွေသာ ရောင်းကြရတာပေါ့။ဆရာကြီး ဦးရန်အောင်တောင် ဗဟန်းကြားတောရလမ်းထဲမှာ စာအုပ်ရောင်းဖူးတယ်။ လွတ်လပ်ရေးခေတ်ရောက်တော့ စာအုပ်ဆိုင်တွေ၊ စာအုပ်အဟောင်းရောင်းသူတွေက ဆူးလေဘုရားလမ်း၊ရွှေဘုံသာလမ်းထောင့်၊ ၃၃ လမ်း၊ ဗိုလ်ဆွန်ပက်လမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဆိုးတန်းပတ်ဝန်းကျင်တွေမှာပါ။ သခင်ခင်ညွန့်ရဲ့ 'စာပေလောက' စာအုပ်ဆိုင်ကြတော့ ဆိုင်ခန်းနဲ့ရောင်းတာမဟုတ်ဘူး၊ စာအုပ်တွေ ကားပေါ်တင်ရောင်းတာ။ ဆရာပါဟာ ငယ်ငယ်လေးကတည်း စာအတော်ဖတ်တယ်။ ကြီးပြင်းလာတော့လည်း စာအုပ်တွေ ဖတ်နေတုန်းပဲ။ စာရေးဆရာ မဖြစ်ခင်ကလည်း စာအုပ်တန်းတွေမှာ အချိန်ကုန်တယ်၊စာရေးဆရာဖြစ်သွားတော့လည်း အိန္ဒိယက စာအုပ်တန်းတွေမှာ အချိန်တွေ ကုန်ဆုံးနေလေ့ရှိတယ်။ အဲဒါမလို့ စာသမား ပါရဂူရယ်လို့ ကျွန်တော်က ဖွင့်ဆိုတာပါ။
ဆရာပါ စာပေဘဝမှာ လူပြောသိပ်မများလှတဲ့ သတင်းစာဆရာဘဝ ရှိသေးတယ်။ ဒဂုန်ခင်ခင်လေး တည်ထောင်ထားတဲ့ ယုဝတီ သတင်းစာမှာ ဆရာပါက သတင်းစာဆရာ လုပ်သေးတယ်။သတင်းစာ ခေါင်းကြီးပိုင်း ရေးတယ်။' လှုပ်ရှားနေသော ဤကမ္ဘာ' နာမည်နဲ့ နိုင်ငံတကာရေးရာ ဆောင်းပါးတွေလည်းရေးတယ်။ ယုဝတီသတင်းစာမှာ ဆရာပါရေးတုန်းက အယ်ဒီတာကအစ တဖွဲ့လုံးက လက်ဝဲယိမ်းတွေ။
နောက်ထပ် လူပြောနည်းတဲ့ ဆရာပါ စာပေဘဝထဲက ပုံရိပ်တခုက " ပတ်ဗလစ်ရှာ " ကိုယ်တိုင်လုပ်တဲ့ ကိစ္စပါ။ ၁၉၅၂ ခုနှစ်မှာ ဆရာပါ အိန္ဒိယက ပြန်ရောက်လာတော့ ပတ်ဗလစ်ရှာ ဖြစ်လာပြီ။ သူကိုယ်တိုင် ရေးတဲ့စာအုပ်တွေကို ထုတ်ဝေမယ့်သူ မရှိလို့ ကိုယ်တိုင် ထုတ်ဝေဖြစ်တာပါ။ ပွဲဦးထွက် ထုတ်ဝေဖြစ်တဲ့ စာအုပ်က " ဝိဇ္ဇာ " ကလောင်အမည်နဲ့ ' ဗော်လဂါမှ ဂင်္ဂါသို့ ' (ဒုတိယပိုင်း) ဘာသာပြန် စာအုပ်ပါ။ ရောင်းရလိမ့်မယ် မျှော်လင့်ပေမယ့် ထင်သလောက် မရောင်းရလို့ ဆရာပါက ဝန်ခံထားတယ်။ ဒါပေမဲ့ စာသမား ဆရာပါက လက်မလျှော့ပါ။ သူကိုယ်တိုင် ရေးထားတဲ့ ဗုဒ္ဓစကားစာအုပ်၊ နေရူး၏ သမီးထံပေးစာ စာအုပ်တွေ ထပ်ထုတ်ဝေဖြစ်တယ်။ စာအုပ်တွေက ထင်သလောက် မရောင်းရတော့ ဘုန်းကြီးကျောင်းအပေါ်မှာ အစည်းလိုက် စုပုံထားရတယ်။ ကျောင်းဘုန်းကြီးကတောင် ' မင်းစာအုပ်ပုံကြီးက ဟီးနေတာပဲ၊ င့ါကျောင်းတော့ ပြိုကျတော့မယ်။ ဒေါက်ထောက်ထားရလိမ့်မယ်'လို့ ပြောတဲ့အကြောင်းကို " ကျွန်တော် ပတ်ဗလစ်ရှာ " ဆောင်းပါးထဲမှာ ဖောက်သည်ချထားတယ်။ အဲဒီအချိန်တုန်းက မရောင်းရဘူးဆိုတာ ကလောင်အသစ်တို့ ကြုံတတ်တဲ့ ထုံးစံပါ။ အခုနောက်ပိုင်းမှာ ဆရာပါ စာအုပ်တွေက အကြိမ်ကြိမ် ရိုက်ထုတ်နေရတဲ့အထိ ရောင်းအားကောင်းပါတယ်။ ဘာလို့ရောင်းအားကောင်းလဲ၊ ဆရာပါ စာတွေကို စာဖတ်ပရိသတ်က စွဲစွဲလမ်းလမ်း ဖတ်နေတာကြောင့်မလို့ပဲ။
ဆရာပါအတွက် ဂုဏ်ယူစရာ ရှိသေးတယ်။ဒီလိုရေးလို့ လွတ်လွတ်လပ်လပ်နေချင်တဲ့ ဆရာပါအတွက် တံဆိပ်ကပ်သလိုလည်း ဖြစ်မှာစိုးရတယ်။ဆရာပါလို လူမျိုးကတော့ ဂုဏ်တွေ၊ ဘွဲ့တွေကို အရေးတယူ လုပ်နေမယ့် လူစားမျိုး မဟုတ်ပါ။ဆရာပါ ပရိသတ် တယောက်အနေနဲ့ ကျွန်တော်က ဂုဏ်ယူ ဝမ်းမြောက်ဝမ်းသာ ဖြစ်တာကို ပြောချင်တာပါ။ ဘာလို့လဲဆိုရင်၊ ဆရာပါ စာအုပ်တအုပ်ကို အိန္ဒိယနိုင်ငံ ဒေလီတမြို့လုံးက အစိုးရအထက်တန်းကျောင်းတွေမှာ ရည်ညွှန်းစာအုပ်အဖြစ် ပြဋ္ဌာန်းထားလို့ပဲ။ ဆရာပါ မြန်မာဘာသာနဲ့ ရေးထားတဲ့ 'ပိယဒဿီ' စာအုပ်တအုပ်ရှိတယ်။ အဲဒီမူရင်းစာအုပ်ကို ဟိန္ဒီဘာသာနဲ့ သူကိုယ်တိုင် ဘာသာပြန်ရေးထားပြီး၊ နယူးဒေလီမြို့ 'ဧရာဝတီ ပတ်ဘလစ်ကေးရှင်း'စာအုပ်တိုက်က ထုတ်ဝေထားတာပါ။ ကျွန်တော်ကတော့ ဆရာပါရဲ့ စာပေမှတ်တိုင်တွေထဲက တခုပါလို့ ဝမ်းမြောက်ဝမ်းသာ ပြောချင်ပါတယ်။
နိဂုံးချုပ်ပြောရရင် ဆရာပါဟာ သူ့ဘဝတလျှောက်လုံး စာအုပ်၊ စာပေတွေအပေါ်မှာပဲ မြှုပ်နှံထားခဲ့တယ်။ ဆရာပါရဲ့ ငါးထပ်ကြီးဘုရားလမ်းက အိမ်မှာလည်း ဘယ်နေရာကြည့်လိုက်ကြည့်လိုက် စာအုပ်တွေချည်းပဲ။ ခေတ်မီအသုံးအဆောင် ပစ္စည်း ဘာမှကို မရှိ။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကြောင်းကို ရပ်တည်ခဲ့တယ်။ ရေးအားကောင်းသလောက် စာဖတ်အားလည်း ကောင်းတယ်။ ဘဝမှာ စာရေး၊ စာဖတ်ပြီးရင်း စာရေး၊ စာဖတ်နဲ့ပဲ နေလေ့ရှိတယ်။ ကျွန်တော်ရဲ့ ဒီစာလေးနဲ့ "စာသမား ပါရဂူ"ကို ကန်တော့လိုက်ပါတယ်။
နန္ဒအောင်
၁၄.၈.၂၀၂၄
၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်။
*စာကိုး
ပါရဂူ။ ၂၀၂၀။ ဘဝမှတ်တမ်းများ။ စိတ်ကူးချိုချိုအနုပညာ။
ပါရဂူ။ ၂၀၁၅။ ပရကထာ။ စိတ်ကူးချိုချိုအနုပညာ။
ပါရဂူ။ ၂၀၁၉။ ပဉှာကထာ။ စိတ်ကူးချိုချိုအနုပညာ။
ပါရဂူ။ ၂၀၂၂။ ကာလကတ္တား၊ မြဘုရားနှင့် ရတနာပုံခရီးသည်။ စိတ်ကူးချိုချိုအနုပညာ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
