အာဏာရှင်တော်လှန်ရေးနဲ့ အာဏာရှင်စနစ် တော်လှန်ရေးတွေရဲ့ ကံကြမ္မာ
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၂၆
အာဏာရှင်တော်လှန်ရေးနဲ့ အာဏာရှင်စနစ် တော်လှန်ရေးတွေရဲ့ ကံကြမ္မာ
အာဏာရှင်တွေကို တော်လှန်တာနဲ့ အာဏာရှင်စနစ်ကို တော်လှန်တာ ဘာကွာလို့လဲ၊ အာဏာရှင်တော်လှန်ရေး နဲ့ အာဏာရှင်စနစ် တော်လှန်ရေး ဆိုတဲ့ စကားလုံး ၂ လုံးအကြား ကွာခြားမှုက ဘာလဲလို့ မေးစရာ ရှိနိုင်ပါတယ်။ လက်ရှိ အာဏာရယူထားပြီး အုပ်ချုပ်နေတဲ့ အာဏာရှင်ကို ဖြုတ်ချချင်တာက အာဏာရှင်တော်လှန်ရေးလို့ ဆိုနိုင်ပါတယ်။ နောက်စကားလုံးတခုဖြစ်တဲ့ အာဏာရှင် စနစ်တော်လှန်ရေးကတော့ လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာရှင်စနစ်ကို တော်လှန်ချင်တာ အာဏာရှင်စနစ် မဟုတ်တဲ့ အခြားသော စနစ်တခုနဲ့ အစားထိုးချင်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။
တခုက လူပုဂ္ဂိုလ် တဦးတယောက် သို့မဟုတ် သတ်သတ်မှတ်မှတ် အဖွဲ့တဖွဲ့ကို မကြိုက်တာကြောင့် ပြုတ်ကျအောင်၊ အနိုင်ရအောင် ရည်မှန်းချက်ထားရှိတာ ဖြစ်ပြီး နောက်တခုကတော့ လူပုဂ္ဂိုလ်ထက်စနစ်ကို မကြိုက်တာ၊ လက်မခံတဲ့ သဘောမျိုး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ်ကို ပြုတ်ကျဖို့ ဆန္ဒပြနည်းနဲ့ သော်လည်းကောင်း၊ လက်နက်ကိုင်နည်းလမ်းနဲ့သော်လည်းကောင်း ဆန့်ကျင် တော်လှန်ခဲ့ကြတာ ယနေ့ဆို ၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးကာလကလည်း ထိုစဥ်က စစ်အာဏာသိမ်းအဖွဲ့ကို ခေါင်းဆောင်ခဲ့သူ ဗိုလ်ချုပ်စောမောင်ကို ပြုတ်ကျအောင် ဆန္ဒပြတဲ့နည်းလမ်း၊ မြေအောက်လှုပ်ရှားမှု နည်းလမ်း၊ လက်နက်ကိုင် နည်းလမ်းတွေ စသဖြင့် အမျိုးမျိုးနဲ့ အာဏာရှင်တော်လှန်ရေးနဲ့ အာဏာရှင်စနစ် တော်လှန်ရေး လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလို စစ်တပ်က အုပ်ချုပ်မှုကို ခံနေကြရတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ် အမည်ခံ စစ်အာဏာရှင်ခေတ်က ဖြစ်စေ၊ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်အစိုးရ အမည်နဲ့ အုပ်ချုပ်တဲ့ ခေတ်တွေမှာ ဖြစ်စေ ခုခံတော်လှန်ခဲ့ကြတဲ့ အင်အားစုတွေထဲ အချို့က အာဏာရှင်တဦးတယောက် အပေါ် ပုံဖော်ပြီး အဲဒီလူတဦးတယောက် ပြုတ်ကျဖို့ အဓိက ပြောဆိုစည်းရုံးကြတာ တွေ့ရပါတယ်။ အထူးသဖြင့် လက်ယာအယူအဆ (အရင်းရှင်စီးပွားရေးစနစ်နဲ့ တန်ဖိုးတွေကို လက်ခံတဲ့အယူဝါဒ) ရှိတဲ့ နိုင်ငံရေးအင်အားစုတွေက အဲဒီလို ဟောပြောစည်းရုံးမှုတွေ လုပ်လေ့ရှိပြီး လက်ဝဲ အယူအဆ ယုံကြည်လက်ခံတဲ့ အင်အားစုတွေကတော့ အာဏာရှင်စနစ်ကို အဓိက ဦးတည် ဆန့်ကျင်ဟောပြောကြတာ ဖြစ်ပါတယ်။
လူတဦးတယောက်ကြောင့်လို့ ပုံဖော်ထားတဲ့ ဟောပြောစည်းရုံးမှုတွေက လူအများကို ဟောပြောရာမှာ လွယ်ကူကောင်း လွယ်ကူနိုင်ပါတယ်။ အခုလို တိုင်းပြည် နိမ့်ကျနေတာ၊ လူထုအနေနဲ့ ဆင်းရဲကျပ်တည်းနေတာ အာဏာရှင် တဦးတယောက်ရဲ့ စိတ်ဆန္ဒ၊ သူ့ဆုံးဖြတ်ချက်တွေ၊ အတ္တတွေ၊ မိသားစု အကျိုးစီးပွားတွေ ကြောင့်လို့ လူအများ ထောက်ခံမှုရအောင် လွယ်လွယ်နဲ့ စည်းရုံးနိုင်တာ ဖြစ်ပါတယ်။ အာဏာရှင်စနစ်ကြောင့်လို့ ဆိုတဲ့ လက်ဝအယူအဆ ကိုင်စွဲသူတွေကတော့ အာဏာရှင် တဦး တယောက် ဆိုတာထက် အဲဒီတဦးတယောက်ဟာ အာဏာရှင်စနစ်ကို ကိုယ်စားပြုပြီး ပေါ်ထွက်လာတဲ့သူသာ ဖြစ်တယ်၊ သူ မရှိခဲ့ရင်လည်း နောက်သူ့လို အာဏာရှင်စနစ်ကို ကိုယ်စားပြုသူ ပေါ်ထွက်နိုင်ခြေ ရှိတယ်ဆိုတဲ့ ယုတ္တိအဆိုနဲ့ စည်းရုံးပြောဆိုကြတာ ဖြစ်ပါတယ်။
မဆလ စစ်အာဏာရှင်ခေတ်မှာ နေဝင်းကြောင့် တိုင်းပြည်က အခုလို အဆင်းရဲဆုံးနိုင်ငံ ဖြစ်ရတာ၊ အစိုးရကို ဆန့်ကျင်တဲ့သူဆိုခဲ့ရင် ကျောင်းသား၊ ပြည်သူ၊ ရဟန်းသံဃာပါမကျန် ဖမ်းဆီးဖို့ နှိပ်စက်ဖို့ သတ်ဖြတ်ဖို့ ဝန်မလေးတဲ့ အဖြစ်အပျက်တွေ ဖြစ်ရတာ နေဝင်းပြုတ်ကျသွားရင် နိုင်ငံပြောင်းလဲ သွားလိမ့်မယ် ဆိုတဲ့ အယူအဆမျိုး လူအတော်များများ မှာရှိခဲ့ကြတာပါ။ လက်တွေ့မှာတော့ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုတဲ့ နောက်အာဏာရှင် သန်းရွှေ၊ ခင်ညွန့် တို့ နေရာရလာကြပြီး နောက်ထပ် နှစ် ၂၀ ကျော် စိုးမိုးအုပ်ချုပ်ခဲ့ကြတာ တွေ့ရမှာပါ။
အာဏာသိမ်းမှုက အာဏာရှင် စနစ်ကို အပေါ်ယံ အသွင်အပြင်ပြောင်း၊ ဝတ်ရုံပြောင်းပြီး လက်ဆင့်ကမ်း သယ်ဆောင်သွားတာ ဖြစ်ပါတယ်။
ဒီနေရာမှာ လက်ဝဲအယူအဆကို နှစ်သက်လို့ အသားပေး ချီးကျူးတဲ့ သဘောမျိုး ပြောဆိုလိုတာ မဟုတ်ပါဘူး။ လက်ဝဲအယူအဆက နိုင်ငံရေးစနစ်တွေ၊ အဖြစ်အပျက်တွေကို ဆန္ဒစွဲ အနည်းဆုံးနဲ့ ရုပ်ဝါဒဆန်စွာ ချဥ်းကပ်ပြီး ခွဲခြမ်းစိတ်ဖြာ သုံးသပ်တာကြောင့် အာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်တွေရဲ့ သရုပ်သကန်၊ အတွင်းအနှစ်သာရကို မြင်လာအောင် ကြည့်ပြီး သမိုင်းအဖြစ်အပျက်တွေကို ချဥ်းကပ်သုံးသပ်တာမျိုး ဖြစ်ပါတယ်။
လက်ဝဲဝါဒမှာလည်း ပစ္စည်းမဲ့ အာဏာရှင်စနစ်ကို ထူထောင်ရမယ် ဆိုတဲ့ ကွန်မြူနစ်အယူအဆ ရှိတဲ့အင်အားစုတွေ ရှိနေပြန်တာကြောင့် လက်ဝဲဝါဒကို လက်ခံဖို့ ဝါဒဖြန့်စည်းရုံးခြင်း မပြုလိုပါဘူး။ သမိုင်းဖြစ်ရပ်တွေ နိုင်ငံရေး ဖြစ်စဥ်တွေကို ဖြစ်လိုတဲ့ ဖြစ်ချင်တဲ့ အစွဲထက် ဖြစ်နေတဲ့ သဘာဝကို မြင်နိုင်အောင် ချဥ်းကပ်တတ်ဖို့ အရေးကြီးတယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ဆက်နွှယ်ပြီး ပြောဆိုလိုတဲ့ အချက်က FB လူမှုကွန်ရက်မှာ မသော်တာအေးလဲ့ အမည်ရှိတဲ့ အကောင့်မှာ “အာဏာရှင်စနစ်၊ စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံရေးအပြောင်းအလဲတွေ (ဘာကြောင့် ဒီမိုကရေစီရဖို့ ခက်ခဲတာလဲ)” ဆိုတဲ့ နိုင်ငံရေးသိပ္ပံ သုံးသပ်ချက်ဆောင်းပါး အကျဥ်းမိတ်ဆက်ရေးသားထားတာ အကြောင်း ဖြစ်ပါတယ်။ (မူရင်းပို့စ် လင့် https://www.facebook.com/share/p/17qaNAYz4u/ )
ဒီဆောင်းပါးမှာ “အာဏာရှင် စနစ်တွေ ပြိုလဲသွားတဲ့အခါ ဘာကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ ခက်ခဲနေရတာလဲ” ဆိုတဲ့ မေးခွန်းကို ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့ အာဏာရှင် ပြုတ်ကျမှု၊ အစိုးရပြိုလဲမှုတွေကနေ ဒီမိုကရေစီလမ်းကြောင်းပေါ် မတက်နိုင်ဖြစ်ရခြင်းက အင်စတီကျူးရှင်း(အဖွဲ့အစည်းဆိုင်ရာ)ခိုင်မာမှုက အဓိကကျတဲ့ အချက်ဖြစ်တယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။
၁၉၄၆ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်အကြား ကမ္ဘာမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ် ၂၈၀ ကို သုတေသနပြုမှုအရ ပြုတ်ကျ၊ ပြိုလဲသွားတဲ့ အာဏာရှင်တွေ၊ အာဏာရှင်စနစ်တွေရဲ့ ၂၅ ရာနှုန်းလောက်သာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ခဲ့ကြတယ်လို့ အဆိုပါ ဆောင်းပါးက ဆိုပါတယ်။ ဒီဆောင်းပါး ရေးသားသူတွေရဲ့ အကဲဖြတ်ချက် သတ်မှတ်ချက်အရ အာဏာရှင် တယောက် တနည်း ခေါင်းဆောင်တယောက် ပြုတ်ကျပေမဲ့ အုပ်ချုပ်ပုံစနစ် မပျက်ခဲ့ရင် အာဏာရှင်စနစ် မပြိုလဲသေးဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဆိုရရင် ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် တက်လာတဲ့ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ၊ ကောင်စီ အုပ်ချုပ်မှုကနေ ၁၉၈၈ နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး စစ်အစိုးရ၊ နိုင်ငံတော်အေးချမ်းသာယာရေး စစ်အစိုးရတွေတလျှောက်လုံး အာဏာရှင် လူပြောင်းလဲသည့်တိုင် စစ်အာဏာရှင်စနစ်က တဆက်တစပ်ထည်း သဘောလို့ ဆိုနိုင်ပါတယ်။
အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ကြိုးစားသည့်တိုင် နောက်ဆုတ်သွားတဲ့ အာဏာရှင် သို့မဟုတ် စနစ်ရဲ့ နေရာမှာ အစားထိုး ဝင်နေရာယူဖို့ အဖွဲ့အစည်းကြီးတခု အုပ်ချုပ်ရေးတခု အင်အားစုကြီးတခုက အဆင်သင့် ဖွဲ့စည်းပြီး ရှိမနေကြတဲ့ သဘောလို့လည်း နားလည်ရပါတယ်။ ၁၉၈၈ ခုနှစ် ၈ လ ၈ ရက်၊ ၈၈ ခုကနေ နောက်တလနဲ့ ၁၀ ရက်ကြာတဲ့ အရေးတော်ပုံ ကာလအတွင်း အာဏာ လစ်ဟာမှု သီတင်းပတ်ကာလတချို့ ရှိခဲ့ပါတယ်။ အဲဒီကာလတွေအတွင်း မြို့တွေ၊ နယ်တွေ၊ ကျေးရွာတွေကို သပိတ်ကော်မတီလို ရပ်မိရပ်ဖလိုတွေက ထိန်းထားကြတာဖြစ်ပေမယ့် အထက်အောက် အဆင့်ဆင့် စုစည်းမှုရှိတဲ့ အဖွဲ့အစည်းကြီး တခုအနေနဲ့ မရှိတဲ့သဘော ဖြစ်ပါတယ်။ ဒီအနေအထားမှာ ဦးနုက ကြားဖြတ်အစိုးရဖွဲ့ တဲ့ နိုင်ငံရေးအရ ရှေ့ခြေတလှမ်းတိုးပြီး ကစားကွက်ကို ဖော်ခဲ့ပေမယ့် အခြားသော အင်အားစုတွေက ပူးပေါင်းခြင်း မပြုတာ၊ ဆန့်ကျင်ကန့်ကွက်တာ ရှိခဲ့ပြီး ရက်အနည်းငယ်အကြာ စစ်အာဏာသိမ်းကြောင်း ကြေညာခံခဲ့ရတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အရေးတော်ပုံက လက်နက်ကိုင် တော်လှန်ရေး ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဖြိုချ ဖျက်သိမ်းကြမယ် ဆိုတဲ့ ဘုံသဘောတူညီမှု ရှိကြပေမဲ့လည်း အနာဂတ်ထူထောင်မယ့် နိုင်ငံတော်နဲ့ ပတ်သက်လို့ ဘုံသဘောတူညီမှု မရှိကြသေးဘူးလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလကို ပြန်လည် ငဲ့ကြည့်ဖို့ သုံးသပ်ဖို့ အချို့သော ဖြစ်ရပ်တွေက လတ်ဆတ်လွန်း၊ နီးလွန်းနေသေးတော့ ပြတ်ပြတ်သားသား မြင်ဖို့ ခက်ကောင်းခက်နိုင်ပါတယ်။ ကိုယ်တိုင် ပါဝင်နေတာမျိုး၊ မိမိသံယောဇဥ်ရှိတဲ့ လေးစားတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်း ပါဝင်နေတာမျိုးကြောင့် လွတ်လွတ်လပ်လပ်၊ အစွဲကင်းကင်း သုံးသပ်ဖို့ ခက်ခဲကောင်း ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။
သို့ပေမဲ့ ပြောနိုင်တာ တခုက စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်လိုတဲ့ ရည်ရွယ်ချက်မှာ ၁၀၀ ရာနှုန်း အပြည့်အဝရှိကြရဲ့လား၊ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ကို ဖြိုဖျက်လိုတာ မှန်ပေမယ့် ၄င်းတို့ကို အနိုင်ရပြီးနောက် အုပ်ချုပ်ကြရာမှာလည်း စစ်တပ်က အရာရာအားလုံး အဆုံးအဖြတ်ပေးတဲ့ လက်ရှိစစ်တပ် မဟုတ်တဲ့ စစ်တပ်တတပ်က အုပ်ချုပ်တဲ့ အုပ်ချုပ်ရေး ပုံစံမျိုးကို ရည်မှန်းထားကြသလားဆိုတဲ့ မေးခွန်းလည်း ရှိနေတာပါ။
လက်နက်ကိုင်ထားတဲ့ စစ်တပ်က အုပ်ချုပ်ပြီး ဒီမိုကရေစီ စနစ်အနှစ်သာရ မပါရှိဘဲ အမျိုးသားရေး သကာအုပ်ထားတဲ့ စစ်ဝါဒမျိုးနဲ့ ချီတက်တာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။ အုပ်ချုပ်သူ(လူ)ပြောင်းချင်တာထက် စနစ်ပြောင်းချင်တာ၊ ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင်တာ ဖြစ်ဖို့ အရေးကြီးပါတယ်။
အဲဒီလိုစနစ်မျိုး တည်ဆောက်ဖို့ ရည်မှန်းချက်ရှိထားခဲ့ရင် စစ်အာဏာရှင်စနစ်ကို ဖြိုချပြီးနောက်မှာ တခါထည်း အစားထိုးရမှာ ဖြစ်ပါတယ်။ အာဏာလေဟာနယ် ဖြစ်ပြီး လူပြောင်းသွားတဲ့ အာဏာရှင်စနစ်တခုနဲ့ အစားထိုးမခံရဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါလ်၊ မဒါဂါစကား နိုင်ငံတွေမှာ လူထုဆန္ဒပြမှု၊ လှုပ်ရှားမှုတွေနဲ့ ခြစားတဲ့ အစိုးရ၊ အာဏာရှင်တွေကို ဖြုတ်ချခဲ့ကြပါတယ်။ ဆန္ဒပြသူ ရာဂဏန်းနဲ့ချီ အသက်ရှုံးရှုံးရတဲ့ ဆန္ဒပြပွဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ ဖြစ်ပြီးနောက် အုပ်ချုပ်သူ(လူ) အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ကြားနေဖြစ်တဲ့သူ၊ အများယုံကြည်သူတွေကို ယာယီဝန်ကြီးချုပ် တာဝန်ပေးကာ ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေ အပြောင်းအလဲ ဖြစ်ချင်သူတွေရဲ့ ဆန္ဒပြည့်ဝမလား၊ ရည်မှန်းချက် ပန်းတိုင်ဆီ ရောက်ရှိမလားဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
လူထုလှုပ်ရှားမှုတွေ အုံကြွမှုတွေ ဖြစ်ပွားကာ အာဏာရှင်တွေကို ဖယ်ရှားလိုက်ကြတဲ့နောက် လစ်ဟာသွားတဲ့ အာဏာလေဟာနယ်ကို အထက် အောက် ဖွဲ့စည်းထားပြီးသား ခိုင်မာတဲ့ အဖွဲ့အစည်းတခုဖြစ်နေတဲ့ စစ်တပ်ခေါင်းဆောင်တွေက နေရာဝင်ယူသွားတဲ့ သာဓကတွေလည်း ခေတ်ပြိုင်သမိုင်း အဖြစ်အပျက်တွေမှာ ရှိနေတာကို သတိပြုဖို့ အရေးကြီးလှပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar