Breaking News

မြန်မာပြည်အရေးက နိုင်ငံတကာရေအောက်စီးကြောင်းလား

မြန်မာနွေဦးခရိုနီကယ် - မေ ၂၃ မြင်ကွင်း

မိုးမခ၊ မေ ၂၄ ၊ ၂၀၂၅

မြန်မာပြည်အရေးက နိုင်ငံတကာရေအောက်စီးကြောင်းလား

မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာတွေမှာ ပြန်လည် ပေါ်ထွက်လာပါတယ်။ မြန်မာစစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်အပြီးမှာ မြန်မာအိမ်နီးချင်းနိုင်ငံတွေနဲ့ မြန်မာဆက်ဆံရေးတွေ လှုပ်ရှားမှု ရှိလာတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာ-အိန္ဒိယ နယ်စပ်မျဉ်း အငြင်းပွားမှုက ဒေသခံလက်နက်ကိုင်အဖွဲ့တွေကြားထဲမှာ ဖြစ်ပေါ်ခဲ့ပြီးနောက် NUG ၏ ပကဖတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတာကြောင့် သည်အရေးက ရှေ့တန်းကို ရောက်လာပါတယ်။ NUG က ပြင်းပြင်းထန်ထန် ကန့်ကွက်တာ ဖြေရှင်းချက်တောင်းတာအပြင် မြန်မာပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှု မရှိသေးတဲ့ ကာလအတွင်း တဖက်သတ် ခြံစည်းရိုးခတ်တာမျိုး မလုပ်ဖို့ အိန္ဒိယအစိုးရကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB က တောင်းဆိုလိုက်ပါတယ်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှာ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်တဲ့ သဘောထားကို ဒီနေ့ မေလ ၂၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်ရာမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။ 

အဲသည်အဖြစ်အပျက်တွေ မတိုင်ခင်ကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ ဒေသခံသတင်းစာတွေက ရခိုင်ပြည်နယ်က အာရက္ခတပ်တော်နဲ့ ဆက်ဆံရေး၊ ရိုဟင်ဂျာဒုက္ခသည်များအရေးကို သူတို့ အစိုးရတွေကိုယ်တိုင်က ဒေသခံလက်နက်ကိုင်အဖွဲ့တွေ၊ အထူးသဖြင့် အေအေ အာရက္ခတပ်တော်နဲ့ တိုက်ရိုက်ဆွေးနွေးမယ် စသည်ဖြင့် ရေးသားကြတာတွေ ရှိပါတယ်။ စစ်ရေး လုံခြုံရေး နယ်စပ်ဆက်ဆံရေးတွေမှာ စကားပြောကြမယ်ဆိုတာမျိုးတွေ ရေးသားတာမျိုး တွေ့ရပါတယ်။ ဒါ့အပြင် အတည်မပြုနိုင်တဲ့ ရင်းမြစ်တွေနဲ့ အမေရိကန်လို အနောက်နိုင်ငံက စစ်ရေးအရ  လေ့လာမှုတွေ လေ့ကျင့်မှုတွေ လုပ်နေတယ် စသည်ဖြင့် ဆိုရှယ်မီဒီယာသတင်းတွေမျိုးတွေ တွေ့ရပါတယ်။

အကဲခတ်တွေအချို့က သုံးသပ်တာကတော့ မြန်မာပြည်အရေးဟာ နိုင်ငံတကာအစိုးရတွေ၊ သူတို့မဟာဗျူဟာပေါ်လစီသမားတွေ မျက်စိအောက်မှာ သိသိသာသာ ပေါ်တင်လှုပ်ရှားကြတဲ့ နိုင်ငံရေးမဟုတ်ဘဲ နောက်ကွယ် ကန့်လန့်ကာနောက်ကနေ အကွက်ရွှေ့ကြရတဲ့ နိုင်ငံရေးတွေ ဖြစ်လာသလားလို့ မေးခွန်းထုတ်လာကြပါတယ်။ ဒါကို စကားအသုံးနဲ့ကတော့ Undercurrent political situation လို့ ခေါ်ကြတယ် ထင်ပါတယ်။ ရေပြင်ပေါ်ကနေ မမြင်ရတဲ့ အားသန်တဲ့ ရေအောက်စီးကြောင်းတွေလို့ ဥပမာခေါ်တာ ဖြစ်ပါတယ်။

သာဓကတခုကတော့ ဘင်္ဂလားဒေ့ရှ်က မြန်မာပြည် လူမှုကယ်ဆယ်ရေးလမ်းကြောင်း - Myanmar humantarian corrider ဖွင့်ဖို့ အတိုင်ပင်ခံ ပညာရှင် ယူနွတ်က ဆောင်ရွက်လာတာကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က   ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့ သတင်းထွက်ပေါ်လာပါတယ်။ သူတို့ကို မပြောဘဲ မတိုင်ပင်ဘဲ မြန်မာ့အရေးကို မဝင်ပါနဲ့လို့ ဗိုလ်ချုပ်ကြီးတွေက ပြောတယ် ဆိုပါတယ်။ ယူနွတ်ကိုယ်တိုင်က စိတ်အနှောင့်အယှက်ဖြစ်ပြီး အလုပ်ကတောင် ထွက်မယ်လို့ ပြောတဲ့သတင်းမျိုး ထွက်လာပါတယ်။ ယူနွတ်ဘက်က အမြင့်ဆုံးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်သည့် အမျိုးသားလုံခြုံရေး အကြံပေး ခလီလူရ်ရာမန်က  ရခိုင်တွင် ဖြစ်ပေါ်နေသော လူသားမှုအရေးအခင်းကြောင့် UN နှင့်အတူ အကူအညီ (အစားအစာ၊ ဆေးဝါးစသဖြင့်) တင်ပို့ရေးသာ ဆွေးနွေးနေကြခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ ယခင် အရပ်သားအစိုးရကို ဖြုတ်ချတဲ့ လူထုလှုပ်ရှားမှုမှာ ကြားနေခဲ့ပြီးနောက် ယခုတက်လာတဲ့ အရေးပေါ်အစိုးရကို ထောက်ခံထားတာမို့ ဘင်္ဂလားဒေ့ချ် ပြည်တွင်းရေးမှာ အရေးပါတဲ့ နေရာက ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။

တရုတ်ပြည်၏ ဩဇာကြီးမားမှုတွေ အာရှဒေသအပြင် နိုင်ငံတကာမှာ မြင့်မားလာနေတာကြောင့် အမေရိကန်နဲ့ အနောက်အုပ်စုဟာ သူတို့တွေ၏ ရှိရင်းစွဲ ခြေတံလက်တံတွေနဲ့ မိတ်ဆွေနိုင်ငံတွေက အစိုးရတွေ၊ လူမှုအဖွဲ့အစည်းတွေကနေတဆင့် စွက်ဖက်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ အိန္ဒိယ-ပါကစ္စတန် တင်းမာမှုမှာ အမေရိကန်က ဝင်ရောက် ကြားဝင်ဖြေရှင်းတာက ထိရောက်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ယခု ဘင်္ဂလားဒေ့ရှ်၏ မြန်မာအရေးကို ရပ်တည်ချက်ဟာ အနောက်နိုင်ငံ၏ သဘောထားမပါဘဲ သီးခြားသွားလို့မရတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။

အလားတူပဲ အာဆီယံက မြန်မာ့အရေးကို တရုတ်၏ ဝင်ရောက်စွက်ဖက်မှုနဲ့ ဆောင်ရွက်ဖို့၊ မလေးရှားနိုင်ငံခေါင်းဆောင်တွေ၏ တက်ကြွစွာ စေ့စပ်မှုတွေနဲ့ ခရီးဆက်ကြဖို့ ၂၀၂၅ ကနဦးကာလက ထွက်ရှိလာပေမယ့်၊ နောက်ပိုင်းမှာ အာဆီယံ၏ မြန်မာအရေးလမ်းပြမြေပုံ ၅ ချက်ကို လက်တွေ့မကျဘူးဆိုတဲ့ ဝေဖန်ချက်ကို ယူအန်နဲ့ အနောက်အသိုင်းအဝိုင်းကနေ ထွက်ပေါ်လာတာကို တွေ့မြင်ကြ/ရပါတယ်။ NUG ကိုယ်တိုင်ကလည်း လက်တွေ့မကျတဲ့ အာဆီယံ၏ ကြားဝင်စေ့စပ်မှုတွေလို့ ဝေဖန်လာပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုနိုင်ကြောင်း ထုတ်ပြောလာတာ အရှိန်မြင့်လာပါတယ်။ ဒါ့အပြင် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို မထည့်ဖို့ ကန့်ကွက်မှုတွေ ရှိလာတာ တွေ့ရပါတယ်။ ဒီနောက်မှာတော့ - မေ ၂၆ -၂၇ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာစစ်ခေါင်းဆောင်တွေကို ဖိတ်ခေါ်ခြင်း မခံရတဲ့ သတင်း ထွက်လာပါတယ်။

မြန်မာနိုင်ငံ၏ စစ်ကောင်စီသည် အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအဖွဲ့) ၏ ထိပ်သီးအစည်းအဝေးများမှ ဖယ်ထုတ်ခံရခြင်းကို ရင်ဆိုင်နေရသော်လည်း၊ ဤဖယ်ထုတ်မှုသည် စစ်ကောင်စီ၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုကို ပြောင်းလဲရန် သို့မဟုတ် ၎င်းတို့၏ လက်ရှိမူဝါဒများကို ပြန်လည်သုံးသပ်ရန် လုံလောက်သော ဖိအားမဖြစ်စေခဲ့ကြောင်း လေ့လာသူများက ထောက်ပြကြတယ်လို့ အေးရှားတိုင်းသတင်းအွန်လိုင်းကတော့ ဝေဖန်တာ တွေ့ရပါတယ်။ ။ အာဆီယံ၏ ၂၀၂၁ ခုနှစ်တွင် ချမှတ်ခဲ့သော ငြိမ်းချမ်းရေးအတွက် အချက်ငါးချက်သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီက ငြင်းဆန်ထားပြီး၊ ယင်းသဘောတူညီချက်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးမှုများနှင့် အကြမ်းဖက်မှုများကို ရပ်တန့် အာဆီယံက ရည်ရွယ်ဆဲဖြစ်တာမို့ သူတို့ကို ဖယ်ထားတာကလည်း အဖြေမဟုတ်ဘူးလို့ ဝေဖန်ထားတာ ဖတ်ကြရပါတယ်။

မြန်မာပြည်၏ အနောက်နဲ့ အရှေ့နယ်စပ် ထိစပ်နေတဲ့ နိုင်ငံတွေက မြန်မာပြည်အရေးကို ဆက်ဆံနေကြတဲ့ဆီမှာ မြန်မာစစ်အစိုးရကို ကန့်သတ်ထားရေး၊ တရုတ်ဩဇာခံတဲ့ ခြေလှမ်းများကို တားဆီးနိုင်ရေးတို့ကို အာရုံစိုက်လာပုံရတာကို ထောက်ပြချင်တာဖြစ်ပြီး ကန့်လန့်ကာနောက်ကွယ်မှာ အင်အားကြီးနိုင်ငံတွေ၏ ကစားကွက်တွေကတော့ ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ဆိုချင်တာ ဖြစ်ပါတယ်။

တိုက်ဆိုင်တာ မဟုတ်တဲ့ သတင်းဆောင်းပါးတခုကတော့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကိုယ်တိုင်ရေးထားတဲ့ စာကို ဘန်ကောက်ပို့စ် က ဖော်ပြထားတာ တွေ့ရပါတယ်။ 

ဒေါ်ဇင်မာအောင်ကတော့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေအပေါ်မှာ တင်းမာတဲ့သဘောထားရှိတဲ့ တရုတ်ပြည်သူသမ္မတနိုင်ငံကို ရည်ရွယ်ပြီး သူ့အာဘော်ကို ရေးထားပုံရပါတယ်။ တရုတ်ပြည်၏ မဟာခရီးရှည်လို့ သမိုင်းဝင်ခဲ့တဲ့ တော်လှန်ရေးခရီးကြမ်းနဲ့ မြန်မာနွေဦးတော်လှန်ရေးကို ဥပမာနှိုင်းယှဉ်ပြထားပါတယ်။

 ဤခရီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ရေးသို့ ဦးတည်သွားစေခဲ့သော မော်စီတုံး၏ လယ်သမားနှင့် အလုပ်သမားလှုပ်ရှားမှုများမှ အဓိကထောက်ခံမှုနှင့် တူညီသည်။ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ တည်ငြိမ်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်သို့ ခရီးသည် တရုတ်ပြည်သူများ၏ လိုအပ်ချက်နှင့် ဆန္ဒများတွင် အမြစ်တွယ်ခဲ့သည်။ မြန်မာနိုင်ငံသည်လည်း ဤလမ်းကြောင်းအတိုင်း လိုက်လျှောက်ရန် မျှော်လင့်ထားသည်လို့ ရေးထားပါတယ်။

လမ်းပေါ်ဆန္ဒပြမှုများနှင့် လက်လုပ်လက်နက်များမှ စတင်ခဲ့ရာမှ အရှေ့တောင်အာရှ၏ အကြီးဆုံးစစ်တပ်တစ်ခုကို ဆန့်ကျင်သည့် နိုင်ငံတဝန်း ညှိနှိုင်းထားသော လက်နက်ကိုင်ထိုးစစ်အထိ၊ ဤလှုပ်ရှားမှုသည် ဇွဲရှိမှု၊ ဆန်းသစ်တီထွင်မှုနှင့် ပြည်သူများ၏ မတုံ့မလျော့သော စိတ်ပိုင်းဖြတ်မှုဖြင့် တိုးတက်အောင်မြင်လာခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာနိုင်ငံနှင့် မည်သို့ဆက်ဆံရမည်ကို စဉ်းစားရာတွင် ရိုးရှင်းသော အမှန်တရားနှစ်ခုကို အသိအမှတ်ပြုသင့်သည်။ ပထမအချက်မှာ ခုခံတော်လှန်ရေးလှုပ်ရှားမှုသည် အောင်မြင်ဖွယ်ရှိပြီး၊ ဒုတိယအချက်မှာ ဤလှုပ်ရှားမှုသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသို့ရောက်ရှိရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်လို့ ဒေါ်ဇင်မာအောင်က ရေးထားပါတယ်။

သည်နေရာမှာ အရှေ့အင်အားတွေကော အနောက်အင်အားတွေကိုကော နွေဦးတော်လှန်ရေး လှုပ်ရှားသူတွေ စည်းရုံးကြရမှာက သူတို့က အနောက်ကလူတွေလား အရှေ့က လူတွေလား ဆိုတာထက် မိမိကံကြမ္မာ မိမိဖန်တီးမယ်သူတွေ ဖြစ်တာကို မီးမောင်းထိုးပြဖ်ို့ လိုမယ် ထင်မိပါတယ်။ အဲသည်အတွက် မြန်မာပြည်သူတွေကို မြန်မာပြည်သူတွေ၏ မူလ မူရင်းတန်ဖိုးအတိုင်း လေးစား နားထောင်ကြဖို့ အရှေ့ ကော အနောက်ကောကို တိုက်တွန်းဖို့ လိုပါမယ်။ နိုင်ငံတကာက နိုင်ငံရေးသမားတွေ အစိုးရတွေက သူတို့ အကျိုးစီးပွားအခြေပြုတဲ့ လှုံ့ဆော်စည်းရုံးမှုတွေ ပေါ်လစီတွေကို ရေအောက်စီးကြောင်းတွေကနေ ဆောင်ရွက်နေကြတာကိုလည်း သတိပြုထားကြရမှာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar