Breaking News

မောင်လူမွှေး - ကလေးတွေရဲ့ မျက်နှာ

မောင်လူမွှေး - ကလေးတွေရဲ့ မျက်နှာ

မိုးမခ ၊ ဧပြီ ၂၆ ၊ ၂၀၂၅

ကလေးတွေအတွက် ပညာရေးဟာ အင်မတန်အရေးကြီးတယ်။ ကလေးတွေကလည်း ပညာရေးဟာ အရေး ကြီးမှန်း သူတို့အရွယ် စဥ်းစားဉာဏ်နဲ့ သိသင့်သလောက် သိတာပါပဲ။ ဒီတော့ သူတို့ကို မောင်လူမွှေး စာသင်တဲ့အခါမှာ တကယ်ကို လိုလိုချင်ချင်ရှိတာ တွေ့ရပါတယ်။

နွေရာသီမှာ ရာသီဥတု အပူနဲ့ ကလေးတွေ ပညာမတတ်မှာ ပူတဲ့ မောင်လူမွှေးရဲ့ အပူတို့ အားပြိုင်ကြပါတယ်။ နွေရာသီသင်တန်းဖွင့်ဖို့ အုပ်ချုပ်ရေးမှူးကို မောင်လူမွှေး သွားပြီး ပြောဆိုရပါတယ်။ အုပ်ချုပ်ရေးမှူးက "ကောင်းတာ လုပ်တာပဲဗျာ။ လုပ်သာလုပ်ပါ။ လိုတာရှိ ပြောပါ" လို့ မောင်လူမွှေးကို ဆိုလိုက်ပါတယ်။

သင်တန်းဖွင့်မယ်ဆိုတဲ့အကြောင်း ကလေးတွေကိုအကြောင်းကြားဖို့ ဆရာမလေးတစ်ယောက်နဲ့ ဆရာလေး တစ်ယောက်ကို အကူအညီတောင်းရပါတယ်။ "နွေရာသီကသင်တန်းကြေး ငါးသောင်း၊ သုံးသောင်းဆို မတတ်နိုင်ဘူး ပြောနေကြတာ ဆရာရဲ့" လို့ ဆရာမလေးကရော၊ ဆရာလေးကပါ မောင်လူမွှေးကို ပြောပါတယ်။ 

နွေရာသီသင်တန်းက အခမဲ့သင်ပေးမှာလို့ ကျောင်းမပိတ်ခင်ကတည်းက ကြိုတင် ပြောထားပါရက်နဲ့ ဒီသတင်းက ရွာထဲ ဘယ်ကနေ ဘယ်လို ပြန့်တယ် မသိပါဘူး။ မောင်လူမွှေးလည်း ဒီသတင်း ဘယ်လို ပြန့်တာတွေ စုံစမ်းမနေအားပါဘူး။ ဘာပိုက်ဆံမှ မပေးရဘူးလို့ ပြန်ပြောဆိုပြီး သင်တန်းဖွင့်နိုင်အောင် လုပ်ရပါတယ်။

ပထမဦးဆုံး တစ်တန်းဖွင့်။ ဆရာမလေးတစ်ယောက်နဲ့ မောင်လူမွှေး သင်ပါတယ်။ တစ်ပတ်လောက်နေတော့ နောက်ထပ် တစ်တန်း ထပ်ဖွင့်။ မောင်လူမွှေးနဲ့ ဆရာလေးတစ်ယောက် သင်ကြပြန်ပါတယ်။ နောက်ထပ် တစ်ပတ်လောက် နေတော့ နောက်ထပ်တစ်တန်း တိုးဖွင့်ပြီး သင်ကြပါတယ်။ သင်ပေးမယ့် နောက်ထပ် ဆရာမလေးနှစ်ယောက်လည်း  စေတနာထက်သန်တာရော၊ မောင်လူမွှေး အဆွယ်ကောင်းတာရောနဲ့ ပါလာပါတော့တယ်။

နွေသင်တန်းလေး ဖြစ်သွားတော့ မောင်လူမွှေး သိပ်ပျော်ပါတယ်။ အတန်းတွေကို မောင်လူမွှေး ပထမဆုံး ဝင်တဲ့နေ့မှာ အတန်းတိုင်းကို မေးတဲ့မေးခွန်းက "ဆရာ မင်းတို့ကို ဘာကြောင့် ပညာအခမဲ့သင်ပေးတာလဲ" ဆိုတာပါ။ "ပညာတတ်စေချင်လို့၊ မ အ အောင်လို့၊ အလိမ်မခံရအောင်လို့၊ မဆင်းရဲအောင်လို့.." စသဖြင့် ကလေးတွေဆီက အဖြေမျိုးစုံရပါတယ်။ မင်းတို့ကို ပညာ ဘာကြောင့် တတ်စေချင်တာလဲ၊ ဘာကြောင့် မ အ စေချင်တာလဲ ဆိုပြီး "ဘာကြောင့်" မေးခွန်းတွေဆက်မေးတဲ့အခါ တူညီတဲ့အဖြေတစ်ခုကို ရပါတယ်။ "ချစ်လို့" တဲ့။ ဟုတ်ကဲ့ မောင်လူမွှေး ကလေးတွေကို ချစ်လို့၊ ကိုယ့်မျိုးဆက်တွေကို ချစ်လို့ ပညာသင်ပေးနေတာပါ ခင်ဗျာ။

မောင်လူမွှေး နေရာနဲ့ တစ်မိုင်ဝန်းကျင် ဝေးတဲ့ နေရာက ဆရာ၊ ဆရာမလေးအနည်းငယ်က မောင်လူမွှေးဆီကနေ အင်္ဂလိပ်စာသင်ချင်တယ်၊ မောင်လူမွှေး ရှိတဲ့နေရာအနီးက တဲကို လာသင်မယ်လို့ ဆိုလာပြန်ပါတယ်။ ဆရာမလေးတွေက တောင်းဆိုကြတဲ့အခါ သူတို့နောက်က ကလေးပေါင်းများစွာရဲ့ မျက်နှာကို မြင်ပြီး မောင်လူမွှေး လက်ခံဖြစ်ပါတယ်။

ဆရာမလေးတွေက လေးယောက်၊ မောင်လူမွှေးက တစ်ယောက် မို့ ဆိုင်ကယ်ဆီဖိုးအရ မောင်လူမွှေးပဲ ကိုယ့်စရိတ်နဲ့ကိုယ် သူတို့ဆီကို သွားသင်ပေးလိုက်ပါတယ်။ သွားရတဲ့အချိန်က သူတို့ရော၊ကိုယ်ရော အားတဲ့ နေ့လယ် နှစ်နာရီထိုးခါနီးအချိန်။ နေပူပူမှာ ဆိုင်ကယ်စီးရတာ ခြေဖျား၊ လက်ဖျားလေးတွေတောင် ပူပါတယ်။ ဒါပေမဲ့ ဆရာမလေးတွေက လိုချင်စိတ်ပြင်းပြလို့ မောင်လူမွှေး ပျော်ရပါတယ်။

မောင်လူမွှေးဟာ မြို့ကြီး၊ မြို့လေးက ကျောင်းတွေမှာ အဖိုးတန်ပစ္စည်းတွေနဲ့ ကန်တော့တာလည်းခံဖူးပါတယ်။ တပည့်တွေ တိတ်တဆိတ် စုပေါင်းပြီး လုပ်ပေးတဲ့ မွှေးနေ့ပွဲတွေလည်း ကြုံဖူးပါတယ်။  ဒါပေမဲ့ ဒီနွေရာသီသင်တန်းတွေလောက် လေးနက်တဲ့ ပီတိ မရခဲ့ဖူးပါဘူး။ 

သနပ်ခါးပါးကွက်ကြားလေးတွေနဲ့ မောင်လူမွှေး တပည့်မလေးတွေရဲ့ မျက်နှာ..။ နေလောင်ထားတဲ့ မောင်လူမွှေး တပည့်လေးတွေရဲ့ မျက်နှာ။ လေယာဥ်သံ ကြားရင် မျက်နှာပျက်ပျက်သွားတဲ့ တပည့်လေးတွေရဲ့ မျက်နှာ။ ဒီမျက်နှာလေးတွေဟာ အရာရာကို ရင်ဆိုင်ဖို့  မောင်လူမွှေးကို သတ္တိတွေပေးနေပါတယ် ခင်ဗျာ။

တော်လှန်ရေးကာလမှာ အခက်အခဲ အဆင်မပြေမှုတွေကြောင့် စိတ်ဓာတ်ကျချင်သလို ဖြစ်တယ်၊ စိတ်ပျက်လာတယ် ဆိုလို့ရှိရင် အနီးဆုံးက ကလေးတွေရဲ့ မျက်နှာကို ကြည့်ကြပါ။ တော်လှန်ရေးမှာ ကိုယ်ကျိုးရှာချင်နေပြီ ဆိုရင်လည်း ကလေးတွေရဲ့ မျက်နှာကိုကြည့်ကြပါလို့ မောင်လူမွှေးအကြံပေးပါရစေ ခင်ဗျာ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar