ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေကြရတဲ့ ပြည်သူလူထုတွေရဲ့ ဘဝ
မြန်မာနွေဦးခရိုနီကယ် - မေ ၁၉ မြင်ကွင်း
မိုးမခ၊ မေ ၂၀ ၊ ၂၀၂၅
ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေကြရတဲ့ ပြည်သူလူထုတွေရဲ့ ဘဝ
စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော် တို့မှာ အများဆုံးထိခိုက်ပျက်စီးခဲ့ရတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ အခုဆိုရင် ရက်ပေါင်း ၅၀ ကျော်လာပြီဖြစ်ပါတယ်။ မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ နေပြည်တော်၊ ပျဥ်းမနား၊ အင်းလေးတို့မှာ ထိခိုက်ပျက်စီးမှုတွေကြီးမားစွာ ရှိခဲ့ပြီး သေဆုံးသူ ၃၇၀၀ ကျော်နဲ့ ပျောက်ဆုံးနေသူ ၈၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၅ ထောင်ကျော်ရှိတဲ့ ငလျင်ဘေးကနေ ပုံမှန်အနေအထား မဟုတ်တောင် နေစရာ၊ အလုပ်အကိုင် နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့က တော်တော်လေး အလှမ်းဝေးနေသေးတဲ့ အခြေအနေလို့ဆိုရမှာပါ။
ငလျင်ထူထောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ် ပေါ်ထွန်းရေးတွေ အတွက် လိုအပ်တဲ့ငွေကြေး အရင်းအမြစ်တွေ အားလုံးနီးပါးက စစ်တိုက်ခိုက်ရာနေရာတွေမှာ သုံးစွဲနေကြတဲ့ အဖြစ်က ဆင်းရဲနိမ့်ကျပြီး သဘာဝဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရတဲ့ မြန်မာနိုင်ငံအဖို့ ပိုမိုခက်ခဲ ကြပ်တည်း စေတာလည်း ဖြစ်ပါတယ်။
စစ်စရိတ်လို့ဆိုရင် အများဆုံး သုံးစွဲနေတာက စစ်ကောင်စီဘက်က ဖြစ်ပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး PDF, NUG တို့ဘက်ကလည်း စစ်ကောင်စီလောက် ပမာဏမများပေမယ့် အချိုးအစားတခု သုံးစွဲနေကြရတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မှာ စစ်ကောင်စီအနေနဲ့ စစ်အသုံးစရိတ် ကန်ဒေါ်လာ ၅ ဘီလျံလောက် သုံးစွဲခဲ့တယ်လို့ သတင်းအချို့မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ ဘက်က ဘယ်လောက်သုံးစွဲကြသလဲဆိုတဲ့ ကိန်းဂဏန်းတွေ ခန့်မှန်းချက်တွေ မတွေ့ရပေမယ့် နှိုင်းယှဥ်ချက်အားဖြင့် စစ်ကောင်စီတပ်ဘက်က အသုံးစရိတ်ရဲ့ ၈ ပုံတပုံကနေ ၅ ပုံတပုံ ပမာဏလောက် ရှိကောင်း ရှိနိုင်ပါတယ်။
ဆိုလိုချင်တာက မြန်မာနိုင်ငံအနေနဲ့ နိုင်ငံက ကုန်ထုတ်လုပ်ငန်းတွေ ကောင်းစွာမလည်ပတ် မလုပ်ကိုင်နိုင်ကြတဲ့ အနေအထားမှာ စစ်စရိတ်တွေကို တိုးမြှင့်သုံးကြရတာကြောင့် သယံဇာတနဲ့ လူထုထံက အခွန်အကောက် တိုးပြီးကောက်ယူခြင်းအားဖြင့် စစ်စရိတ်တွေကို ကာမိအောင် ကြိုးစားနေကြတာ တွေ့ရမှာဖြစ်ပါတယ်။
ဒီအခြေအနေတွေက ငလျင်ဘေးကျရောက်ပြီး ကယ်ဆယ်ရေးတွေ နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပြည်တွင်းက အရင်းအမြစ်တွေ မသုံးစွဲနိုင်ခြင်းရဲ့ အဓိက ကျတဲ့အကြောင်းတချက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
သယံဇာတ အရင်းအမြစ်တွေကိုသာ ထုတ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးပြီး ထုတ်လုပ်နေကြတဲ့ အဖြစ်ကို မကြာခဏ သယံဇာတ အကျိုးစီးပွားနဲ့ ပတ်သက်ပြီး ပဋိပက္ခ၊ ပွတ်တိုက်မှု၊ လူထုကို ဖမ်းဆီး နှိပ်စက်မှုတွေ ဖြစ်ပွားနေတာ၊ သယံဇာတထွက်ရှိတဲ့နယ်မြေတွေ ကို ဦးစားပေးသိမ်းယူဖို့ ကြိုးစားကြတာတွေကို ကြည့်ရင် သိရှိနိုင်ပါတယ်။
ရှမ်းမြောက်ဒေသမှာ MNDAA တပ်က ဆန္ဒပြတဲ့ ဒေသခံတွေကို ပစ်ခတ်မှုကြောင့် ၆ ဦးသေဆုံးမှု ဖြစ်ခဲ့ရသလို၊ ခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ် အစပ်က ပရာဒေါင်း လူမျိုးစုတွေ ဒေသမှာ စက်ယန္တရားနဲ့ ခဲသတ္တုတူးဖေါ်တဲ့ကုမ္ပဏီကို ဒေသခံလူမျိုးစုတွေက ဆန္ဒပြရာက ကယန်းပြည်သစ်ပါတီနဲ့ ပဋိပက္ခဖြစ်နေတဲ့ သတင်းတွေ ဖေါ်ပြနေကြတာတွေ့ရမှာပါ။
အလားတူ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် အထက်ပိုင်းတကြောက ရွှေမျောတွေ၊ ဖားကန့်ဒေသမှာ ကျောက်စိမ်း အလွန်အကျွံတူးဖေါ်မှုတွေ၊ တနင်္သာရီတိုင်းက သတ္တု အလွန်အကျွံ တူးဖေါ်မှု သတင်းတွေ နဲ့ ရှမ်းအရှေ့မှာ ရွှေတူးဖေါ်မှုတွေကြောင့် မြစ်ချောင်းရေတွေ မသန့်ရှင်းတော့တာ၊ တောပြုန်းတီးတာတွေလည်း အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ထိ သက်ရောက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
တဖက်မှာ ကုန်စည်ကူးသန်း ရောင်းဝယ်မှု လုပ်ကြရာမှာလည်း လမ်းခရီးမှာ အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့အစည်းတွေက စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ကာ ငွေကြေး ကောက်ခံနေကြတာ ဖြစ်ပါတယ်။ မြဝတီမြို့ကနေ မော်လမြိုင်မြို့အကြား ဟိုင်းလပ်ပစ်ကပ် အရွယ် ကားတစီးကုန်သယ်ဆောင်လာရင် လမ်းတွေမှာ ဖွင့်ထားကြတဲ့ ဂိတ်ကြေးနဲ့ တံတားကြေး စုစုပေါင်း ကုန်ကျစရိတ် ၈ သိန်းကျပ် ရှိတယ်လို့ ဆိုပါတယ်။ အလားတူ ဘုရားသုံးဆူနဲ့ မော်လမြိုင်အကြား ကုန်တင် ထရပ်ကားတစီး ဂိတ်ကြေး အကောက်အခွန်ကြေး စုစုပေါင်း သိန်း ၃၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ အခုလို အခွန်အကောက် ဂိတ်ကြေးနှုန်းထားတွေက ပုံမှန်အခြေအနေမျိုးနဲ့ ယှဥ်ရင် ၁၀ ဆမက မြင့်တက်လာတာလို့ ဆိုရင် မှားမယ် မထင်ပါဘူး။
အခုလို အခွန်အကောက်တွေ သယံဇာတတွေ တိုးထုတ်၊ တိုးကောက်နေပေမယ့် ငလျင်ဘေး ကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးအတွက် မသုံးစွဲကြတဲ့ အဖြစ်က စိတ်မကောင်းစရာ အခြေအနေဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ သူ့ရဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ နေပြည်တော်က ဝန်ထမ်းမိသားစုတွေ နေထိုင်ရေးအတွက်တောင် အခုချိန်ထိ လုံလောက်အောင် စီစဥ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။ မိုးရာသီ ဝင်ရောက်လာတဲ့ အချိန်ထိ အားကစားကွင်းလို ကွင်းပြင်တွေမှာ ရွက်ဖျင်တဲတွေနဲ့ နေထိုင်နေရဆဲ ဝန်ထမ်းမိသားစုတွေ ရှိနေသေးသလို ဘုန်းကြီးကျောင်းတွေမှာ ဒုက္ခသည်အနေနဲ့ စုပေါင်းနေထိုင်နေကြရတဲ့ မိသားစုတွေလည်း အများအပြားရှိနေသေးတယ်လို့ ဆိုပါတယ်။ ရာနဲ့ ထောင်နဲ့ချီ ထိခိုက်ပျက်စီးသွားတဲ့ ဝန်ထမ်းအိမ်တွေကို၂ လခန့်ကြာမြင့်လာသည် အထိ ဖျက်ဆီးတာ၊ ပြန်လည်တည်ဆောက်တာတွေ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့လည်း ဆိုကြပါတယ်။
ဒီအခြေအနေတွေက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားထဲက မရှိမဖြစ် ဝန်ထမ်းတွေရဲ့ နေရေးထိုင်ရေးကိုတောင် စီစဥ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိတဲ့အဖြစ်က သာမန်ပြည်သူလူထု နဲ့ စစ်ပွဲဧရိယာတွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်း မန္တလေးတိုင်းတို့က လူထုအဖို့ အစိုးရလို့ဆိုတဲ့ စစ်ကောင်စီထံက ဘာမျှ မျှော်လင့်ဖို့ မဖြစ်နိုင်တာ အသေအချာပဲ ဖြစ်ပါတယ်။
မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့မှာ လုံးဝ သို့မဟုတ် တပိုင်းတစ ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို ဖယ်ရှားရှင်းလင်းရေးကိုတောင် ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသလို နေစရာအိမ် ပြန်လည် တည်ဆောက်ဖို့ အင်အားမရှိတဲ့သူတွေ အနေနဲ့ နဂိုနေထိုင်ရာ နေရာကို ချရောင်းပြီး နောက်တဆင့် တန်ဖိုးနည်းတဲ့နေရာတွေကို ရွှေ့ပြောင်းနေထိုင်ကြရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ မြို့ကြီးတွေမှာ နေထိုင်နေကြတဲ့ လက်လုပ်လက်စား သာမန်ပြည်သူအဖို့လည်း ခက်ခဲတဲ့ အခြေအနေကို ကျော်ဖြတ်နေကြရသလို အခြားငလျင်ဒဏ် ခံစားခဲ့ကြရတဲ့ မြို့ငယ်တွေက လူထုတွေအဖို့လည်း တဖက်မှာ စစ်မီးရဲ့ အရှိန်နဲ့ ငလျင်ဘေးတို့ကို ပေါင်းခံစားနေကြရတဲ့ ဘဝတွေ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar