Breaking News

မြန်မာပြည်သူတွေရဲ့ ဒုက္ခနဲ့ ငလျင်နိုင်ငံရေး

မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၄ မြင်ကွင်း

မိုးမခ၊ ဧပြီ ၂၅၊ ၂၀၂၅


မြန်မာပြည်သူတွေရဲ့ ဒုက္ခနဲ့ ငလျင်နိုင်ငံရေး 

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး အရှိန်နဲ့ ပြန်လည်တောက်လောင်လာတာ ၄ နှစ်ဝန်းကျင်ရောက်ရှိချိန်မှာ စစ်ကိုင်းဒေသကို ဗဟိုပြုပြီး မဂ္ဂနီကျု့ ၇.၇  ပြင်းအားနဲ့ လှုပ်ခတ်သွားတဲ့ ငလျင်ဘေးအန္တရာယ်က စစ်ကိုင်း၊ မန္တလေးမြို့ကနေ ပြတ်ရွေ့ကြောတလျှောက် တောင်ဘက် ပျဥ်းမနား၊ နေပြည်တော်၊ တောင်ငူ တို့အထိ၊ အရှေ့ဘက်မှာ အင်းလေးဒေသအထိ အပျက်အစီး အသေအပျောက်တွေ ရှိခဲ့တာဖြစ်ပါတယ်။ 

ရှမ်းပြည်နယ် မြောက်ပိုင်း နဲ့ ကချင်ပြည်နယ်တို့ကနေ စစ်ဘေးကြောင့် မန္တလေးမြို့မှာ လာရောက် တိမ်းရှောင်နေသူတွေလည်း ထိခိုက်သေဆုံးကြရသလို အင်းလေးဒေသမှာလည်း ကရင်နီ(ကယား) ပြည်နယ်ဘက်က နဲ့ မိုးဗြဲ၊ ဖယ်ခုံဘက်က အင်းလေး ညောင်ရွှေကို စစ်ဘေးတိမ်းရှောင်နေသူတွေလည်း ထိခိုက်ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။ 

စစ်ဘေးတိမ်းရှောင်သူတွေ ငလျင်ဘေးမှာ အသက်ဆုံးရှုံးကြရတဲ့ အဖြစ်ကို တွေးကြည့်ရင် မြန်မာနိုင်ငံက ပြည်သူလူထုအနေနဲ့ ဘယ်လောက်ထိ ဒုက္ခအပေါ် ဒုက္ခဆင့်နေကြသလဲဆိုတာ ပေါ်လွင်ထင်ရှားစေပါတယ်။ စစ်ပွဲတွေ ဖြစ်နေရာကနေ သဘာဝဘေးအန္တရာယ်လို့ သတ်မှတ်ခေါ်ဆိုကြတဲ့ ငလျင်ဘေးကျရောက်လာချိန်မှာ နိုင်ငံရေး စစ်ရေးအပေါ်လည်း သက်ရောက်မှုတွေ ရှိလာခဲ့ပြီး ငလျင်ဘေးကျရောက်မှုကနေ ဘယ်လို နိုင်ငံရေး စစ်ရေး အမြတ်ထုတ်မှုတွေ ရှိလာနိုင်သလဲ၊ အမှန်တကယ် ဘယ်လိုဖြစ်ပျက်နေသလဲ ဆိုတဲ့ရှုထောင့်ကို တချို့သော နိုင်ငံရေး သုံးသပ်သူတွေ အကဲခတ်သူတွေက အာဘော်အမြင်တွေ ရေးသားလျှက်ရှိတာလည်း တွေ့ကြရပါတယ်။ အချို့က ငလျင်ပြတ်ရွေ့နဲ့ အတူ နိုင်ငံရေးပြတ်ရွေ့တွေ ဖြစ်ပေါ်လာတယ်လို့ တင်စားရေးသားကြတာလည်း ရှိသလို မြန်မာ့အရေးကို ဆယ်စုနှစ်များစွာ စောင့်ကြည့်လေ့လာပြီး ရေးသားနေတဲ့ သတင်းစာဆရာ Bertil Lintner က ငလျင်ဘေးကြောင့် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ လွှမ်းမိုးထိန်းချုပ်မှု ပိုမိုအားကောင်းလာတယ်လို့ အာဘော်ဆောင်းပါး ရေးသားခဲ့ပါတယ်။ 

အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ ငလျင်ဘေး မကျရောက်သေးခင်ကတည်းက ဧပြီလဆန်း ဘန်ကောက်မှာ ကျင်းပမယ့် BIMSTEC လို့ ခေါ်တဲ့ တောင်အာရှ နိုင်ငံများနဲ့ အရှေ့တောင်အာရှနိုင်ငံတချို့ပါဝင်တဲ့ ဘင်္ဂလားပင်လယ်အော် နိုင်ငံများ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ နှစ်စဥ် အစည်းအဝေးတက်ရောက်ဖို့ စီစဥ်ထားခဲ့ရာက ငလျင်ဘေး ကျရောက်ချိန်မှာ ပြည်တွင်းမှာ ဒေသအချို့ကို ငလျင်ဘေးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားရသည့်တိုင် ဘန်ကောက်အစည်းအဝေးကို မပျက်မကွက် တက်ရောက်ပြီး ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေနဲ့ ထိတွေ့မှုရဖို့ ကြိုးစားခဲ့တာတွေ့ရပါတယ်။ ဒေသတွင်းက နိုင်ငံခေါင်းဆောင်တွေ အနေနဲ့ ငလျင်ဘေး ကျရောက်နေတဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ အကြောင်းခံပြီး စစ်ခေါင်းဆောင်ကို ဘန်ကောက်မှာ သီးခြားအစည်းအဝေးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အခုလိုငလျင်ကို အကြောင်းပြုပြီးပေါ်ထွက်လာတဲ့ အခွင့်အရေးတွေကို စစ်ခေါင်းဆောင် အနေနဲ့ ကောင်းကောင်း အသုံးချနိုင်ခဲ့ပြီး ၄ နှစ်တာ သံတမန်ရေးအရ ဖယ်ကျဥ်ထားမှုက ပျက်ပြယ်လုနီးပါးထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက် မကြာခင်မှာ အာဆီယံ အလှည့်ကျ ဥက္ကဌ မလေးရှားဝန်ကြီးချုပ် ဖြစ်သူ အန်နဝါ အီဗရာဟင်က စစ်ခေါင်းဆောင်နဲ့ ဘန်ကောက်မှာ တွေ့ဆုံခဲ့ပြန်ပါတယ်။ ဒီလို အပြောင်းအလဲတွေ၊ အာဆီယံရဲ့ ဒဏ်ခတ်ခြင်း ခံထားရတဲ့ စစ်ကောင်စီအနေနဲ့ နှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ငလျင်ဘေး ကူညီရေး အစည်းအဝေးတွေမှာ နိုင်ငံတကာ အသိုင်းအဝိုင်းတချို့ကို ရှင်းပြခွင့်ရခဲ့တာဟာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ငလျင်နိုင်ငံရေးကို ကောင်းစွာ အသုံးချခဲ့တဲ့ သာဓကတချို့ ဖြစ်ပါတယ်။

ငလျင်နိုင်ငံရေးကို အာဏာသိမ်းစစ်ကောင်စီက ကျွမ်းကျင်ပါးနပ်စွာ အသုံးချခဲ့သလို စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ NUG/PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ရော ကောင်းမွန်စွာ အသုံးချနိုင်ခဲ့ကြသလား ဆိုတဲ့ မေးခွန်းလည်း ရှိလာပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ထိုးစစ်ဆင်တိုက်ခိုက်တာ တဖက်သတ် ရပ်ဆိုင်းထားမယ့်အကြောင်း ထုတ်ပြန်ကြေညာခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က မကြေညာသေးခင် NUG က ပထမဆုံးကြေညာခဲ့ခြင်းက မြေပြင်မှာ စစ်ကောင်စီဘက်ကရော NUG လက်အောက်က တပ်အချို့က မလိုက်နာခဲ့ကြသည့်တိုင် နိုင်ငံရေးအရ အမြတ်ထွက်တဲ့ လုပ်ဆောင်မှုလို့ ဆိုနိုင်ပါတယ်။ 

NUG က ကြေညာပြီးနောက် စစ်ကောင်စီဘက်ကလည်း အလားတူ ထိုးစစ်ဆင်တာ ရပ်ဆိုင်းထားမယ့် အကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး နောက်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ နဲ့ မြောက်ပိုင်း ညီနောင်လက်နက်ကိုင် အဖွဲ့တွေကလည်း ကြေညာခဲ့ကြတာဖြစ်ပါတယ်။ ငလျင်ဘေးကြောင့် ထိုးစစ်ဆင်တာ ရပ်မယ်၊ အပစ်ခတ်ရပ်မယ်လို့ တဖက်သတ် ထုတ်ပြန်ကျေငြာချက်တွေကို ကုလသမဂ္ဂ အဖွဲ့က သက်တမ်းထပ်တိုးဖို့ တိုက်တွန်းခဲ့ပြီး လက်တွေ့မှာတော့ မြို့သိမ်းတိုက်ပွဲတချို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲ ဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ ငလျင်ဘေးကနေ နိုင်ငံတကာ အစိုးရတွေ ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရရှိခဲ့တဲ့ အကြောင်းအချက်တခုက ငလျင်ဒဏ် အပြင်းထန်ဆုံး ခံစားရတဲ့ မြို့တွေက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေ ဖြစ်တဲ့ အချက်ဖြစ်ပါတယ်။ ဥပမာအားဖြင့် ထိခိုက်မှု အများဆုံးဖြစ်တဲ့ မန္တလေးမြို့ အဲဒီနောက် စစ်ကိုင်းမြို့၊ နေပြည်တော်၊ ပျဥ်းမနား၊ ပျော်ဘွယ်၊ ပလိပ်၊ ကျောက်ဆည် စတဲ့ မြို့တွေအားလုံးက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေဖြစ်တာကြောင့် နိုင်ငံတကာအစိုးရတွေ စေလွှတ်တဲ့ ကယ်ဆယ်ရေး နဲ့ အရေးပေါ် ဆေးရုံလိုအကူအညီတွေက စစ်ကောင်စီနဲ့ ဆက်သွယ်ဆောင်ရွက်ကြရတာတွေ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ နယ်မြေ ၈၀ ရာနှုန်းနီးပါးကို စစ်ကောင်စီကို တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ NUG/PDF, ဒေသပြည်သူ့ကာကွယ်ရေး တပ်တွေက ထိန်းချုပ်ထားတယ်ဆိုပေမယ့် ငလျင်ဒဏ်ခံရတဲ့ မြို့အများစုက စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိနေခြင်းက NUG/PDF တို့အနေနဲ့ နိုင်ငံတကာ အကူအညီကို လက်ခံရာမှာ focal organization အဖြစ် မရောက်ရှိခဲ့ရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

NUG အနေနဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့က PDF ထိန်းချုပ်နယ်မြေ အချို့မှာ ငလျင်ဘေးကူညီကယ်ဆယ်ရေး လုပ်ဆောင်မှု တချို့ရှိခဲ့ပေမယ့် မြို့ကြီးတွေလောက် ထိခိုက်ခံစားရမှု ပြင်းထန်ခြင်း မရှိတဲ့အချက်ကြောင့် အထက်က သတင်းတွေက လူသိမများခဲ့ကြတာတွေ့ရပါတယ်။ 

ငလျင်ဘေးကျရောက်မှုက သီတင်း ၃ ပတ်ကျော်လာတဲ့အခါ ငလျင် အရေးပေါ် ကယ်ဆယ်ရေး ကူညီရေး အဆင့်ကို ကျော်လွန်ခဲ့ပြီးနောက် ပြန်လည် ထူထောင်ရေးကာလထဲ ဝင်ရောက်လာပြီဖြစ်ပါတယ်။  ငလျင်ဘေးဒဏ်ခံစားနေကြရတဲ့ ဒေသတွေမှာ လူထု အနေနဲ့ စစ်ဘေးနဲ့ ငလျင်ဘေးတို့ကနေ ပြန်လည်ရုန်းထကြဖို့ အခက်အခဲပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ကြရဦးမယ့်အနေအထားမှာ NUG, PDF နဲ့ EROs တွေ အနေနဲ့ လူထုရဲ့ အခက်အခဲတွေကို ကူညီဖို့ ဦးစားပေးဖို့လည်း အရေးကြီးပါတယ်။ စစ်ပွဲအောင်နိုင်ရေးက ပထမ စစ်ပွဲအောင်နိုင်ရေးက ဒုတိယနဲ့ စစ်ပွဲအောင်နိုင်ရေးက တတိယလို့ ဆိုပေမယ့်လည်း လူထုရဲ့ အကြပ်အတည်း အခက်အခဲကို တတ်စွမ်းသရွေ့ ကူညီပေးခြင်းအားဖြင့် ငလျင်နိုင်ငံရေးမှာ အောင်မြင်မှု ရှိစေမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar