ဖလော်ဒါဟန် - မင်းဝံတောင်နဲ့ စစ်ကိုင်းတံတား
ဖလော်ဒါဟန် - မင်းဝံတောင်နဲ့ စစ်ကိုင်းတံတား
မိုးမခ ၊ ဧပြီ ၂၆ ၊ ၂၀၂၅
စစ်ကိုင်းက မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေကို သတင်းမေးဖို့ မှတ်ဉာဏ်အသိက နောက်ကျနေလိုက်တာ ဒီကနေ့ကမှပဲ ဆက်သွယ်ဖြစ်ပါတယ်။
ကံကောင်းထောက်မစွာပဲ သတင်းမေးချိန်ဖုန်းက ရှောရှောရှူရှူ ဖုန်းဝင်သွားတယ်။
တဖက်ကလည်း ပြောရှာပါတယ်။ ဖုန်းလိုင်းတွေ မကောင်းတချက် ကောင်းတချက်ပါပဲတဲ့။ ကျွန်မလည်း နီးစပ်ရာလေးတွေ မေးမိတော့ အသက်အန္တရာယ်ကင်းကင်းနဲ့ ကျန်းမာစွာ ရှိနေကြတယ် ဆိုတော့ ဝမ်းသာရပါတယ်။
ကျွန်မတို့ အိမ်လေးကတော့ ယိုင်နဲ့သွားတယ် ဆိုတာမျိုးလေးကို အားငယ်စိတ်မပါ အဆင်ပြေပါတယ်လို့ ပြောလာပါတယ်။
ကျွန်မတို့ စစ်ကိုင်းကတော့ မြို့ပျက်ကြီးလိုပါပဲ ဆိုတဲ့ ဝမ်းနည်းသံလေးကတော့ စစ်ကိုင်းသူ စစ်ကိုင်းသားများအတွက် ပြန်လည်မရနိုင်တော့တဲ့ မင်းဝံတောင်ကြီးနဲ့ မြို့ကြီးအလှပါပဲ။
ကျွန်မငယ်ငယ်က စစ်ကိုင်းကို ခြေလျင်ခရီးနဲ့ တံတားဟောင်းပေါ်က ဖြတ်လျှောက်ရင်း စစ်ကိုင်းဘက်ကို ကူးခဲ့ဖူးပါတယ်။
ဆင်ဖြူများရှင် ဘုရားထီးတင်ပွဲကို သွားခဲ့တာပါ။
အဲဒီတကြိမ်ပဲ ကျွန်မ စစ်ကိုင်းတံတားပေါ်ကို ခြေလျင်ဖြတ်ခဲ့ဖူးတာပါ။
ကလေး ဆိုတော့လည်း ဘာရယ်မဟုတ်ပါဘူး။ လူကြီးတွေ သွားရင် လိုက်ချင်တာပါပဲ။
တကယ်တော့ ကျွန်မတို့ အမေကြီးတို့ရွာနဲ့ စစ်ကိုင်းတံတား ရောက်ဖို့ ရွာစဉ်တွေ အတော်များများဖြတ်ရပါတယ်။
ကျွန်မတို့ ငယ်ငယ်ကဆို အမေကြီးတို့က ဈေးဝယ်ရင် စစ်ကိုင်းဘက်လည်း သွားဝယ်ကြတယ်။
နွားလှည်းတွေကို တဖက်ကမ်းမှာ ထားခဲ့ပြီး ငှက်လှေနဲ့ တဖက်ကမ်းကို ကူးကြတာပါ။
ကျွန်မ ငယ်ငယ်က စစ်ကိုင်းကို အလှမ်းဝေးပေမဲ့ မန္တလေးကတော့ ဇာတိမြေလည်းဖြစ်၊ မန္တလေးမှာ ကြီးရတာ ဆိုတော့ မန္တလေးကို ပိုလို့ လွမ်းမိပါတယ်။
အခုတော့ စခန်းမဝေးပေါင် မန္တလေးတောင် မြွေကြီးနှစ်ကောင် သွားလို့ကြည့်ရအောင် ဆိုတဲ့ မန္တလေးမြို့ရဲ့ နေဝင်ချိန် ညနေခင်းလည်း မလှပနိုင်တော့ပါ။
ငယ်ငယ်က ဂေါဝိန်ဆိပ်မှာ ရေချိုးရင်း မှုန်ပျပျ စစ်ကိုင်းတောင်ကြီးနဲ့ စစ်ကိုင်းတံတားလည်း အတွဲမညီတော့သလို မြိုကြီးကလည်း ကူရာမဲ့လို့ လဲကျသွားတဲ့ ပြည်သူတွေ သဲတဆုပ် ကိုင်ပြီး ပြန်လည်ထကြရတဲ့ ဘဝတွေ ဖြစ်နေခဲ့ရပါပြီ။
အဖြစ်အပျက်တိုင်းက သင်ခန်းစာဖြစ်သလို မိမိတို့အချင်းချင်း ကိုယ်ချင်းစာတရားနဲ့ ရှေ့ဆက်ဖို့တော့ တွန်အားပေးချင်ပါတယ်။
အားငယ် ဝမ်းနည်းသံတွေကြားမှာ ကြောက်စိတ်ကို ဖုံးကွယ်ထားဖို့ မလွယ်ကူလှပါဘူး။
အဲဒီအတွက် အဘယ်သို့သော ကပ်ဘေးကို ရင်ဆိုင်ရ ရင်ဆိုင်ရ၊ မည်သူပဲဖြစ်ဖြစ် အချင်းအချင်းဖေးမကူညီကြရင်း ရှေ့ဆက်ကြဖို့တော့ လိုပါလိမ့်မယ်။
ယနေ့အချိန်အထိ အားငယ်စိတ်၊ ဝမ်းနည်းစိတ်၊ ကြောက်စိတ်တွေကို သွေဖည်မရပေမဲ့ ငလျင်ရဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ အားတင်းထားကြတယ်ဆိုတာ ငလျင်ဒဏ်ခံပြည်သူတွေဘဝက သက်သေပါပဲ။
ဖလော်ဒါဟန်
၁၈.၄.၂၀၂၅
17:46p:m
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar