Breaking News

ဆလိုင်းဇုန် - တောင်ဇလပ်ပန်း​မြို့လေး

Art - Than Htay Maung
တောင်ဇလပ်ပန်း​မြို့လေး
ဆလိုင်းဇုန်
(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၅

ဆူရ်ဘုန်​တောင်ထိပ်က​နေ ဆင်းလာခဲ့မယ်
တောင်ခါးပန်းက မြို့​လေး
ဗုံးစာ ပွကျဲ​နေတဲ့ ဘုရား​ကျောင်းထဲက
ဓမ္မတေး စာအုပ်​အပိုင်းအစရယ် 
ဒီတေးသီချင်း​တွေ ဆက်ပြီးဆိုကြဦးမှာ …..

တောင်ဇလပ်ပန်း​လေး​ရေ
တခါ ပွင့်လန်းကြစို့ကွယ်
ဖလမ်းကိုရရှိတာက 
ချင်း​တွေကို စုစည်းလိုက်တာပါပဲ
ဖလမ်းကို ရရှိလိုက်တာက
တမျိုးသားလုံးကို ပြန်လည်ရရှိလိုက်တာပဲ
မဝေးတဲ့အနာဂတ်မှာ
ဒီတောင်တန်းကနေ 
တနိုင်ငံလုံးဆီပေးပို့မယ့်
စာအံသံတွေနဲ့  
ရယ်သံတွေ လွင့်ပြန့်လာမယ် ……

ဒီမြို့​လေးဆီကို ပြန်လာကြပြီ
ဒီမြို့​လေးဆီကို ပြန်လာကြပြီ
Nang ရဲ့မြို့
Kei ရဲ့ မြို့လေးပေါ့ ….

လွန်ခဲ့သော လများက
ငါ့တူလေးဟာ ဖလမ်းကိုရဖို့ တိုက်ပွဲကျခဲ့
လွန်ခဲ့သောလမှာ ငါတို့အသည်းတွေကို တစဆီ ဆွဲဖြုတ်ချတဲ့ ဗုံးဆံက
ငါတို့သွေးကို ပွက်ဆူတပ်လှန့်ခဲ့
ကြည့် … အခု အယုတ်စွဆုံး မြို့ကို ပြန်ပြီး ဝင်နိုင်ခဲ့ပြီ
ဒီမြို့မှာ ဇာတိပကတိတရားကို တည်ထားခဲ့ကြ
ဒီမြို့လေးက အဘိုးဘေးတွေရဲ့ ဝိညာဉ်တွေနဲ့ ပတ်စည်းခဲ့ကြ ….

မြို့တွေ ….
ရွာတွေ …..
ငါတို့ အသည်းနှလုံးတွေ …….

ကပ်ဆိုက်တဲ့ ရာသီကျော်လွန်ရင်
ငါတို့တွေ အတတ်ပြောနိုင်တာတခုရှိ….
မြို့ကို တည်ဆောက် 
နိုင်ငံကို တည်ဆောက်
ကမ္ဘာကို ချပြဖို့ လူသားလမ်းစဉ်တွေ …..

စနစ်တွေကို မယုံလို့
ခေတ်ကို လှန်ခဲ့ကြတာ
သေနတ်ပြောင်းဝကြောက်လို့
သေနတ်ပြောင်းကို ပြောင်စင်တိုက်ချွတ်
ရဲရဲကိုင်ခဲ့ကြတာ ….

ဖလမ်းကိုရတော့
ရဲဘော်တွေရဲ့ ကပြတဲ့ ရုပ်သံမြင်ရ
ဟောင်ဝပ်ဆာကြီးပေါ်က အပြုံးနဲ့
ငါတို့ အပြုံးတွေ…..

သူငယ်ချင်းနဲ့ ငြင်းခုန်ကြတော့
မင်းတို့ ချင်းတွေ 
အချင်းချင်းတောင် မတည့်ဘူးတဲ့

ဖလမ်းကို သိမ်းပိုက်နိုင်ခဲ့တာ
တော်လှန်ရေးကို ငါ့တို့ အထဲ သိမ်းပိုက်နိုင်ခဲ့တာ
ယုံကြည်မှုနဲ့
သမိုင်းနဲ့ …..
များမကြာမီ
နိုင်ငံတော် သစ်တဲ့
ထင်ရှားတဲ့ အိပ်မက်နဲ့ ပန်းတိုင်နဲ့

လာဟေ့
အောက်ချင်းငှက်မောင်နှံ 
ရန်ကုန်မှာ ကဲနေပြီ….
တွေ့လား …..
အိပ်မက်က ပုံဖော်ရတာတဲ့ကွယ် ……
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar