Breaking News

လေးလေး - “ပုံတိုနဲ့ပါဌ်စ”

“ ပုံတိုနဲ့ပါဌ်စ ” 
 လေးလေး 
(မိုးမခ) မေ ၉ ရက်၊ ၂၀၂၅

ဒီခေတ်တော့ ဦးဇင်းတွေရေးတဲ့စာအုပ်တွေ အတော်ဖတ်ဖြစ်တယ်၊ အနည်းဆုံးတော့ လူဆိုတာ ကုသိုလ်၊ အ ကုသိုလ်တွေနဲ့ လုံးထွေးနပမ်းလုံးပြီး နေ့တိုင်းရှင်သန်နေကြ၊ ဒီတော့ ကုသိုလ်ဖြစ်အောင်တွေးပြီးနေ၊ အကု သိုလ်မဖြစ်အောင် သတိကပ်ပြီးနေ၊ သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်းတွေ သိပ်မပြောဖြစ်စေနဲ့။ အဲဒါတွေက အကုသိုလ် ။ ဦးဇင်းတွေရေးတဲ့စာအုပ်တွေထပ်ခါထပ်ခါဖတ်တော့ တရားနာသလိုပါပဲ။ 

အခုလည်း “ပုံတိုနဲ့ပါဌ်စ”တဲ့။ ဖေ့စ်ဘွတ်မိတ်ဆွေ ပန်းချီဆရာတယောက်က သူဆွဲထားတဲ့စာအုပ်အဖုံး သူ့ ဖေ့စ်ဘွတ်မှာတင်ထားတော့ ဘုန်းကြီးရေးတဲ့စာအုပ်လား မေးမိ၊ ပန်းချီဆရာက “ဦးဇင်း”တပါး ရေးတာပါပြန် ပြောတယ်။ ကလောင်နာမည်ကတော့ အစိမ်းသက်သက်ပဲ။ ဒါပေမယ့် စာရေးတဲ့ ဦးဇင်းကတော့ စာရေးသူဆိုတော့ မတရားဘက်တော့ မရပ်လောက်ဘူးလို့အတွေးရောက်ပြီး မှာဖတ်ဖြစ်တယ်။

“လေးသုံည ဆေးရုံဝ” တဲ့။ 

 လေးသုံည ဆေးရုံဝ..တဲ့၊ ခြောက်ဆယ်ကြောက်စဖွယ်..တဲ့။ စာဖတ်တော့ ဒါမျိုးအသစ်အဆန်းတွေ ကြားရ၊ ဖတ်ရ တယ်၊ကြားဖူးတာက ဘဝဆိုတာ လေးဆယ်မှစတယ် တို့ဘာတို့မဟုတ်လား။ ခြောက်ဆယ်ဆိုတာက မြန်မာပြည်မှာ အငြိမ်းစားသွားတဲ့အရွယ်လို့ အကြမ်းဖျဥ◌်းသိကြတာပဲလေ။ အခုတော့ လေးသုံည ဆေးရုံဝ..တဲ့။

သဘောကတော့ အသက် ၄၀ ဆို ရောဂါတွေ”စ” ဝင်လာပြီပေါ့၊ အနည်းဆုံး အခြေခံရောဂါတွေဖြစ်တဲ့ အဆီ များတာတို့၊ ဝိတ်တက်တာတို့၊ သွေးတိုး၊ ဆီးချိုတို့ ဝင်လာတတ်ပြီပေါ့၊ ကိုယ်တွေ့ကတော့ ၄၅ နှစ်မှာ သွေးတိုး၊ အသက် ၅၀ မှာ ဆီးချို၊တခုပြီးတခုဝင်ခဲ့တာပဲ။ ဆိုတော့ အသက် ၄၀ လောက်ဆို မဖြစ်မနေကျန်းမာရေး လိုက် စားသင့်ပြီလို့ ဆိုလိုချင်ပုံပါ။ 

အသက် ၆၀ ဆိုတာကတော့ အနု၊ အရင့်၊ အရော်ထဲမှာ အရင့်ထဲရောက်တာ၊ အရွယ်ရင့်သလို အတွေ့ အကြုံ၊ အတွေးအခေါ်တွေပါ ရင့်သွားတဲ့အရွယ်။ အထင်အမြင်တွေ အတွေးအခေါ်တွေ အယူအဆတွေ မကျေလည်မှုတွေ အဲ့ဒါတွေအားလုံးထက် ကျန်းမာရေးကအဓိက ဖြစ်သွားတာပါ။ မကျန်းမာရင် ဘဝဟာ သေနေသလိုပါပဲ။ ပါချုပ် ဆရာ တော်ရဲ့တရားခေါင်းစီးတခုလို ”သုညကမ္ဘာ၏သရုပ်ဆောင်များ” ချည်း။

အားလုံးဟာ သရုပ်ဆောင်တွေချည်း၊ ငယ်ရုပ်နဲ့သရုပ်ဆောင်ပြီးတဲ့နောက် လူလတ်ပိုင်းသရုပ်ဆောင်၊ ပြီးတော့ လူကြီးပိုင်းသရုပ်ဆောင်။ တခုတော့ ပိုသိလာတယ်၊ လူတွေစုမိရင် သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း ပြောတတ်ကြတယ်။ အဲ့ဒါ အကုသိုလ်များနေတာပဲ။ အဲ့ဒါကြောင့် ငါးပါးသီလမှာ တပါးသီလထပ်တိုး ထားသင့် တယ်။ ”သူတပါးတို့၏ မကောင်းကြောင်းကို ပြောဆိုခြင်းမှ ရှောင်ကြဥ◌်ပါ၏” 

ကိုယ်တော်ကြီးတပါးက ပြောဖူးတယ်၊ ”ကိုယ့်လူရေ..တယောက်တည်းနေရတာကောင်းသဟ..၊ တယောက်ယောက်ရောက်လာလို့ကတော့ အဲ့ဒီတယောက်ပြောမယ့် မပြီးနိုင်မစီးနိုင်ဒုက္ခသုက္ခတွေအကြောင်း မလွှဲမရှောင်သာ နားထောင်ပေရော့ပဲ..တဲ့။ ဒီလိုဆိုတော့ တယောက်ယောက်နဲ့ဒုက္ခများနေမှာထက်စာရင် ကိုယ့်ဒုက္ခ နဲ့ကိုယ်နေရတာ ပို မကောင်းဘူးလား။ တယောက်ထဲဆို ညဆိုတိတ်ဆိတ်လို့၊ မနက်ဆိုငြိမ်သက်လို့၊ နေ့ လယ်နေ့ခင်းဘက်တွေဆို လွတ်လပ်ပေါ့ပါးလို့..”။

ဒါပေမယ့် လူဆိုတာ တယောက်တည်းကြာကြာနေလို့မှမရတာပဲ၊ ဆေးဆရာဆို ဆေးကုတော့ လူနာနဲ့ လူနာ ရှင်နဲ့တော့ စကားပြောရတယ်လေ။ ရှေးက သစ္စာဆိုပြီးဆေးကုတဲ့ ဆရာတယောက်ရှိတယ်၊ ဘာရောဂါဖြစ်ဖြစ် သစ္စာဆိုပြီး ရေတိုက်လိုက်တာပဲ။ဒ ါနဲ့ ဆရာတော်ကမေးကြည့်တယ်။ ဘာတွေသစ္စာဆိုပြီး ဆေးကုတာလဲ။ ”တပည့်တော်သစ္စာပြုတာက ကျနော်သည် ကျနော့်အမေ၏သားဖြစ်ပါသည်..။ အဲ့ဒီလိုဆိုပြီးကုတာ၊ဆိုပါများတော့ စွမ်းလာတယ်..တဲ့။

ဒါတွေက ယုံချင်ယုံ၊ မယုံရင်ပုံပြင်မှတ်ရမှာပဲ။ ဘုရားမှာအလုပ်လုပ်တဲ့ကဗျာဆရာတယောက် ကျန်းမာရေးမကောင်းတော့ ”အရှင်ဘုရား၊ အရှင်ဘုရားရုံးမှာ တပည့်တော်အလုပ်လုပ်တာကြာပါပြီ။ ဘာပဲလုပ်လုပ် တပည့်တော်သေချာ လုပ်ပါတယ်၊ အရှင်ဘုရားလည်း သိမှာပါ။ တပည့်တော် ကို ပစ်မထားပါနဲ့လို့ သစ္စာ ဆိုလိုက်တာ သူ့ရောဂါ အတော်ကောင်းသွားဆိုပဲ။ ကြားဖူးတာ တခုရှိသေးတယ်။

တခါတုန်းက လူတယောက်ဟာ တောင်ပေါ်ဒေသတခုကို ကားနဲ့ခရီးသွားရင်း ကားက တောင် စောင်းအတက်တွေမှာ မှောက်မလို မှောက်မလိုဖြစ်တယ်၊ သူက တွေးတယ်၊ ကားတော့ မှောက်တော့မယ် ထင်တယ်၊ ဒီအချိန်မှာပဲ ကားက တောင်စောင်းတခုအတက်မှာ မှောက်ပါလေရော။ ဒီလူက ကားလည်းမှောက်ရော ကားထဲကခုန်ထွက် လိုက်ပြီး ”ငါက မိဘကို လုပ်ကျွေးနေတဲ့ကောင်ကွ” လို့ အော်လိုက်ပါသတဲ့။

အဲ့ဒီလူကံကောင်းချင်တော့ ကမ်းပါးဘေးကသစ်ပင်ကြီးပေါ်ကျပြီး ပွန်းပဲ့ရုံလောက်ပဲဒဏ်ရာရတယ်၊ ကျန် တဲ့သူတွေ ကျိုးတဲ့လူကျိုး၊ ပဲ့တဲ့သူပဲ့၊ သေတဲ့သူသေပေါ့လေ။ ဒီလူ့အဖြစ်က ယုံသော်ရှိ၊ မယုံသော်ရှိပေါ့လေ။ မိဘကိုသိတတ်တဲ့သားသမီး ဘယ်တော့မှ ဒုက္ခမရောက်ဘူးလို့ပြောကြဆိုကြတယ်မဟုတ်လား။

‌ေဥယျ ရေးတဲ့ ပုံတိုနဲ့ပါဌ်စ စာစုလေးတွေက ဦးဇင်းတွေရေးကြတဲ့စာအုပ်တွေထဲ တမူကွဲထွက်လာသလားလို့ မှတ်တယ်။ ဘုန်းကြီးတွေထဲမှာလည်း ဘာသာမဲ့ဘုန်းကြီးတွေ အတော်များသားဆိုတဲ့အရေးအသားမျိုးလည်း ဖတ်ရတယ်။ တချို့အရေးအသားတွေ မြည်းစမ်းကြည့်ပါ။ ”စာပေရေးရာ ပရဟိတလုပ်နေတဲ့ လူတယောက်က မေးဖူးတယ်။ အရှင်ဘုရားကို ဘယ်သူတွေ လှုနေတာလဲ တဲ့။ အရှင်ဘုရား ဘယ်လိုရပ်တည်နေလဲတဲ့။ တပည့်တော်ကတော့ ဘုန်းကြီးတွေကို မလှုဘူးတဲ့။

သူပြောချင်တာက ကိုယ်တွေကိုလှုတာထက် တခြားလိုအပ်နေတဲ့နေရာတွေအတွက် အလုပ်လုပ်နေတယ်လို့ ယူဆမိပါတယ်။ ဒါလည်းကောင်းပါတယ်။ လှုတယ်ဆိုရင် ဘာသာရေးအရ လှုတဲ့သူက အများစုဆိုတော့ ဒီလိုလူမှုဘဝတိုးတက်ရေး လောကကြီးပွားကြောင်းအတွက် အလုပ်လုပ်နေသူတွေကိုလည်း ဝန်းရံအားပေးရမှာပါပဲ။ ကိုယ့် ရွှေပြည်ကြီးမှာက ဘေးအမျိုးမျိုး ရန်အသွယ်သွယ်ဆိုတော့ မီးဘေး ထင်းဘေး ဆိုလည်း လှုရ၊ရေဘေး လေဘေးဆိုလည်း ကယ်ရ၊လူသားစာနာဆိုလည်း ကူရ၊ ဆိုတော့ ကူစရာကယ်စရာနေရာတွေက အများသားပဲမဟုတ်လား။ ကိုယ်တွေလည်း အရာရာ ယူပက္ခန္ဓာချည်းလုပ်နေလို့တော့မသင့်ဘူးလို့ နှလုံး သွင်းမိပါတယ်။”

‌ေဥယျ ဆိုတဲ့ ဦးဇင်းတပါးရေးတဲ့ ”ပုံတိုနဲ့ပါဌ်စ” စာအုပ်ကို ချန့်ချန်စာပေက ၂၀၂၅ ခုနှစ်၊ဖေ ဖော်ဝါရီလမှာ အုပ်ရေ ၅၀၀ ထုတ်ဝေဖြန့်ချီပြီး စာအုပ်တန်ဖိုးက ကျပ် ၇၀၀၀။ဖေ့စ်ဘွတ်စတိုင်ရေးထားတဲ့စာတိုပေစပေါင်း ၂၄ ပုဒ် တိတိ ပါတယ်။ ပေါ့ပေါ့ပါးပါးဖတ်ပြီး လေးလေးနက်နက်တွေးချင် တွေးလို့ရတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar