လေးစမ်းဝင်း - တန်ထောင်ချီ ကယ်ဆယ်ရေးပစ္စည်းများ ဘယ်နား တွေ့မိကြသေးတုံး
လေးစမ်းဝင်း - တန်ထောင်ချီ ကယ်ဆယ်ရေးပစ္စည်းများ ဘယ်နား တွေ့မိကြသေးတုံး
မိုးမခ၊ ဧပြီ ၇ ၊ ၂၀၂၅
စစ်ကိုင်းငလျင်ကြီးလှုပ်ပြီး တပတ် ဆယ်ရက် ကြာတော့ အပြိုအပျက်တွေကြား ကယ်ဆယ်ရေးလုပ်ငန်းတွေ နားလိုက်ကြရပြီ၊ ဆေးကုသရေးနဲ့ ကူးစက်ရောဂါတွေ ခေါင်းထောင်ထမလာစေဖို့ အာရုံစိုက်ကြရပြီ။
နောက်ဆက်တွဲ ငလျင်တွေကတော့ နေ့တိုင်းလိုလို အချိန်အခါမရွေး လှုပ်နေလို့ ငလျင်ဒဏ် ခံစားရသူတွေမှာ တလှုပ်လှုပ်ကြား ဆိုးဝါးတဲ့ အတွေ့အကြုံနဲ့ နေနေကြရတယ်။ တိုက်ပေါ်က ဆင်းပြီး တိုက်ရှေ့လမ်းပေါ် အိပ်ကြရတဲ့ဘဝက မလွတ်မြောက်နိုင်ကြသေးဘူး။ ကူကယ်နေကြတာကြည့်ရင် ပြည်သူက ပြည်သူကို ကယ် ဆယ်နေတာနဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံထက်မနည်းက ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ကူညီနေကြတာပဲ တွေ့မြင်ရတယ်။
နေပြည်တော်ရပ်ဝန်းက မိတ်ဆွေတယောက် သတင်းစကားအရတော့ “နစက” ဟာ သူ့အဖွဲ့ဝင်တွေ တိုက်ပြိုပြီး လမ်းဘေး တဲထိုးနေရတာကိုတောင် မကူနိုင်သေးဘူးလို့ သိရတယ်။ ကျန်တဲ့ ပြည်သူအတွက်တော့ ပြောစရာစကားတောင် မရှိပါဘူး။ သတင်းအချက်အလက်တွေအရတော့ မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံ ၁၆ နိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ လူသားစာနာတဲ့ အကူအညီတွေ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ကြပါတယ်။ ၁၆ နိုင်ငံထက်မနည်းသော ပြည်ပနိုင်ငံတွေက ကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း ၂၀၀၀ ခန့် ရောက်ရှိ ကူညီနေကြတယ်။ ဒါ့အပြင် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁၀၀၀ ကျော် မြန်မာကို ရောက်နေတယ်။ ပြည်ပနိုင်ငံ ၁၁ နိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ ဆေးဝါးကုသရေးအဖွဲ့တွေ ရောက်နေကြပြီး၊ ဒီထဲမှာ တူရကီနိုင်ငံလို နိုင်ငံမျိုးလည်း ပါတာ တွေ့ရတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်အများဆုံးစေလွှတ်ထားတဲ့နိုင်ငံတွေက တရုတ်နဲ့ အိန္ဒိယဖြစ်ပြီး တရုတ်ရှာဖွေကယ် ဆယ်ရေးသမား ၅၀၀ နီးပါး ရောက်နေတယ်။ ငွေကြေးအကူအညီပေးထားတာတွေကြည့်ရင် ကမ္ဘာ့ကျန်း မာရေးအဖွဲ့က ဒေါ်လာ ၅ သန်း၊ (၈ သန်း ထပ်တောင်းထား)၊ ကုလသမ္မဂ္ဂက ဒေါ်လာ ၅ သန်းတန်ဖိုးရှိ ကုသရေးနဲ့ကူညီရေးပစ္စည်းများ၊ ဥရောပသမဂ္ဂက ဒေါ်လာ ၂.၇သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ ၃ သန်း၊ နီပွန်ဖောင်ဒေးရှင်းက ဒေါ်လာ ၃ သန်း၊ တရုတ်က ဒေါ်လာ ၁၄ သန်း တန်ဖိုးရှိတဲ့ ထောက်ပံ့ကယ်ဆယ်ရေးပစ္စည်းများ၊ အမေရိကန်က ဒေါ်လာ ၂ သန်း (နောက်တိုး ၇ သန်း ပေးမယ်ပြောနေ)၊ စသဖြင့် အသီးသီး ကူညီလှူဒါန်းထားကြတယ်။
စစ်ကိုင်းငလျင်ကယ်ဆယ်ကူညီရေးအကြောင်းပြောရင် ထင်သာမြင်သာအရှိဆုံး အပိုင်းကတော့ ယာယီဆေးရုံတွေဖွင့်ပြီး ဆေးကုသပေးတာပါပဲ။ အိန္ဒိယဆေးကုသရေးအဖွဲ့ဝင် ၁၀၀ ကျော်ပါတဲ့အဖွဲ့က မန္တလေး၊ ချမ်းမြသာစည်က လေယာဉ်ကွင်းဟောင်းမှာ ယာယီဆေးရုံဖွင့်ပြီး ဆေးကုပေးနေတယ်။ ရုရှား ဆေးအဖွဲ့က မန္တလာသီရိဘောလုံးကွင်းမှာ၊ ဂျပန်ဆေးအဖွဲ့က မန္တလေးစည်ပင်ရုံးဝင်းမှာ၊ ကျောက်ဆည်မှာက လာအိုဆေးအဖွဲ့တို့က ယာယီဆေးရုံတွေ ဖွင့်ပြီး ဆေးကုပေးနေကြတယ်။
ဒါဖြင့် ငလျင်ကယ်ဆယ်ကူညီရေးမှာ ထင်သာမြင်သာ မရှိဆုံးအပိုင်း ပြောပါဦး ဆိုရင်တော့ ပြည်ပနိုင်ငံ ၁၆ ခုထက်မနည်းက ပို့ထားတဲ့ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် တထောင်ကျော်ကို ပြောရမှာပါ။ ငလျင်လှုပ်ပြီး တပတ် ဆယ်ရက်ကြာလာချိန်အထိ အဲဒီပစ္စည်းတွေ လူမြင်ကွင်းကိုရောက်မလာသေးပါဘူး။ ဆိုလိုတာက ငလျင်ဘေးဒဏ်သင့် ပြည်သူလက်ထဲ ရောက်လာတာမတွေ့ရသေးဘဲ၊ လေယာဉ်ပေါ်က သယ်ချတဲ့တချိန်ပဲ မြင်လိုက်ရတာပါ။ ဒါကြောင့်ပဲ နိုင်ငံတကာလေ့လာသူတွေက ငလျင်ဘေးအကူအညီတွေ လိုအပ်တဲ့ နေရာတွေကိုရောက်မသွားဘဲ ကိုယ်ကျိုးရှာ အစဥ်အလာရှိတဲ့ စစ်တပ်က တလွဲအသုံးချသွားနိုင်လို့ စောင့်ကြည့်ပါလို့ သတိပေးနေကြတာပါ။
ငလျင်ဘေးကို ငွေအား၊ လူအား၊ ပစ္စည်းအင်အားနဲ့ အကူအညီပေးနေကြတဲ့ နိုင်ငံတွေထဲမှာ ယူကေတနိုင်ငံကပဲ သူတို့နိုင်ငံရဲ့အကူအညီတွေကို လိုနေသူတွေလက်ထဲအရောက်ကူညီပေးနိုင်ခဲ့တယ်လို့ကြေညာတာတွေ့ရတယ်။ ကျန်နိုင်ငံအများစုကတော့ ဒီလိုကြေညာတာမတွေ့ရဘဲ ကူညီကယ်ဆယ်ရေးလုပ်တာတောင် စစ်တပ်နေရာချပေးတဲ့နေရာပဲ ကူညီကယ်ဆယ်ပေးနေကြတယ်။
ထူးထူးခြားခြား မလေးရှားနိုင်ငံကကယ်ဆယ်ရေးတဖွဲ့ပဲ စစ်ကိုင်းမြို့မှာ ကယ်ဆယ်ကူညီပေးနေတာ တွေ့ရတယ်။ ကျန်တဲ့ပြည်ပကယ်ဆယ်ကူညီရေးအဖွဲ့အများစုကတော့ နေပြည်တော်၊မန္တလေးတိုင်းအတွင်းမှာပဲ ကယ်ဆယ်ကူညီရေး လုပ်နေကြတယ်။
စစ်တပ်က ထုတ်ပြန်တဲ့ ငလျင်ဘေး ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေမှာ မီးသတ်တပ်ဖွဲ့တခုပဲ ပြည်ပနိုင်ငံတွေက ကယ်ဆယ်ကူညီရေးအဖွဲ့တွေနဲ့ လက်တွဲလုပ်ကိုင်နေပြီး ကျန်စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ ပါမလာတာလည်း ထူးထူးခြားခြား တွေ့ရတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက နေပြည်တော် ငလျင်ဘေးကယ်ဆယ်ရေး လုပ်နေသလား ဆိုတော့လည်း နေပြည်တော်က Non ဝန်ထမ်းတွေမှာ ကူကယ်သူမဲ့နေကြတဲ့ အခြေအနေမျိုးပါ။
ပြောရရင် ဒီငလျင်ဘေးမှာ စစ်တပ်ကိုယ်တိုင်ပင်လျှင် ကူကယ်သူမဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ညှိနှိုင်းရေးမှုး ရှိးလာမက်သရူးက “ဒီအင်အားပြင်းငလျင်က တိုင်းပြည်အနိမ့်ပါးဆုံးလို့ဆိုနိုင်တဲ့အချိန်မှာ လှုပ်ခတ်ခဲ့တာ”လို့ ထုတ်ပြန်ချက်တခုမှာ ပြောတယ်။
“တိုင်းပြည်မှာရှိတဲ့ လူလေးဦးမှာ တစ်ဦးဟာ လတ်တလော စားနပ်ရိက္ခာ မလုံခြုံမှုကို ရင်ဆိုင်နေရပြီး ဖြစ်တယ်၊ မြန်မာနိုင်ငံဟာ နောက်ထပ် ဘေးအန္တရာယ်တခုကို ရင်ဆိုင်နိုင်စွမ်း မရှိတော့ပါဘူး”လို့လည်း ဆိုထားတယ်။
ဒီလိုအခြေအနေမှာ ပြည်ပနိုင်ငံအသီးသီးက တန်ထောင်နဲ့ချီပေးပို့ထားတဲ့ကယ်ဆယ်ရေးပစ္စည်းတွေ မျက် လှည့်ပြသလို ဖျတ်ခနဲပျောက်မသွားဖို့ နိုင်သမျှ မီဒီယာအားနဲ့ စောင့်ကြည့်ကြဖို့ပဲ ရှိပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar