မောင်လူမွှေး - ထွက်ပြေးချင်သူတွေ
မောင်လူမွှေး - ထွက်ပြေးချင်သူတွေ
(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၅
"ဘာပဲ လုပ်ကိုင် စားရ၊စားရ ဆရာရယ်။ တောထဲမှာ ပေါက်ပြားတစ်လက်နဲ့ ဘယ်လိုပဲ ပင်ပင်ပန်းပန်း လုပ်ရလုပ်ရ နားရတဲ့ အချိန်လေးမှာ အေးအေးဆေးဆေး အိပ်ရ၊ နားရတဲ့ နေရာလေးတစ်ခုမှာ နေရရင် တော်ပြီလို့ ခဏခဏ တွေးနေမိတယ်"
အထက်ပါစကားကို ပြောတဲ့သူဟာ အသက်နှစ်ဆယ်ကျော် ဆရာမလေးတစ်ယောက် ဖြစ်ပါတယ်။ တက်တက်ကြွကြွ သွက်သွက်လက်လက်ရှိပြီး ပညာရေးမှာ အားကိုးရတဲ့ ဆရာမလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီလို တက်ကြွတဲ့အရွယ်၊ သင်ယူလိုစိတ်လည်း ရှိပြီး အလုပ်ကိုကောင်းကောင်းလုပ်နေတဲ့ ဆရာမလေးမှာတောင် ဒီလိုအတွေးမျိုးတွေ ဝင်နေရင် ကျန်တဲ့သူတွေဆို ပိုဆိုးမယ်လို့ မောင်လူမွှေးတွေးမိပါတယ်။
မောင်လူမွှေးရဲ့ မလေးတစ်ယောက်ကတော့ ဘာတွေဖြစ်ဖြစ် ခေါင်းပြားအောင် အိပ်ချင်လှပြီလို့ဆိုပါတယ်။ ဒီအခြေအနေကြီးက ဘယ်တော့မှ ပြီးမလဲဆိုပြီး ညည်းသံတွေကတော့ မောင်လူမွှေး နားမဆံ့အောင် ကြားရတတ်ပါတယ်။
လူတွေဟာ လက်ရှိအခြေအနေကနေ ထွက်ပြေးချင်ကြတယ်။ အချို့က ရသလောက်ထွက်ပြေးကြပါတယ်။ လေယာဥ်ကို ကြောက်တော့ တောထဲမှာပဲ ဒုက္ခခံကာ နေကြတဲ့ မိသားစုတွေ အများကြီးရှိပါတယ်။ တောထဲ ဆိုပေမယ့် သစ်ရိပ် ဝါးရိပ်က ရှိတာ မဟုတ်လို့ ရာသီဥတုဒဏ်ကို ခံကြရပါတယ်။ ရေ၊ ဆေးဝါးအခက်အခဲတွေ၊ အစားအသောက် အခက်အခဲတွေရှိပေမယ့် စစ်ကောင်စီရဲ့ လေယာဥ်ကို ကြောက်လို့ တောထဲမှာ သွားနေကြတာပါ။
မိသားစုလိုက် တောထဲမှာ နေကြတဲ့သူတွေထဲမှာ ကလေးတွေလည်း ပါဝင်ပါတယ်။ တောထဲမှာ လိုက်နေကြရတဲ့ ကလေးတွေဟာလည်း ပညာသင်ခွင့် ဆုံးရှုံးကြရပါတယ်။ ပညာသင်ခွင့် ဆုံးရှုံးတယ်ဆိုတာ အနာဂတ်ကို ဆုံးရှုံးရတာလို့ မောင်လူမွှေး နားလည်ပါတယ်။
တကယ်တော့ မောင်လူမွှေးလည်း သူတို့လို ထွက်ပြေးချင်တဲ့စိတ် ပေါ်ခဲ့တာပါပဲ။ ဆွေမျိုးတစ်ဦးဦးရဲ့ တောထဲမှာ တဲကလေး သွားဆောက်ပြီး မောင်လူမွှေးတို့ လင်မယားနှစ်ယောက် နေကြမယ်။ စားဝတ်နေရေးကို ချွေချွေတာတာ စားသောက်ပြီး စာရေး၊ စာဖတ်လုပ်လိုက်၊ တောထဲ လမ်းလျှောက်လိုက် နေကြရရင် ကောင်းမယ်လို့ စိတ်ကူးခဲ့ဖူးပါတယ်။
ဒါပေမဲ့ ကလေးတွေရဲ့မျက်နှာကို ကျောကိုင်းပြီး ဒီလိုသွားနေရင် သိပ်တကိုယ်ကောင်းဆန်ရာရောက်တယ် ဆိုတာကို မောင်လူမွှေး ခံစားသိပါတယ်။ ဒါကြောင့်လည်း ထွက်ပြေးချင်တဲ့စိတ်ပေါ်လာတိုင်း အလွယ်တကူ နှိမ်နင်းနိုင်ခဲ့တာပါပဲ။
ခေတ်ပျက်ကာလမှာ တကိုယ်ကောင်း စိတ်ရှိသူတွေ၊ အတ္တလွန်ကဲသူတွေအတွက် အဆင်အပြေနိုင်ပါဘူး။ မောင်လူမွှေးဟာ သတ္တိကောင်းတဲ့သူထဲ မပါတာ သေချာပါတယ်။ မောင်လူမွှေးဟာ အကြောက်တရားကို ကိုယ့်မျိုးဆက်တွေရဲ့ မျက်နှာလေးတွေနဲ့ ရင်ဆိုင်ကျော်လွှားနေသူတစ်ဦးသာဖြစ်ပါတယ်။
သမိုင်းက ပေးထားတဲ့ ဝန်ထုပ်ဝန်ပိုးကို ပစ်ချပြီး အမြဲတမ်း ထွက်ပြေးနေဖို့ မဖြစ်နိုင်ပါဘူး။ တကယ်တမ်း ထွက်ပြေးရမှာက ကိုယ့်အတ္တဘောင်ထဲကနေသာ ဖြစ်ပါတယ်။ အကြောက်တရားကနေသာ လွတ်အောင် ရုန်းထွက်ရမှာ ဖြစ်ပါတယ်။ သမိုင်းရဲ့ ဝန်ထုပ်ဝန်ပိုးကို ပစ်ချ ထွက်ပြေးတာမျိုး မဟုတ်ဘဲ အတ္တဘောင်ထဲကနေ ထွက်ပြေးသူ များရင် ခေတ်ကောင်းကို မြန်မြန်ရောက်မယ်လို့ မောင်လူမွှေး ယုံကြည်မိပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar