Breaking News

လားရှိုးမြို့ထဲ စစ်တပ်အင်အားအလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက်လာ

မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၂ မြင်ကွင်း

မိုးမခ၊ ဧပြီ ၂၃၊ ၂၀၂၅

လားရှိုးမြို့ထဲ စစ်တပ်အင်အားအလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက်လာ

ခုရက်ပိုင်း သတင်းတွေမှာတော့ လားရှိုးမြို့ အုပ်ချုပ်မှုနဲ့ စစ်ကောင်စီတပ် နေရာပြန်ယူမှု၊ တရုတ်နိုင်ငံရဲ့ ဖိအားပေးပြီး ကြားဝင်ဆောင်ရွက်တဲ့ အပစ်ရပ်ရေး အကောင်အထည်ဖေါ်မှုနဲ့ အပစ်ရပ်ရေးသဘောတူညီမှုပါ လားရှိုးမြို့ ပြန်လွှဲပေးရေး သတင်းတွေပဲ ဖြစ်ပါတယ်။

သင်္ကြန်ပိတ်ရက်တွေအပြီးမှာ လားရှိုးမြို့ကို ပြန်လွှဲပြောင်းပေးဖို့ စစ်ကောင်စီနဲ့ MNDAA တို့ သဘောတူညီထားကြတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် မကြာခင်မှာပဲ လားရှိုးမြို့ ဆေးရုံ၊ လျှပ်စစ်ဓါတ်အားပေးဌာန စတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေက ပစ္စည်းတွေ၊ ရုံးသုံးပစ္စည်းတွေ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်ဘက်ဆီ ရွှေ့ပြောင်းနေခဲ့ကြတာတွေ သတင်းတွေထဲပါရှိလာခဲ့ပါတယ်။ 

အဲဒီနောက် MNDAA  တပ်ဖွဲ့ဝင်တွေ ရွှေ့ပြောင်းတာတွေ တွေ့လာကြရပြီး သင်္ကြန်ပိတ်ရက်တွေ မပြီးဆုံးခင်မှာတော့ စစ်ကောင်စီဘက်က အရပ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပထမဦးစွာ လားရှိုးမြို့တွင်းဝင်ရောက်လာခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ်အင်အား အများအပြားပါဝင်တဲ့ တရာကျော်အရေအတွက်ရှိတဲ့ စစ်ကားတန်း ဝင်ရောက်လာပြီဖြစ်ပါတယ်။ စစ်ကား အစီးရေ ၁၂၀ ကျော်နဲ့ အရပ်ဘက်သုံးကား ဒါဇင်များစွာပါဝင်တဲ့ကားတန်းက မိုင်းရယ်ဘက်ကနေ လားရှိုးမြို့ကို ဝင်ရောက်လာတာဖြစ်ပါတယ်။ လားရှိုးမြို့ လက် လွှတ်ဆုံးရှုံးပြီးနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယာယီအဖြစ်ဖွင့်ထားတဲ့ မိုင်းရယ်မြို့ဘက်ကနေ လားရှိုးမြို့ထဲ ဝင်ရောက်လာတာဖြစ်ပြီး အခုလို ကားအရေအတွက် မြောက်မြားစွာနဲ့ ပြန်လည်နေရာယူခြင်းက မြို့နေလူထုနဲ့ အခြားသောအင်အားစုတွေကို အသိပေးလိုတဲ့ ရည်ရွယ်ချက် ပါဝင်လိမ့်မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။

ပြန်တိုက်ယူပြီး မြို့ကိုရတာထက် ဆွေးနွေးသဘောတူညီမှုအရ မြို့ကိုပြန်ရတဲ့အပေါ် အချို့သောစစ်ကောင်စီထောက်ခံသူတွေက အားမလိုအားမရဖြစ်နေကြတဲ့ပြောဆိုမှုတွေလည်း ရှိနေပေမယ့် စစ်ကောင်စီအဖို့ ၁၀၂၇ စစ်ဆင်ရေးမှာ MNDAA ရဲ့အခန်းကဏ္ဍပြီးဆုံးသွားတဲ့သဘောမျိုး အဓိပ္ပာယ်သက်ရောက်စေချင်တဲ့ ရည်ရွယ် ချက်လည်း ရှိမှာသေချာပါတယ်။ တဖက်မှာလည်း MNDAA နဲ့ အခြားသောတော်လှန်ရေးလက်နက်ကိုင်အင် အားစုတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေပြီးဆုံးသွားပြီလို့ ထင်မြင်ယူဆချက်တွေပေါ်ထွက်လာနေသလို ဒီလိုယူဆချက်တွေ၊ စိုးရိမ်မှုတွေနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ တိတိပပတော့ထုတ်ပြောဆိုတာ မတွေ့ရပါဘူး။

 အခုလို လားရှိုးမြို့ကို MNDAA လက်ကနေ စစ်ကောင်စီလက်ထဲကိုအလွှဲအပြောင်းမှာ စောင့်ကြည့်ဖို့ တရုတ်နိုင်ငံက ကိုယ်စားလှယ်အဖွဲ့လည်း လားရှိုးမြို့ထဲဝင်ရောက်လာခဲ့ပါတယ်။ တရုတ်ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ကိုယ်တိုင် ဦးဆောင်တယ်ဆိုတဲ့ သတင်းတွေလည်းပေါ်ထွက်ပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

MNDAA အနေနဲ့ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုကို စစ်ကောင်စီလက်ထဲ ပြန်လည်လွှဲပြောင်းပေးဖို့ သဘော တူခဲ့ရတာဟာ တဖက်မှာ စစ်ကောင်စီအနေနဲ့ ဘယ်လိုလိုက်လျောမှု သဘောတူညီမှုတွေထားရှိခဲ့ရသလဲ သို့ မဟုတ် အပေးအယူအလဲအလှယ်သဘောထက် MNDAA  အပေါ် တရုတ်နိုင်ငံရဲ့ ဖိအားသက်သက်ကြောင့် ပြန်လွှဲပေးခဲ့ရတာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရှိကြရပါဘူး။ အပစ်ရပ်သဘောတူညီမှုကိုလိုက်နာရမှာဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေမလုပ်တော့ဘူးဆိုတာကတော့ ထင် ရှားပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က MNDAA နဲ့ ပတ်သက်တဲ့ အခြားလိုက်လျောချက်တွေ ဘာတွေရှိမလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။ ကူမင်းဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ MNDAA နဲ့ စစ်ကောင်စီ ၂ ဖက်လုံးက ထုတ်ဖေါ်ပြောဆိုခြင်းမပြုဖို့ သဘောတူထားကြတာကြောင့် ဇန်နဝါရီလ ကူမင်းဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်လို့ တိတိကျကျဘယ်သူမှမသိရှိကြဘဲ အချို့သောထင်ရှားတဲ့အချက်တွေကို အမည်မဖေါ်တဲ့သတင်းရင်းမြစ်အနေနဲ့ တစိတ်တပိုင်းထုတ်ဖေါ်ပြောဆိုကြတာသာရှိပါတယ်။ လားရှိုးကိုပြန်လွှဲပေးရမယ်ဆိုတဲ့အချက်ကို ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းကတည်းက သတင်းရင်းမြစ်တခုက Myanmar Now သတင်းဌာနကိုပြောဆိုထားခဲ့တာတွေ့ရပါတယ်။

အပစ်ရပ်သဘောတူညီချက်မှုတွေ အပေးအယူညှိနှိုင်းမှုတွေရဲ့ရလဒ်တွေကို ကြိုပြီး ထုတ်ဖေါ်ပြောဆိုမှုတွေကြောင့် အကောင်အထည်ဖေါ်ရာမှာ လမ်းကြောင်းပြောင်းလဲသွားနိုင်တဲ့အချက်၊ အခြားသော အင်အားစုတွေအနေနဲ့ ကြိုတင်တုံ့ပြန်မှုတွေပေါ်ထွက်လာနိုင်တာကြောင့် ၂ ဖက်အဖွဲ့အစည်းက ထုတ်ဖေါ်ပြောဆိုခြင်းမရှိတဲ့သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ အခြားတဖက်မှာတော့ လားရှိုးမြို့ခံလူထုအနေနဲ့ မြို့ကို ၈ လကျော် ၉ လ နီးပါးအုပ်ချုပ်ခဲ့တဲ့ MNDAA တို့ထံမှရှင်းလင်းပြောဆိုမှု တစုံတရာမရှိတာ၊ ဘာတွေဖြစ်ပေါ်လာနိုင်သလဲဆိုတဲ့အပေါ် စိုးရိမ်မှုတွေရှိနေတဲ့အနေအထားဖြစ်ပြီး တာဝန်ယူမှုအားနည်းတယ်လို့ ထင်မြင်ချက်တွေလည်း ပေါ်ထွက်နေတာဖြစ်ပါတယ်။ MNDAA အနေနဲ့ ၄င်းတို့အုပ်ချုပ်မှုကာလအတွင်း မော်တော်ယာဥ် သုံးစွဲမှုယာာယီ လိုင်စင်တွေထုတ်ပေးတာတွေလုပ်ဆောင်ခဲ့ပြီး ဆေးရုံပြန်လည်ဖွင့်လှစ်ဖို့နဲ့ လျှပ်စစ်မီးပြန်လည်ရရှိဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ သို့ပေမယ့် မြို့က ပြန်လည်ထွက်ခွာတဲ့အခါ ဆေးရုံသုံးပစ္စည်းတွေ၊ လျှပ်စစ်ဓါတ်အားပေးစနစ်နဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေသယ်ယူမှုတွေ နဲ့ပတ်သက်လို့ မြို့ခံအချို့က မကြေလည်တဲ့ခံစားချက်တွေရှိခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို MNDAA အနေနဲ့ အပစ်ရပ်သဘောတူညီရတဲ့အခြေအနေ လားရှိုးမြို့ ပြန်လွှဲပြောင်းပေးရတဲ့ အနေ အထားအပေါ် အခြားသောမဟာမိတ်အဖွဲ့တွေ ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့တို့က မှတ်ချက်သဘောထားထုတ်ပြောတာ မတွေ့ရသလောက် နည်းပါးတာတွေ့ရပါတယ်။

မြောက်ပိုင်းညီနောင် ၃ ဖွဲ့အနေနဲ့လည်း အခုလိုအပစ်ရပ်သဘောတူညီတာ၊ လားရှိုးမြို့က ပြန်ဆုတ်ခွာပေးရတာအပေါ် မှတ်ချက်ပေးပြောဆိုတာမျိုးမတွေ့ရပါဘူး။ တရုတ်နိုင်ငံရဲ့ ဖိအားကြောင့်ဆိုတာ ထင်ရှားသလို ကျန်အဖွဲ့တွေအနေနဲ့လည်း အပစ်ရပ်ဖို့သဘောတူခဲ့တဲ့ MNDAA ကို အပြစ်တင်ပြောဆိုတာမျိုး ရှောင်ရှားကြသလို တရုတ်နိုင်ငံကိုလည်း ဝေဖန်ပြောဆိုတာမျိုး ရှောင်လွှဲလိုကြပုံရပါတယ်။

တရုတ်နိုင်ငံ၊ MNDAA  တို့ထက် စစ်ကောင်စီကိုသာဝေဖန်ပြစ်တင်ပြောဆိုကြမယ့်အနေအထားမျိုးလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အခုလို မြောက်ပိုင်းညီနောင် ၃ ဖွဲ့က တဖွဲ့ကိုဖိအားပေး အပစ်ရပ်စေပြီးနောက်မှာ မြန်မာ နိုင်ငံ အရှေ့မြောက်ဒေသက အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားထပ်ပေးပြီး အပစ်ရပ်သဘောတူညီမှုရအောင် ကြိုးပမ်းမလားဆိုတဲ့စိုးရိမ်မှုလည်းရှိနေသလို စစ်ကောင်စီအနေနဲ့ စစ်မျက်နှာတခုလျော့သွားတာကြောင့် ရှမ်းမြောက်မှာ အခြားရင်ဆိုင်စရာလက်နက်ကိုင်အဖွဲ့တွေအနက် TNLA ကို ဖိအားပေး ထိုးစစ်ဆင်လာမယ့်အလားအလာလည်း ရှိနေတာ ဖြစ်ပါတယ်။

နောက်ရှုထောင့်တခုက လားရှိုးမြို့သိမ်းယူစဥ်၊ ရှမ်းမြောက်ရဲ့ နယ်မြေသိမ်းစစ်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ PLA, BPLA, KNDF နဲ့ အခြားသောစစ်ကိုင်းတိုင်းအခြေစိုက် PDF အဖွဲ့တွေအနေနဲ့ MNDAA အပေါ် ဘယ်လို သဘောထားကြသလဲဆိုတဲ့မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ သို့ပေမယ့်  ခုနေအချိန်မှာ ဒီမေးခွန်းရဲ့ အဖြေကို ဘယ်သူမှဖြေဆိုလိုချင်ကြမှာ မဟုတ်ပါဘူး။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar