အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာအာဏာသိမ်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးတို့ ဘန်ကောက် ဆွေးနွေးပွဲ
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၂ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၆
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာအာဏာသိမ်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးတို့ ဘန်ကောက် ဆွေးနွေးပွဲ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလထဲမှာ အဲဒီအချိန်က အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားပြီး မြန်မာနိုင်ငံ အာဏာသိမ်းစစ်အစိုးရ အနေနဲ့ အကောင်အထည်ဖော်ဆောင်ဖို့ အာဆီယံသဘောတူညီမူ ၅ ချက်ကို အဖွဲ့ဘက်က အဆိုပြုပြီး မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်က ခေါင်းညိတ်သဘောတူခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကနေ ရေတွက်ရင် ၅ နှစ်ကျော်လာသည့်တိုင် အဆိုပါ အာဆီယံသဘောတူညီမူ ၅ ချက်ကို အာဏာသိမ်းစစ်အစိုးရဘက်က အကောင်အထည်မဖော်နိုင်သေးတာ တွေ့ရပါတယ်။
အာဆီယံသဘောတူညီမူ ၅ ချက်ကို အကောင်အထည် မဖော်နိုင်သေးသရွေ့ အာဆီယံ အစည်းအဝေးတွေမှာ မြန်မာစစ်အစိုးရဘက်က နိုင်ငံရေးရာထူးအရ ခန့်အပ်ထားတဲ့ ဝန်ကြီးနဲ့ ဝန်ကြီးချုပ်၊ သမ္မတတို့ကို ဖိတ်ကြားမှာ မဟုတ်ဘဲ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် ရာထူးအဆင့်ရှိသူတွေကိုသာ တက်ရောက်ခွင့် ပြုမှာဖြစ်ကြောင်း သဘောထား ချမှတ်ခဲ့ကြတာပါ။
မင်းအောင်လှိုင်ဟာ ၂၀၂၁ ခု ဧပြီလနှောင်းပိုင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ အဆိုပါ အစည်းအဝေးကနေ ပြန်လာပြီး မကြာခင် ပြည်တွင်းက အစည်းအဝေး တခုမှာ အာဆီယံသဘောတူညီမူ ၅ ချက်ဟာ တိုင်းပြည်အေးချမ်းတည်ငြိမ်မှသာ ဖော်ဆောင်နိုင်မဲ့ အရာတွေ ဖြစ်တယ်လို့ ပြင်ဆင်ပြောဆိုခဲ့သလို အဆိုပါ မူ ၅ ချက်ကိုလည်း မြန်မာနိုင်ငံ အနေနဲ့ ကျေကျေလည်လည် တုံ့ပြန်ဆွေးနွေးခွင့် မရှိခဲ့ဘဲ အစည်းအဝေး ပြီးခါနီးမှ အာဆီယံဘက်က ထုတ်ဖော်ပြောဆိုပြီး အတင်းအကျပ် သဘောတူစေခဲ့တာလို့ ပြောဆိုခဲ့တာလည်း တွေ့ရပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလ နောက်ပိုင်း ပြည်တွင်းစစ်မီးက အရှိန်အဟုန်နဲ့ တောက်လောင်လာခဲ့တဲ့နောက်မှာ အာဆီယံသဘောတူညီမူ ၅ ချက် အကောင်အထည်ဖော်ဖို့ထက် အဲဒီကာလမတိုင်ခင်တွေထက် ပိုမိုဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေ၊ အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်ကာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်လာခဲ့တာ ၂၀၂၆ ခုနှစ် ယခုအချိန်တိုင် ဖြစ်ပါတယ်။
ကရင်နီ (ကယား)ပြည် ဖရူဆိုမှာ အရပ်သား ၄၀ ဝန်းကျင်ကို ပစ်ခတ်သတ်ဖြတ်ပြီး ကားနဲ့ အတူ မီးတင်ရှို့ခဲ့တဲ့ အဖြစ်အပျက်၊ အညာဒေသမှာ ပဇီကြီး ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ကာ ပစ်ခတ်သတ်ဖြတ်လို့ လူ ၁၇၀ လောက် သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်၊ စစ်ကိုင်းတိုင်းထဲက ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ အရပ်သား ၂၉ ဦးကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေ ဆက်လက်ဖြစ်ပျက်ခဲ့တာပါ။ အလားတူ အခြားသော ဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်းနဲ့ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေမှာပါ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မံဖြစ်ပွားခဲ့တာပါ။
မြန်မာ စစ်ခေါင်းဆောင်တွေ အနေနဲ့ အာဆီယံသဘောတူညီမူ ၅ ချက်ကို အကောင်အထည်မဖော်နိုင်သရွေ့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေး ပုံမှန်ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပြုခဲ့တာကြောင့် မြန်မာစစ်ခေါင်းဆောင်အဖို့ သံတမန်ရေးအရ သိက္ခာကျစရာ အချက်တခုအဖြစ် ရှုမြင်ခံနေရပြီး အာဆီယံအဖွဲ့ကနေ နုတ်မထွက်သည့်တိုင် ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း သိက္ခာကျစရာ အနေအထားတရပ် ဖြစ်နေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
၂၀၂၆ ခုနှစ်မှာတော့ ရွေးကောက်ပွဲ ကျင်းပပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ မင်းအောင်လှိုင် အစိုးရ အနေနဲ့ အာဆီယံ အစည်းအဝေးကို ပုံမှန်တက်ရောက်ချင်တဲ့ ဆန္ဒရှိနေတာ ပေါ်လွင်သလို တဖက်မှာလည်း အာဆီယံသဘောတူညီမူ ၅ ချက်ကို အကောင်အထည်မဖော်နိုင်သေးတာကြောင့် ရှေ့မတိုးသာ နောက်မဆုတ်သာ အနေအထား ဖြစ်နေခဲ့တာပါ။
အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့တော့ မင်းအောင်လှိုင် အစိုးရနဲ့ အာဆီယံအဖွဲ့အကြား ပုံမှန်ဆက်ဆံရေးမျိုး ဖြစ်ပေါ်လာစေချင်တာကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဧပြီလ အစိုးရဖွဲ့ပြီးနောက်မှာ နေပြည်တော်ကို သွားရောက်ကာ အာဆီယံနဲ့ မြန်မာစစ်ခေါင်းဆောင်တွေအကြား သတင်းစကား အပြန်အလှန် သယ်ဆောင်ပြီး ဆက်ဆံရေးတိုးတက်လာအောင် ကြိုးစားနေတာ ထင်ရှားပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေ၊ နိုင်ငံရေး အကျပ်အတည်း စီးပွားရေး အကျပ်အတည်းတွေ မြင့်တက်လာလေလေ အကျိုးသက်ရောက်မှုအဖြစ် နယ်စပ်ဒုက္ခသည်တိုးပွားလာတာ၊ တရားမဝင် ဝင်ရောက်မှုမြင့်တက်လာတာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုတွေကို ထိုင်းနိုင်ငံအနေနဲ့ ခံစားရတာကြောင့် အာဆီယံ ၁၀ နိုင်ငံအနက် မြန်မာအရေးရဲ့ သက်ရောက်မှုကို အများဆုံးခံစားနေရတဲ့ နိုင်ငံ ဖြစ်နေတာပါ။
အခု ဇူလိုင် ၁၂ ရက်နေ့ ဘန်ကောက်မြို့ အစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြပြီး ယခုနှစ်ရဲ့ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မဆာထရီဆာပီ လာဇရိုက ဦးဆောင်ခဲ့တာပါ။ မြန်မာ အသွင်ပြောင်းအစိုးရ ဘက်က နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ဦးတင်မောင်ဆွေ တက်ရောက်ခဲ့ကာ အစည်းအဝေးအပြီး အာဆီယံ အဖွဲ့ကိုယ်စား ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက သတင်းမီဒီယာတွေကို တွေ့ဆုံ ရှင်းလင်းပြောဆိုခဲ့ပါတယ်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဘက်က အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုသလို နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ လွတ်လပ်စွာ ပေးအပ်ခွင့် ပြုဖို့ အချက်တွေကို အဓိက တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီတောင်းဆိုချက်တွေဟာ အသစ်အဆန်းတွေ မဟုတ်ပေမဲ့ အခုလို အလွတ်သဘော တွေ့ဆုံမှုမှာ အဖွဲ့ဝင်နိုင်ငံတွေက ထပ်မံတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
မင်းအောင်လှိုင် အစိုးရဘက်ကတော့ အခုလို အာဆီယံနဲ့ အလွတ်သဘော အစည်းအဝေး မတိုင်ခင် ရက်ပိုင်းအလို နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်မှာ အာဆီယံ သဘောတူညီမူ ၅ ချက်ကို ဘက်စုံပြန်လည်သုံးသပ်ဖို့ အဆိုတရပ်ကို စစ်တပ် ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက တင်သွင်းဆွေးနွေးခဲ့ကြတာပါ။ ဒီလို အဆိုတင်သွင်းဆွေးနွေးတာဟာ အစိုးရ အနေနဲ့ အခု ဘန်ကောက် ဆွေးနွေးပွဲမှာ နိုင်ငံရေးအရ အကြောင်းပြဖို့ ကြိုတင်ပြင်ဆင် လုပ်ဆောင်မှု တခုအဖြစ် အများက နားလည်ကြပါတယ်။
ယခု ဘန်ကောက်အစည်းအဝေးက မြန်မာနိုင်ငံ အရေးကိစ္စအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိမလာနိုင်တာကိုလည်း မြန်မာနိုင်ငံက လူထုတွေအနေနဲ့ နားလည်ထားကြပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံလို အဖွဲ့အစည်းထက် တရုတ်လို နိုင်ငံကသာ ဖိအားပေးနိုင်တဲ့ အဖြစ်ကိုလည်း သိရှိထားကြတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar