အာဏာသိမ်းစစ်အစိုးရ၏ တရားဝင်မှုနှင့် ငလျင်ကယ်ဆယ်ရေး
မြန်မာနွေဦးခရိုနီကယ် - မတ် ၂၉ မြင်ကွင်း
မိုးမခ၊ မတ် ၃၀၊၂၀၂၅
အာဏာသိမ်းစစ်အစိုးရ၏ တရားဝင်မှုနှင့် ငလျင်ကယ်ဆယ်ရေး
နိုင်ငံတကာ သတင်းတွေမှာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးနဲ့ ပတ်သက်လို့ ထိပ်ဆုံးသတင်းအဖြစ် ဖေါ်ပြနေကြဆဲဖြစ်ပါတယ်။ မတ်လ ၂၉ ရက်နေ့အထိဖေါ်ပြခဲ့တဲ့ သတင်းတွေမှာ ငလျင်ကြောင့် သေဆုံးသူ ၁၆၀၀ ကျော်ရှိလာနေတဲ့အကြောင်း၊ ငလျင်လှုပ်ပြီး လူတွေ သေဆုံးနေသည့်တိုင် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ရှမ်းမြောက်ဒေသမှာ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း နိုင်ငံတကာအစိုးရတွေရဲ့ အကူအညီပေးမှုတွေအကြောင်း သတင်းတွေရဲ့ အဓိက အသားပေးတင်ပြကြတဲ့ အကြောင်းအရာတွေ ဖြစ်နေတာ တွေ့ရမှာပါ။
ခုလက်ရှိအချိန်ထိ လူ ၁၆၀၀ ကျော်သေဆုံးကြောင်း အတည်ပြုနိုင်ပြီးသေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ အရေ အတွက်တွေ ထပ်မံမြင့်တက်လာနိုင်သေးတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကြတာဖြစ်ပါတယ်။
ဒီသတင်းတွေမှာ အိမ်နီးချင်းနိုင်ငံတွေ နဲ့ ကမ္ဘာ့အခြားဒေသက နိုင်ငံတွေက ငလျင်ဒဏ်ကြောင့် ပိမိနေတဲ့ သူတွေ ပိတ်မိနေသူတွေ ကယ်ဆယ်ရေးအတွက် နိုင်ငံအချို့က အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ကြတဲ့ တင်း၊ တရုတ်၊ အာဆီယံနိုင်ငံတွေ၊ အိန္ဒိယ၊ နယူးဇီလန်၊ အမေရိကန် ပြည်ထောင်စု နဲ့ နိုင်ငံတွေက ငလျင်ဘေးဒဏ်ခံရတဲ့ဒေသတွေကို ကူညီဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြောဆိုနေကြတယ် ဆိုတဲ့ သတင်းတွေလည်း ငလျင်လှုပ်ပြီးနောက်တရက်မှာ ပေါ်ထွက်လာခဲ့ပါတယ်။
ဒီလိုအချိန်အခါမှာ စစ်ကောင်စီ အနေနဲ့ အစိုးရအဖြစ်အသိအမှတ်ပြုခံရတော့မလားဆိုတဲ့ စိုးရိမ်မှုတခု ဆွေး နွေးပြောဆိုလာကြပါတယ်။ စိုးရိမ်သူတွေက အခုလို ငလျင်ဘေးကို အကြောင်းပြုပြီး နိုင်ငံတကာရဲ့ အကူအညီတွေက အာဏာသိမ်းစစ်ကောင်စီကို ဆက်သွယ်ကြရမှာ ဖြစ်တာကြောင့် အာဏာသိမ်းစစ်ကောင်စီကို အစိုးရတရပ်အဖြစ် အသိအမှတ်ပြုလိုက်သလို ဖြစ်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုဖြစ်ပါတယ်။ အဆိုပါ စိုးရိမ်မှုက အခြေအမြစ်မရှိဘူးလို့မဆိုနိုင်ပေမယ့် နိုင်ငံတကာအစိုးရတွေကို အထင်အမြင်သေးရာကျတဲ့ စဥ်းစားတွေး ခေါ်မှုတရပ်လည်း ဖြစ်ပါတယ်။ အခုလိုအာဏာသိမ်းစစ်ကောင်စီနဲ့ဆက်သွယ်ပြီး အရေးပေါ် အကူအညီပေးကြခြင်းဟာ စစ်ကောင်စီကို တရားဝင်အစိုးရတရပ်အဖြစ် အသိအမှတ်ပြုတဲ့သဘောမဟုတ်တာ အဆိုပါနိုင်ငံတွေက နားလည်ကြပြီးဖြစ်ပါလိမ့်မယ်။ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေက ငလျင်ဘေးမတိုင်ခင်က တည်းက မြန်မာစစ်ကောင်စီအစိုးရနဲ့ ထိတွေ့ဆက်ဆံနေပြီး ဖြစ်ပါတယ်။ အခြားသော အမေရိကန်ပြည်ထောင်စုနဲ့ အခြားသောနိုင်ငံတွေအနေနဲ့ ငလျင်ဒဏ်ခံစားရသူတွေ၊ အရေးပေါ်ကယ်ဆယ်ရေးတွေအတွက် ကူညီမှုနဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို အသိအမှတ်ပြုခြင်းက သီးခြားစီ ဆိုတာနားလည်ပြီး ဖြစ်ပါလိမ့်မယ်။
ယခုငလျင်ဒဏ်ကြောင့် အဆိုးရွားဆုံး ထိခိုက်ပျက်စီးကြရတဲ့ ဒေသတွေက စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်းမြို့၊ နေပြည်တော်၊ ပျဥ်းမနား၊ ဝမ်းတွင်း၊ ကျောက်ဆည် စတဲ့မြို့တွေ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက PDF တွေ ထိန်းချုပ်ထားတဲ့အချို့သောနယ်မြေတွေမှာလည်း ငလျင်ဘေး ဒဏ်ခံစားရတာတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့်တော့ အထပ်မြင့်နဲ့ဆောက်လုပ်နေထိုင်ကြတဲ့ အဆောက်အဦတွေရှိတဲ့ မြို့တွေက ငလျင်ဒဏ်ကို ပိုမိုခံစားကြရတဲ့ သဘောလည်းဖြစ်တာကြောင့် မန္တလေး မြို့လိုမျိုးမှာ သက်ရောက် မှုပိုမိုကြီးမားတာတွေ့ရပါတယ်။
စစ်ကောင်စီဟာ ယခင် သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရ လက်ထက် ၂၀၀၈ ခုနှစ် မေလ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ပြီးစက နိုင်ငံတကာရဲ့ အကူအညီတွေကို တောင်းခံခြင်းမရှိခဲ့ဘဲ နိုင်ငံအချို့က အရေးပေါ် အကူအညီတွေပေးမယ်ဆိုတာကိုတောင် ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းအပြီး နိုင်ငံ တကာရဲ့ဝေဖန်မှု၊ ဖိအားပေးမှု၊ ကန့်သတ်ပိတ်ပင်မှုတွေနဲ့ သန်းရွှေစစ်အစိုးရဟာ သံသယကြီးစွာနဲ့ နိုင်ငံ တကာ အရေးပေါ် အကူအညီပေးမှုတွေကို လက်မခံခဲ့ပါဘူး။
အခု အချိန်မှာတော့ စစ်အာဏာသိမ်း အစိုးရ ဟာ လွန်ခဲ့တဲ့ ၄ နှစ် စစ်အာဏာသိမ်းပြီး အိမ်နီးချင်းနိုင်ငံအချို့နဲ့ ရုရှားကလွဲရင် နိုင်ငံတကာအစိုးရတွေက ၄င်းကိုအသိအမှတ်မပြုကြသေးပါဘူး။ ယခု ငလျင်ဘေးအန္တရာယ်ပေါ် အကြောင်းပြုပြီး စစ်ကောင်စီအစိုးရအနေနဲ့ Legitimacy အသိအမှတ်ပြုမှု၊တရားဝင်မှုရသွားစရာ အခြေ အနေဖြစ်နိုင်ချေက အနည်းငယ်သာရှိတယ်လို့ ထင်ပါတယ်။ အဲလိုဖြစ်နိုင်ခြေက ဆယ်ပုံတပုံလောက်သာ ရှိနိုင်တာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေအောက်မှာ နိုင်ငံတကာအစိုးရတွေကို ငလျင်ဘေးဒဏ်ခံစားရသူတွေအတွက် အရေးပေါ် အသက်ကယ် ကူညီကယ်ဆယ်ရေးတွေ မပေးဖို့ တနည်းအားဖြင့် စစ်ကောင်စီနဲ့ လုံးဝ ဆက်သွယ်ပေးအပ်တာ မလုပ်ဖို့ တိုက်တွန်းခဲ့ရင် အဲလို တိုက်တွန်းလှုံ့ဆော်မှုဟာ လူသားချင်းစာနာမှုအကူအညီကို နိုင်ငံရေးဇတ်သွင်းခြင်းဖြစ်သွားနိုင်ပြီး လူ့အသက်တွေကယ်ဆယ်မှု၊ ကူညီမှုတွေကို လမ်းကြောင်းလွဲစေ၊ တုံ့နှေးစေနိုင်တဲ့ အန္တရာယ်လည်း ရှိနေတာဖြစ်ပါတယ်။
အခုလို သဘာဝဘေးအန္တရာယ်တွေကျရောက်နေချိန်မှာ လက်နက်ကိုင်ပဋိပက္ခထဲမှာ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ စစ်ရေး တိုက်ခိုက်မှုတွေကို ခေတ္တရပ်ဆိုင်းထားကြပြီး ငလျင်ဘေးအန္တရာယ် ကျရောက်သူတွေ အမြန်ဆုံးကယ်ဆယ်ဖို့ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဖို့ကိစ္စတွေမှာ အတူတကွ ဆောင်ရွက်နိုင်ကြမလားဆိုတဲ့ တိုက်တွန်းရေးသားမှုတွေလည်း လူမှုကွန်ရက်မီဒီယာမှာ ပေါ်ထွက်လာပါတယ်။
အခုလိုသဘာဝဘေးအန္တရာယ်ကို အကြောင်းပြုပြီး လက်နက်ကိုင်ပဋိပက္ခ တနည်း ပြည်တွင်းစစ်ကနေ ငြိမ်း ချမ်းရေး လမ်းကြောင်းပေါ် ရောက်လာကြမယ်ဆိုတဲ့ မျှော်လင့်ချက်က ဖြစ်စေချင်တဲ့ မျှော်လင့်ချက်အဆို တခု အဖြစ်ကလွဲရင် ဖြစ်ပေါ်လာနိုင်ခြေ လက္ခဏာတခုမျှ မမြင်တွေ့ရဘူးလို့ ဆိုရမှာပါ။ အပစ်ရပ်ဖို့ ကယ်ဆယ်ရေးမှာ သူ့ဘက်ကိုယ့်ဘက်မခွဲခြားဘဲ အတူတွဲလုပ်ဖို့ နောက်တဆင့် ငြိမ်းချမ်းရေး လမ်းစအခွင့်အလမ်းအဖြစ် ရောက်ရှိဖို့ဆိုရာမှာ တရားမျှတမှုကို အခြေခံရမှာဖြစ်ပါတယ်။ တဖက်ဖက်ကို ဖိအားပေး တိုက် တွန်းပြီး အခြားတဖက်ကို အပြစ်မပြောတဲ့ အနေအထားမျိုးမဖြစ်ဖို့လည်း အရေးကြီးပါတယ်။
ငလျင်လှုပ်ပြီး နောက်တရက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရက ထိုးစစ်ဆင်မှုကို ရက်သတ္တ ၂ ပတ်ကြာ ရပ်နားမယ်လို့ ကြေညာပါတယ်။ သို့ပေမယ့် စစ်ကောင်စီက ငလျင်လှုပ်တဲ့ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှာပင်လျင် နောင်ချိုမြို့နယ်ထဲကကျေးရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အဖြစ်က လက်နက်ကိုင်ပဋိပက္ခ ရပ်ဆိုင်းဖို့ လမ်းစမပေါ်နိုင်တာကို ပြသနေသလိုလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar