Breaking News

ကိုနီတွတ် - မအလ စကား၊ သုံး နဲ့စား ၊ အကြွင်း သုည မယုံရ

ကိုနီတွတ် - မအလ စကား၊ သုံး နဲ့စား ၊ အကြွင်း သုည မယုံရ

မိုးမခ ၊ ဧပြီ ၃၀ ၊ ၂၀၂၅


အဆိုတစ်ခု ကြားဖူးသည်။ ဘယ်တော့မှ မုသားမပြောသင့်သည့်ပုဂ္ဂိုလ် သုံးပါး ရှိသည်။ ပထမတစ်ဦးကား ဆရာဝန်၊ လူနာကို ဘယ်တော့မှ မုသားမပြောရ။ ချန်သင့်တာ ချန်ထားနိုင်သော်လည်း ပြောသမျှ အမှန် ဖြစ်ရမည်။ ဒုတိယတစ်ဦးမှာ မင်း၏အတိုင်ပင်ခံ၊ မင်းနှင့် နိုင်ငံအုပ်ချုပ်သူများကို ပြောသည့်အခါ မုသားစကား လုံးဝမပြောရ။ ပြောလိုက်သော မုသားကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ထိခိုက်နိုင်သည်။ တတိယတစ်ယောက်မှာ ဆရာ ဆရာမ၊ တပည့်များကို ဘယ်သောအခါမှ မုသားမပြောရ။ ပြောခဲ့ပါက ထိုမုသားကြောင့် တပည့်များ၏ ဘဝတစ်ခုလုံးအပေါ်  ထိခိုက်သွားနိုင်သည်ဟု ရှေးဟိန္ဒူဒဿနိကထဲတွင် ဆိုထားသည်ကို ဖတ်ရဖူးသည်။ ဗုဒ္ဓဘာသာတွင်လည်း လူတို့ ကျင့်သုံးရန် သီလငါးပါးထဲ၌ မုသာဝါဒကို ၄ ပါးမြောက်တွင် ပညတ်ထားသည်။

မုသာဝါဒ မဟုတ်မမှန်ပြောဆိုရာတွင် နှုတ်ဖြင့် လည်းကောင်း၊ စာရေး၍ လည်းကောင်း၊ ကိုယ်လက် စသည်တို့ကို လှုပ်ပြ၍လည်း လိမ်ညာဖြီးဖြန်းသမျှ အကုန်ပါ၏။ သူတစ်ပါးအကျိုးကိုပျက်စီးသွားအောင် လိမ်ညာသော မုသားဝါဒသည် အပါယ်ကို ရောက်နိုင်သည်။ မိမိဥစ္စာ မပေးလို၍ လိမ်ညာသော မုသား၊ အလုပ်တစ်ခု လုပ်ရာတွင် အကျိုးမရှိသဖြင့် မလုပ်ချင်အောင်၊ပွဲလမ်းသဘင်သွားခြင်းဖြင့် အပြစ်ဖြစ်နိုင်၍ မသွားချင်အောင် ပြောသော မုသားတို့သည် မကြီးသော်လည်း အပြစ်အနည်းအများ ရှိသည်ချည်းပင်။ အရှင်ဒေဝဒတ်သည် သံဃာသင်းခွဲရာ၌ မုသားပြော၍ ခွဲခဲ့သဖြင့် အဝီစိငရဲကျခဲ့သည်။ မုသားအားကြီးသူသည် ၁-ယခုဘဝ၌ စကားပီပီသသ မပြောနိုင်ခြင်း၊ ၂-သွားများ မညီမညာရှိနိုင်ခြင်း။ ၃-ခံတွင်းမှ ပုပ်ညှီခြင်း၊  ၄-ကိုယ်အရေအသား ပူရှိန်ခြောက်ကပ် စိုစိုဖပ်ဖပ် မရှိခြင်း၊ ၅-မျက်စိ နား စသော ဣန္ဒြေများ နောက်ကျုကျုရှိခြင်း၊ ၆-ပုံဟန်မလှဘဲ ဆိုးဝါးချွတ်ယွင်းဖောက်ပြန်ခြင်း၊ ၇-သူတစ်ပါးအပေါ်၌ သြဇာအာဏာမတည်ခြင်း၊ ၈-အပြောအဆို နှုတ်ဖျားများ ထော်လော်ကြမ်းတမ်းခြင်း၊ ၉-အပြောအဆို လျှပ်ပေါ်လော်လီခြင်း တည်းဟုသော အပြစ်ကိုးပါးလည်း သင့်၏။ မုသားပြောသူသည် မည်သည့်ကိစ္စကိုမျှ မယုံကြည်ရသောကြောင့် အကြီးအကဲမဖြစ်နိုင်ဟု တောင်မြို့ဆရာတော်ကြီး၏ ရတနာ့ဂုဏ်ရည်စာအုပ်တွင်ဖတ်ခဲ့ရသည်။

ဘယ်တော့မှ မုသားမပြောသင့်သည့် သုံးပါးအနက် ဒုတိယမြောက်မင်း၏ အတိုင်ပင်ခံအကြောင်းနှင့် ထိုသူများကြောင့် ယနေ့ မြန်မာပြည်ကြီး ပျက်စီးခြင်းများစွာ ကြုံတွေ့နေရသည်ကတော့ တိုက်ဆိုင်မှုမဖြစ်နိုင်။ မည်သူမဆို ကုသိုလ်အရှိန် အားကောင်းစဥ်က ကိုယ် လုပ်ခဲ့သော အကုသိုလ်အကျိုးအပြစ်တို့ မသိသာသော်လည်း အားနည်းလာချိန် အကုသိုလ်အကျိုးအပြစ်တို့ကား အတုံးလိုက် အတစ်လိုက် ကြုံရသည်မှာ လောကဓမ္မတာ။ ထိုမုသားများ လှိုင်လှိုင်သုံးနေသည့် မင်းအောင်လှိုင် တည်းဟူသော မသူတော် ဘုန်းတက်၍ မြန်မာပြည်ကြီး ပျက်စီးနေသည်မှာ ဒိဋ္ဌမျက်မြင်။ ဤအချက် မှန်ကန်ကြောင်း မည်သူမျှ ငြင်းကြလိမ့်မည်မထင်။

၁၉၈၈ ခုနှစ် ဦးနေဝင်း၏ တစ်ပါတီအာဏာရှင်စနစ်နှင့် လမ်းစဥ်ပါတီ ပျက်သုဥ်းသွားပြီး ဦးစောမောင် အာဏာသိမ်းခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာလွှဲကာ စစ်တန်းလျား ပြန်မည် ဆိုခဲ့သည်။ ၁၉၉၀ ပြည့်နှစ် မေလ ၃ ရက် ရွေးကောက်ပွဲကို NLD ခမောက်ပါတီက ၉၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သည်။ ထိုစဥ်က တန်ခိုးထွားနေသည့် လက်မရွံ့ အာဏာပါးကွက်သား ခင်ညွန့်က ရွေးကောက်ပွဲ အနိုင်ရသူများသည် အစိုးရဖွဲ့ရန် မဟုတ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်ဟု ပြောင်ကျကျ လိမ်ခဲ့သည်။ စစ်တန်းလျားပြန်မည် ဆိုသော ဦးစောင်မောင်လည်း ဦးသန်းရွှေ၏ သူခိုးလက်က သူဝှက်လုခြင်းကို ခံလိုက်ရသည်။ သူတို့ ရေးဆွဲခဲ့သော စာအုပ်အစိမ်းကြီးကိုလည်း ၁၆ နှစ်ကျော်ကြာ အချိန်ဆွဲရေးဆွဲခဲ့ပါလေ၏။

ထိုစဥ်က ကျွန်တော်သည် သွေးချင်းတို့၏တောင်ပေါ် အ.လ.က ခွဲကျောင်း၏ မူအုပ်တာဝန် ထမ်းဆောင်နေချိန်၊ စာအုပ်အစိမ်း အတည်ပြုဆန္ဒမဲပေးပွဲ ဒုမဲရုံမှူးတာဝန် ထမ်းခဲ့ရသည်။ ရွေးကောက်ပွဲများကဲ့သို့ မဲပေးခန်းများ၊ မဲရုံဝန်ထမ်းများ၊ ရပ်ကျေးစာရေး၊ ကျန်းမာရေးဝန်ထမ်းများ ဆိုသည်မှာ on the paper သာ။ မဲတည်ရှိရာရွာ၏ လူကြီးအနည်းငယ်၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ အုပ်စုစာရေးတို့သာပါသည်။ မဲရုံ လုပ်ထားသည့် စာသင်ကျာင်း၏ အခန်းတစ်ခန်းထဲတွင် စားပွဲခုံတစ်လုံးချ၊ မဲလက်မှတ်များတင်၊ မဲလက်မှတ်များကို Super Reynol ဘောလ်ပင်ဖြင့် ခြစ်ပေးရုံသာ။ အုပ်စုစာရေးမအား အထက်ဌာနမှ မှာကြားလိုက်သည့် စကားကို ယခုထိ မှတ်မိပါသည်။ "ကန့်ကွက်မဲ မပါစေနဲ့။ မဲပေးသူတွေ မခြစ်တတ်မှာစိုးလျှင် ကိုယ်တိုင်ခြစ်ပေးလိုက်"ဟူ၏။ ထို့ကြောင့် မဲပေးသူများ ဘယ်လောက်လာလာ တာဝန်ယူခြစ်ပေးလိုက်သည်။ မလာသူများအတွက်လည်း အလုပ်တစ်ဖက်နှင့်မို့ မလာနိုင်တာဟု အကြောင်းပြရင်း ကိုယ်စားခြစ်ပေးပြန်သည်။ ညနေ ၄ နာရီမထိုးခင် ထုပ်ပိုးသိမ်းဆည်းကာ ပြန်သွားသည်။ ဤသည်မှာ လုပ်ကြံလီဆယ် ရေးသားခြင်းမဟုတ်ပါ။ကိုယ်တွေ့ ကြုံခဲ့ရသော မဲရုံတစ်ခု၏ အဖြစ်အပျက်အမှန် ဖြစ်ပါသည်။ ထိုကဲ့သို့သော မဲရုံများ မည်မျှရှိမည်နည်း မသိနိုင်။ မည်သို့ဆိုစေ စာအုပ်အစိမ်း အတည်ပြုပွဲကား ၉၃ ရာခိုင်နှုန်းကျော် ဖြစ်ပါသတည်း။

ထိုစာအုပ်သည် စစ်တပ်မှ အာဏာမသိမ်းနိုင်အောင် ရေးဆွဲထားသည်။ ၅ နှစ် တစ်ကြိမ် ကျင်းပခဲ့သော ရွေးကောက်ပွဲများ၏ ရလဒ်သည် ရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်သည် သူ၏ လက်ကိုင်တုတ် ရုပ်သေးရုပ် အဲလူမဲယုတ် ဇော်မင်းထွန်းကို ပြန်ကြားရေးဒုဝန်ကြီးနှင့် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဖွဲ့ကာ သူတို့ အာဏာသိမ်းအဖွဲ့၏သတင်းများကို သတင်းစာရှင်းလင်းပွဲလုပ်ရန် တာဝန်ပေးခဲ့သည်။ ထိုအဖွဲ့၏ သတင်းမည်မျှမှန်ကန်ပြီး အာမခံချက်ရှိသနည်းဆိုရသော် ဇော်မင်းထွန်းမှ ဇော်မဲလုံး၊ ဇော်မဲလိမ် အမည်သစ်များတွင်သည်အထိ ဖြစ်သွားခဲ့သည်။ သတင်းအမှန် သိလိုလျှင် ပြောင်းပြန်ယူမှ ရသော်ဟူ၏။

ထို့အပြင် မအလ၏ အခါတော်ပေးဆရာတော်သည်လည်း သင်္ကန်းဝတ်တန်မဲ့၊မြတ်စွာဘုရား၏ ဝိနည်းပညတ်ချက်များကို မျက်ကွယ်ပြုပြီး၊ "ခေတ်ကိုပြောင်းချင်လျှင် ခေါင်းကိုပစ်ရသည်"ဟု မုသာဝါဒ၊ သမ္ဖပ္ပလါပ တို့ဖြင့် အကြံပေးခဲ့သည်။ ထိုအကြံပေးချက်ကြောင့် ခေါင်းအပစ်ခံရပြီး သေ၊DB ကို ရင်ခွဲ ကလီစာ ထုတ်၊ ချုပ်ရိုးကြမ်းကြီး ချုပ်ပြီး ပိုင်ရှင်ကို ငွေဖြင့် လာရွေးခိုင်းသည့်အပြင် ခံဝန်ကတိကိုပါ ရေးထိုးခဲ့ရသည်။ နောက်တစ်ပါးက မအလအား မြှောက်ထိုးပင့်ကော်ပြီးသာသနာပြုမင်းကြီးဟု မိန့်ညာခဲ့သည်။ ရိုဟင်ဂျာ ဘင်္ဂါလီများ သတ်ဖြတ်ရာတွင်လည်း သီလမရှိသူများဖြစ်၍ အပြစ်မရှိသယောင်၊ သီဟို၌မှ ဒုဋ္ဌဂါမဏိမင်းကြီးကို ပုံထိုး သွယ်ဝိုက် အားပေးအားမြှောက်လိမ်ညာခဲ့သည်။ သူတစ်ပါးမြှောက်ပေးလျှင် သွေးနားထင်မြောက်၊ ဟိုဟာတက်အောင်ကတတ်သော မအလ ကား အာဏာသိမ်းသည်ကို အာဏာထိန်းသည်ဟု မုသားပြောပြီးနောက် ၆ လ တစ်ကြိမ် သက်တမ်း ၈ ခါ ရှိလေပြီ။

ထိုကာလများအတွင်း မြို့ရွာ လူနေအိမ်ခြေပေါင်း သိန်းချီ မီးရှို့ဖျက်ဆီးခံရသည်။ အင်တာနက်ကိုဖြတ်တောက်ပြီး ၎င်းအမှုများကို ဖုံးကွယ်သည်။ ဇော်မဲလိမ် အမည်ရ လူလိမ်လူညာက ကမ္ဘာသိအရှက်မရှိ ဖြန့်ပေးသည်။ လိမ်ညာပေးသည်။ တစ်ခါ လိမ်ညာပြီးတိုင်း ပြည်သူများ၏ဘဝအခြေအနေမှာ ပိုမိုဆိုးဝါးနိမ့်ကျလာသည်။ ယုတ်စွအဆုံး ပြည်သူများ စိုက်ပျိုးထားသော သီးနှံများကိုပင် ခိုးယူရိတ်သိမ်းကြသည်။ အာဏာထိန်းခြင်း၏ အကျိုးဆက်များကား မြန်မာပြည်သူများ ဒုက္ခမျိုးစုံဆိုက်နေရသည်မှာ ၅ နှစ်ရှိလာလေပြီ။

ပြည်သူ့အစိုးရ အုပ်ချုပ်ခဲ့စဥ်က ပြည်သူများ အလွန်ပျော်ရွှင် စိတ်ချမ်းသာခဲ့ကြသည်။ ဖွံ့ဖြိုးစဖြစ်၍ စီးပွားရေးမပြေလည်သည့်တိုင် မိမိတို့ ရွေးချယ်ခဲ့သော အစိုးရ၊ ထိုအစိုးရကို ဆန္ဒပြနိုင်၏။အစိုးရဌာနများ၏ မမှန်ကန်မှုကိုလည်း တိုင်ကြားနိုင်သည်။ နိုင်ငံတော်အတိုင်ပင်ခံ၏ ဉာဏ်ပညာကြီးမားမှု၊ သူမ၏ စွမ်းဆောင်ချက်တို့က အပေါ်ယံ မဟုတ်။ အောက်ခြေ တင်ပြသမျှတွင်လည်း လမ်းဆုံးနေသည်လည်း မဟုတ်။ ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့၏။ နိုင်ငံတကာရေးရာတွင်လည်း သူမ၏ ကျော်ကြားမှုတို့က မြန်မာနိုင်ငံကို လူသိပိုများစေ၏။ ပွင့်လင်းမြင်သာသော၊အေးချမ်းတည်ငြိမ်သော နိုင်ငံရေးပြယုဂ်အောက်တွင် နိုင်ငံတကာထောက်ပံ့မှုများ၊ ရင်းနှီးမြုပ်နှံမှုများ ဝင်လာမစဲ။ သံတမန်များနှင့်လည်း မကြာခဏ တွေ့ဆုံနေရသလို သမ္မတကြီးဦးထင်ကျော်၏ နိုင်ငံခြားခရီးစဥ်များတွင်လည်း ကော်ဇောနီခင်း ကြိုဆိုကြခြင်းက နိုင်ငံ၏အဆင့်အတန်းကို သိစေ၏။ သမ္မတကြီးဦးဝင်းမြင့်သည်လည်း တည်ကြည်ခန့်ညား အပြောအဆို အလုပ်အကိုင် ရဲရင့်ပြတ်သားသူ ဖြစ်ကြောင်း အချိန်တိုလေးအတွင်း သိရသည် ဥပဒေသမားကြီး။ သူ့အရပ်နှင့် သူ့ဇာတ်ကိုက်နေသည့် ဘောင်ကျဥ်းကျဥ်းလေး မဟုတ်။ အစိုးရနှင့် ပြည်သူ ညီတူ ကြည်ဖြူနေကြခြင်းပင် မဟုတ်တုံလော။

ထိုအခြေအနေကြားမှ covid-19 ရောဂါကပ်ဆိုးက တစခန်းထလာသည်။ ကမ္ဘာ့နိုင်ငံအနှံ့အပြား ထိုရောဂါကြောင့် လူအသေအပျောက်များခဲ့သည်။ မြန်မာပြည်တွင် လူထုအစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံ ကောင်းမှုကြောင့် အခြားနိုင်ငံများကဲ့သို့ မများလှ။ ဆင်းရဲသော အစိုးရ၊ မပြည့်စုံသော အစိုးရဖြစ်နေငြား အစိုးရနှင့် ပြည်သူ၊ ပြည်သူနှင့်အစိုးရ လက်တွဲညီခဲ့ကြသည်။ ထိုရောဂါကပ်ဘေးကြားက ရသော ရွေးကောက်ပွဲကိုလည်း သောင်ပြိုကမ်းပြို အနိုင်ရသည်အထိ အောင်မြင်ခဲ့သည်။ အဘယ်အခြေအနေများက အာဏာသိမ်းရန် အကြောင်းဖန်သနည်း။ စဥ်းစားနေလျှင် ခေါင်းခြောက်ရုံ၊ ငြင်းနေကြလျှင် ပါးစပ်ညောင်း အချိန်ကုန်ရုံသာ။ အစိုးရက ပြည်သူအကျိုး ကြည့်တော့ ပြည်သူက ထိုအစိုးရကို ထောက်ခံကြသည်မှာ ဘာများထူးဆန်းပါသနည်း။ အာဏာရှင်များလက်ထက်တွင် လျှပ်စစ်မီး ၃၀ ရာခိုင်နှုန်း၊ လူထုအစိုးရလက်ထက်တွင် ၇၅ ရာခိုင်နှုန်းအထိတိုးတက်လာသည်မှာ ထင်ရှားလှသည့်သက်သေ။

သို့သော် မအလ၏ အခါတော်ပေး၊ အကြံပေးများက မိဖုရားကင်းကိုက် ပြာလောင်ဆိုက်သလို မဟုတ်မမှန် လီဆယ်တင်ပြ၊ အာဏာသိမ်းရန် မြှောက်ထိုးပင့်ကော်၊ မအလ၏ မျက်မှန်စိမ်းတပ် မြက်ခြောက်စား သတ္တဝါများကလည်း သူတို့လိုသလို အမှုအမျိုးမျိုး ဆင်ကြသည်။ မျောက်ကိုထမ်းပိုးတပ်ပေးလိုက်သည်။ မည်သူက မည်သို့လိမ်ကြကြောင်း CDMs စစ်သားများ၏ အင်တာဗျူးများက မအလ လိမ်သမျှ နောက်က ဖော်ပေးနေသလို ဖြစ်ခဲ့သည်။

ထို့အပြင် ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းကတည်းက ပြုလုပ်ခဲ့သော အလိမ်အညာ ငြိမ်းချမ်းရေးသည်လည်း အချိန်ကုန်လူပန်း ငွေကုန်အကျိုးမရှိ အချည်းနှီးအလကား။ ထာဝရငြိမ်းချမ်းရေးဟု မတန်မရာ ဝေါဟာရပြောင်း လိမ်ညာခဲ့ပြန်သည်။ မြန်မာသိ ညီလာခံများ၊ ကမ္ဘာသိ ညီလာခံများ မည်သို့ပင် ကျင်းပ ကျင်းပ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေသော အာဏာရှင်စစ်တပ်ကြောင့် တိုင်းရင်းသားအများစုကား ပုန်ကန်တော်လှန်ခဲ့ကြသည်။ ရွှေသမင် ဘယ်ကထွက်၊မင်းကြီးတာက ထွက်သည်ချည်း။ 

ထိုစစ်တပ်သည် မြန်မာပြည်သူတို့အပေါ် ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ နေ့စဥ်လည်း သစ္စာအဓိဋ္ဌာန်ဆိုပြီးမှ ထမင်းစားခဲ့ရသည်။ သို့သော် အပေါ်က အမိန့်ဖြင့် လိမ်ညာသည်။ အောက်ခြေက လိမ်ညာမှန်းသိလျက် အမိန့်အတိုင်း ရက်ရက်စက်စက် ဆောင်ရွက်သည်။ မြန်မာပြည် ဖြစ်သမျှမှုခင်းကြီးကြီးမားမားတို့တွင် ပြည်သူကို ကာကွယ်ပေးနေပါသည်ဆိုသော ထိုစစ်တပ်လူ ပါသည်ချည်း။

တဖန် နွေဦးတော်လှန်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDFs) များ၊ ပကဖများ၊တိုင်းရင်းသား EROs များကိုလည်း အကြမ်းဖက် ဆူပူသောင်းကျန်းသူများ၊ လူဆိုးသူခိုးများ၊ တိုင်းပြည် ဖျက်ဆီးနေသူများအဖြစ် စနစ်တကျအဖွဲ့များဖွဲ့ကာ လိမ်ညာနေသည်။ 

(၂၈-၄-၂၀၂၅) နေ့က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့်လည်း ပြည်သူများ တစ်ပူပေါ် နှစ်ပူဆင့်တော့သည်။ ထို့ကြောင့် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက ဒုက္ခရောက်နေသော ပြည်သူကိုကယ်ဆယ်ကူညီရန် အပစ်အခတ်ရပ်စဲရေးကို ကြေညာပြီး တိုက်ပွဲများ ရပ်လိုက်ကြသည်။ ကြေညာသည့်အတိုင်း လုပ်ဆောင်ကြသည်။ အကြမ်းဖက်တပ်ကလည်း သံယောင်လိုက် ကြေညာခဲ့သော်လည်း လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ ပါရာမော်တာ၊ ဒရုန်းတို့ဖြင့် ဗုံးကြဲ စက်သေနတ်ဖြင့်ပစ်ခြင်း၊ စစ်ကြောင်းထိုးခြင်း၊ တိုက်ပွဲဖော်ဆောင်ခြင်းတို့ဖြင့် ပြည်သူများအပေါ် ရက်စက်နေသည်။

ယခုလောလောဆယ် လာရှိုး ဖြစ်စဥ်တွင်လည်း တရုတ် အားကိုးဖြင့် လိမ်ညာရင်း လာရှိုးကို နေရာဝင်ယူလာသည်။ အချက် ၇ ချက်ဖြင့် ဟန်ပြတောင်းဆိုနေသည်မှာ မုသာဝါဒအပြည့်။ ထိုလိမ်ညာမှုများကြောင့် ပြည်သူပြည်သားများ ဘဝမှာ စားရပါလည်း တစ်လုတ် တစ်ဆုပ်၊ ဝတ်ရပါလည်း အစုတ်အနုပ်၊ အိပ်ရပါလည်း တငုတ်တုတ်တုတ်။

ယခုတော့ မြန်မာပြည်ကြီးသည် ခေတ်အဆက်ဆက် ထိုစစ်တပ်၏ အလိမ်အညာများကြောင့် ဖွံ့ဖြိုးတိုးတက်မှု ဆိတ်သုဥ်း။ ပြည်သူများ၏ စားဝတ်နေရေးများကလည်း ပျက်သုဥ်း။ နေရာအနှံ့ တိုက်ပွဲများက ဖြစ်မဆုံး။ တိုက်တာအိုးအိမ် မြို့ရွာများသည်လည်း မီးခိုးတလုံးလုံး။

ကမ္ဘာ့အဖြစ်အပျက်တစ်ခုကို သတိရမိသည်။ ကမ္ဘောဒီးယားရှိ လူသတ်ကွင်းများအနက် အကြီးကျယ်ဆုံး အသတ်ခံရအများဆုံး တူးစလန်(Toul Slang) စာသင်ကျောင်း (၁၉၇၀)။ အကျဥ်းထောင်ပြုလုပ်ပြီး ကျောင်း၌ လူပေါင်းသန်းနှင့်ချီ ချုပ်နှောင်သတ်ဖြတ်ခံခဲ့ရသည်။ ထိုအထဲတွင် အရွယ်ရောက်ပြီး ခေတ်ပညာတတ် ယောက်ျား၊ မိန်းမ မကျန် ကျောင်းဆရာ ဆရာမများ၊ ဆရာဝန်၊ကုန်သည်များ၊ ကလေးများ၊ သံအမတ်များ စသဖြင့် လူတန်းစားမျိုးစုံ ပါခဲ့သည်။

၂၀ ရာစုအတွင်း ကမ်ပူးခြားမြေပေါ်တွင် ကြေကွဲစရာအကောင်းဆုံးဖြစ်ရပ်မှာ ပိုပေါ့နှင့်အဖွဲ့ ရာဇဝတ်ကောင်များက လူမျိုးစုလိုက် မျိုးဖြုတ်သုတ်သင်ရှင်းလင်းရေးဝါဒဖြင့် ပြည်သူများကိုညှင်းပန်းမှုပြုလုပ်ကာ ကောက်ကျစ်ရက်စက်စွာ သတ်ဖြတ်ခဲ့သော အမှုကိစ္စပင် ဖြစ်တော့သည်။ယင်းဖြစ်ရပ်သည် ဂျာမာန်ရာဇဝတ်ကောင် ဟစ်တလာ၏ လူသတ်မှုများထက် ပို၍ ဆိုးဝါးရက်စက်လှသည်။ (ချောင်အပ် လူသတ်ကွင်း အဝင်ဝတွင် ရေးထားသော ဆိုင်းဘုတ်မှ)

နွေဦးတော်လှန်ရေးသည် ယခု ၅ နှစ်ထဲ ရောက်ရှိနေလေပြီ။ နောက်ထပ် ထိုအလိမ်အညာကောင်နှင့် သတ္တဝါတစ်အုပ်ကို အနိုင်မတိုက်နိုင်ဘဲ ထပ်မံအုပ်ချုပ်ခွင့်ပေးနေရသေးပါက ချောင်အပ်ကျောင်း အဖြစ်အပျက်ကဲ့သို့ ဖြစ်မလာနိုင်ဟု မည်သူက အာမခံနိုင်မည်နည်း။ စိတ်ပုတီးနှင့်မုသားပြော၊ ထန်းရည်အိုးနှင့် တရားဟောနေသည့် လူယုတ်မာနှင့်အဖွဲ့ကို မည်သည့်အကြောင်းပြချက်နှင့်မှ အခွင့်အရေးမပေးရန်ပင် မဟုတ်ပါလော။ အဘယ်မုသားပြောသူကိုမှ နိုင်ငံတော်အကြီးအကဲအဖြစ် လက်ခံနိုင်စရာ အကြောင်းမရှိပါတည်း။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar