Breaking News

လေးစမ်းဝင်း - ငလျင်တွေက ကူးစက်တတ်သလား

လေးစမ်းဝင်း - ငလျင်တွေက ကူးစက်တတ်သလား

မိုးမခ ၊ ဧပြီ ၂၃ ၊ ၂၀၂၅


ပြင်းအားကြီးတဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်တော့ ချင်းမိုင်မှာ လှုပ်သွားပုံက လှိုင်းစီးနေရသလိုပါ။ တငြိမ့်ငြိမ့်နဲ့ မိနစ် အတော်ကြာ လှုပ်သွားတာဖြစ်ပြီး ဆွဲခါသလိုလည်း မဖြစ်၊ အသံလည်း မကြားခဲ့ရပါဘူး။ ဒီလိုသာ ခံစားခဲ့ရတယ်၊ ငလျင်ကြီး လှုပ်ပြီး သုံးပတ်ကျော် ကြာလာချိန်အထိ လှိုင်းစီးသလိုလို တငြိမ့်ငြိမ့် ခံစားနေရတုန်းပါ။ တဒုန်းဒုန်း အသံ မြည်ပြီး မကြာခဏ လှုပ်နေတဲ့ မန္တလေးနေပြည်သူတွေကို ကိုယ်ချင်းစာတယ်။

ငလျင်က အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရအောင်ကို အခုအချိန်အထိ ဟိုနား လှုပ်လိုက်၊ဒီနား လှုပ်လိုက် လှုပ်နေတုန်း မဟုတ်လား။ ရုပ်သံတခုမှာ မန္တလေးနေအိမ်တလုံးက မိသားစုတွေ ထမင်းစားနေတုန်း ဒုန်းခနဲ ငလျင်လှုပ်လို့ ထမင်းဇလုံးပစ်ချပြီး အိမ်ပြင်ထွက်ပြေးကြရတာ ကြည့်လိုက်ရတယ်။ ဟော အခုတော့-ငလျင်က ကိုယ်တွေနား တဖြည်းဖြည်း ချဉ်းကပ်လာပါရောလား။

“ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့် မြန်မာနယ်စပ်တစ်လျှောက်တွင် ယနေ့ ဧပြီလ ၂၁ ရက်နေ့ နံနက်အတွင်း ငလျင် ခုနစ်ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာန၊ ငလျင်လေ့လာရေးဌာနခွဲက ထုတ်ပြန်သည်။”။ ထိုင်းမိုးလေဝသဌာနကို ကိုးကားပြီး ထိုင်းအခြေစိုက် မြန်မာသတင်းဌာနတခု ပေ့ချ်မှာ ဖတ်ရတာပါ။ ငလျင်က မြန်မာဘက်ခြမ်းမှာ ခြောက်ကြိမ် လှုပ်ခဲ့ပြီး၊ ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင်ဘက်မှာ တကြိမ် လှုပ်ခဲ့တယ်။

သတင်းမှာ ”ထိုင်းမိုးလေဝသဌာန၊ ငလျင်လေ့လာရေးဌာနခွဲ ထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်အပြီးတွင် ယနေ့(ဧပြီ ၂၁)အထိ နောက်ဆက်တွဲငလျင် စုစုပေါင်း ၆၂၄ ကြိမ် လှုပ်ခတ်ခဲ့တယ်။။ ၎င်းတို့အနက် ၁၆ ကြိမ်သည် ရစ်(ခ်)တာစကေး အဆင့် ၅.ဝ-၅.၉ အကြားနှင့် တစ်ကြိမ်သည် ရစ်(ခ်)တာစကေး အဆင့် ၇.ဝ ထက်ကျော်လွန်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆို သည်။”


ဒီသတင်းတွေ ဖတ်ပြီးတော့ စစ်ကိုင်းငလျင်ကြီး လှုပ်ပြီးကတည်းက တငြိမ့်ငြိမ့်ဖြစ်နေသလို ခံစားနေရတာဟာ ဆေးပညာရှင်တွေ ပြောတဲ့ ”ငလျင်ယောင်”ရောဂါ ခံစားနေရတာ မဟုတ်ဘဲ၊ တကယ်လှုပ်နေတဲ့ နောက်ဆက်တွဲငလျင်တွေ ဒဏ်ခံနေရတာလို့ ကောက်ချက်ချမိတော့တယ်။ ခန့်မှန်းကြည့်ရတာ မြေအောက်ထဲက ကျောက်ချပ်လွှာတွေဟာ စစ်ကိုင်းငလျင်ကြီး လှုပ်ပြီးကတည်းက တခုနဲ့တခု ဆက်တိုက် တိုက်မိနေပြီး ငလျင်ကြီးငယ်အသွယ်သွယ် လှုပ်ခတ်နေပုံပါပဲ။ နောက်ဆက်တွဲ ငလျင်ကြိမ်ရေ ၆၂၀ကျော် လှုပ်ခတ်တာရဲ့ နောက်ဆက်တွဲက စစ်ကိုင်းငလျင်ကြီးလို ငလျင်ကြီးတခု ဘယ်နေ့ ဘယ်ရက်မှာ လှုပ်ဦးမယ် ဆိုတဲ့ ကောလဟာလတွေပါ။ ကြောက်လန့်နေတာကို ထပ်ပြီးကြောက်လန့်သွားအောင် တမင်လုပ်နေ ပြောနေကြပုံရတယ်။

ကိုဗစ်ကာလက လူထုခေါင်းဆောင်ကို ပြန်အမှတ်ရမိတယ်။ ကိုဗစ်တွေ တော်တော်ဆိုးဆိုးဝါးဝါး ပျံ့နှံ့ကူးစက်ပြီး လူတွေ အထိတ်တလန့်ဖြစ်ခဲ့ကြရတဲ့ ကိုဗစ်ဒုတိယလှိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မသုံးဘူးလို့ ဆုံးဖြတ်ထားတဲ့ ဖေ့စ်ဘွတ်ကို အောင်ဆန်းစုကြည်နာမည်နဲ့ အကောင့်ဖွင့်စသုံးပြီး လူထုနဲ့ ဆက်သွယ်စကားပြောတယ်။ သူ့ဖေ့စ်ဘွတ်ကနေ ကိုဗစ်နဲ့ပတ်သက်တာတွေ အသိပေးသင့်တာပေးပြီး လူထုကို နှစ်သိမ့်အားပေးတယ်။ တခါသုံး မက်စ်တပ်ဖို့ လှုံ့ဆော်အသိပေးတာတွေ လုပ်တယ်။

သူကိုယ်တိုင် လက်ကို စက္ကန့်နှစ်ဆယ်ကြာ သေချာဆေးပြပြီး ရုပ်မြင်သံကြားက မကြာခဏ ထုတ်လွှင့်ပြသပေးတယ်။ တတ်သိနားလည်တဲ့ ဆေးပညာရှင်တွေရဲ့ ကိုဗစ်စကားဝိုင်းတွေ စီစဉ်ရိုက်ကူးထုတ်လွှင့် ပေးစေတယ်။ ပြောရရင် ကိုဗစ်ကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့တဲ့ ပြည်သူလူထုကို တိုင်းပြည်ခေါင်းဆောင် တယောက်က အားပေးစကား အစဉ်ပြောပြီး နှစ်သိမ့်အားပေးခဲ့တယ်။ ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းကို အားသွန်ခွန်စိုက် မနားမနေ လုပ်ပေးတယ်။ ခေါင်းဆောင်ကောင်း ဆိုတာ ဒီလိုပါလားဆိုတာကို အတုမြင် အတတ်သင်စေခဲ့တယ်။

သူ ပြောဖူးသလို ပြည်သူကို မေတ္တာနဲ့အုပ်ချုပ်တယ် ဆိုတာကို အပြောနဲ့ရော အလုပ်နဲ့ပါ လုပ်ပြသွားခဲ့တယ်။ တိုင်းပြည်ခေါင်းဆောင် မဟုတ်တဲ့ အခု လူသတ်ကောင် ဘာပြောသလဲ၊ စမတ်စီးတီး ဆောက်မယ်တဲ့။ အရင်လိုပဲ စိတ်ကူးတွေယဉ်ပြီး အရူးချေးပန်း ပြောချင်တာ လျှောက်ပြောတယ်။ ငလျင်ဘေးကို အခွင့်ကောင်းယူပြီး နိုင်ငံတကာမှာ လူရာဝင်ဖို့ ကြိုးစားတယ်။ ဆောင်းပါးရှင် နှစ်ယောက်က ”ငလျင်ဘေးနဲ့ ယောင်ခြောက်ဆယ် စစ်ကောင်စီ”လို့ သုံးသပ်ရေးတာ အမှန်ပါပဲ။ Non ဝန်ထမ်းတွေတော့ သူ့နောက်လိုက်မိကြတာ နေပြည်တော်တိုက်ပေါ်က တဲပေါ်ရောက်ကြရပြီ။

ခေါင်းဆောင်ကောင်းနဲ့ လူသတ်ကောင် ဘာကွာသလဲ မေးရင် ငလျင်လှုပ်ပြီးကတည်းက ရပ်ရွာဒေသ အနှံ့အပြား မရပ်မနား ဗုံးကြဲချနေတာသာ ကြည့်တော့လို့သာ ပြောလိုက်ချင်ပါတယ်။ ဒီ့အရင် ကြည့်ချင်သေးရင်တော့ ကိုဗစ်တတိယလှိုင်းမှာ ဆေးခန်းနဲ့ဆေးပစ္စည်းတွေ အဓမ္မသိမ်းပြီး ဆေးကုပေးနေတဲ့ ဆရာဝန်တွေကို ဖမ်းတာကိုသာ ပြန်မြင်ယောင်ကြည့်ကြပါ။ လူမဆန်တာတွေ အတိုင်းသား တွေ့မြင်နိုင်တယ်။ အခုအထိလည်း လူမမယ် ကလေးသူငယ်ပါမကျန် ဗုံးလိုက်ကြဲပြီး သတ်ဖြတ်နေတာက မရပ်မနား။ အာဆီယံ မပြောနဲ့၊ သိကြားမင်း နားကင်းနဲ့ဆင်းလာပြီး တားရင်တောင် ဗုံးကြဲတာတော့ ရပ်မှာမဟုတ်ဘူး။ လူသတ်ကောင်ရဲ့ နောက်ဆုံးလက်နက် မဟုတ်လား။

ငလျင်က ကူးစက်တတ်သလားဆိုရင် ကျောက်ချပ်လွှာတွေ ဟိုတိုး ဒီတိုက်နဲ့ ကူးစက်လှုပ်ခတ်နိုင်တယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။ လူသတ်ကောင်တွေ မွေးထုတ်ပေးတဲ့ စစ်အာဏာရှင်စနစ်ကိုတော့ မြန်မာပြည်မှာ ကူးစက်ခံလို့ လုံးဝမဖြစ်တော့တာကြောင့် အမြစ်ဖြတ် သုတ်သင်ကြဖို့သာ ရှိတယ်။ 

နွေဦးတော်လှန်ရေး အောင်ရမည်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar