Breaking News

မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၆)


မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၆)

မိုးမခ ၊ မေ ၂၀ ၊ ၂၀၂၅


ရှစ်ဆယ်မေအို၊ မွေးနေ့ကြိုခြင်း

သီချင်းတပုဒ်၊ စာတအုပ်ဖြင့်

ပုဒ်ရေများစွာ၊ စုကဗျာများ

ဂုဏ်ပြုထားပြီးဖြစ်တကား။ ။ 

၁၁/၀၅/၂၀၂၅ တနင်္ဂနွေ

"အမေ့မေတ္တာ" ခေါင်းစဉ်နဲ့ ကျွန်တော်တို့ချစ်ရတဲ့အမေစုရဲ့ (၈၀) ပြည့်မွေးနေ့အကြို ဂုဏ်ပြုတေး တပုဒ်ကို တေးရေး သော်ကြီး (ဇင်ကာ) ရေးစပ်ပြီး အဆိုတော် မစ်ရှီဝင်း (Mishy Win) က သီဆို ထုတ်ဝေထားပြီးပြီ။ ယူကျုမှာ ကြည့်ကြပါ။ https://www.youtube.com/watch?v=Ucw6tPoBQ7M တီးဝိုင်းက RO2 BAND တည်းဖြတ် ကိုဂျွန်မင်း Mixing - KO Z Kae တို့ဖြစ်ပါတယ်။ စု ၈၀ မွေးနေ့ကြို သီချင်းနဲ့ ဂုဏ်ပြုကြပြီးပြီပေါ့။ သီချင်း နားထောင်ကြပါ။

'စု ၈၀ ဂုဏ်ပြု' စာအုပ်ကိုတော့ စာရေးဆရာ ထိန်လင်းက ရေးသားထုတ်ဝေပြီးတာ ၁ ပတ်တောင်ကြာသွားပြီ။ ဆရာထိန်လင်းရဲ့ စာအုပ်အမည်က "ရာစု နှစ်ခုရဲ့ လူထုခေါင်းဆောင်" ဖြစ်ပြီး စာအုပ်အဖုံး အောက်ခြေမှာ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုထုတ်ဝေပါသည် လို့ ဖော်ပြထားပါတယ်။ သီချင်းတပုဒ် စာတအုပ်ဖြင့် မွေးနေ့ကြို ဂုဏ်ပြုခံရတဲ့သူပါ။

သုံးဆယ့်သုံးပုဒ်မြောက်ဂုဏ်ပြုကဗျာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကြို ကဗျာ ၃၂ ပုဒ်ကို တင်ပြခဲ့ပြီးပြီ။ အခု #စုမွေးနေ့၈၀ကြိုကဗျာများ အပိုင်း ၆ မှာ ကဗျာတွေ ဆက်လက် ဖော်ပြသွားမည်။ ၃၃ ပုဒ်မြောက်ကတော့ စာရေးဆရာ ကဗျာဆရာကြီး မောင်စွမ်းရည် ရဲ့ ကဗျာပါ။

စုဖို့ဆု (မောင်စွမ်းရည်) ၄/၄/၂၀

အမေစု ဖို့

ပြေအမှု မို့

သပြေနု နှင့် တောင်းဆုချွေ၊၊

အမေစု အစွမ်းဖြင့်

သပြေနု လန်း၍

သိန်းသန်း ပြည်သူ

ငြိမ်းချမ်း ရည်တူ

ကြည်ဖြူ ကြပါစေ၊၊ ။

သုံးဆယ့်လေးပုဒ်မြောက်ကတော့ DVB မှာ CDM ပညာရေးဝန်ထမ်းတွေရဲ့ ဘဝအကြောင်းတွေ ဆောင်းပါးရေးသားနေတဲ့ ဆရာမ သန့်ကေသာရဲ့ ကဗျာပါ။

နှစ်ရှစ်ဆယ်သက်သေ (သန့်ကေသာ) ၁၁/၄/၂၀၂၅

အမေစုကိုလ

သပြေနုနဲ့ ကြိုချင်လှတာကြောင့်

မြေထုကိုတဲ့ သက်သေတည်

ရက်ရှည်ရှည် သည်ခရီးမို့

အိုကွယ် နီးလုပြီ။

သခင်အောင်ဆန်းသမီးငယ် ပေမို့

ရှစ်ဆယ်ထိ ထောင်ထဲ

အောင်ပွဲထိ သတ္တိဆောင်

နောင်အခါ စံနမူနာပဲ‌ပေပေါ့

အဲဒါ မှ မြန်မာ။

သူယုတ်တွေ တခေတ်ထတော့

ဖြစ်သမျှ မကြုံဖူး

ထူးလှတဲ့ ကံကြမ္မာရယ်

အို ဘယ်ဝယ် အတည် ပြီးမှာလဲ

ရက်စက်လှတယ်။

ဒီတခါ နွေအဦ;

သပြေတွေဖူးတဲ့အခါ

ပြည်သူတွေ ပျော်ပါရစေတော

လာပါလေ တခေတ်ကောင်း‌မှာဖြင့်

ထောင်း အားရစွာ။

အမေရယ် အားတွေတင်းပါအုံး

ဒီမှာလေ ချစ်တဲ့စိတ်တွေနဲ့

ငယ်သူတွေ ကြိုးစားချက်တွေကြောင့်

မကြာခင် အောင်တဲ့ပွဲကိုလ

နွှဲလှည့်ပါတော့။ ။

သုံးဆယ့်ငါးပုဒ်မြောက်ကတော့ ဆရာ "ဟန်းတား" ရဲ့ "တပွင့်တည်းသောနှင်းဆီ" ကဗျာပါ။ ၈၀ ပြည့်အမေစုဟာ ပန်းတွေကို ဝေနေအောင် ပန်ထားလေ့ရှိတာပါ။ အခု ထောင်ထဲမှလား။ ပန်းမှ ပန်ခွင့်ရပါ့မလား။ ကိုမင်းကိုနိုင်ကတော့ သူ့ကို ဖြူဖြူစင်စင် စပယ်ပင်ပွင့်နဲ့ နှိုင်းကဗျာ စပ်ပါတယ်။ သံမဏိနှင်းဆီဆိုပြီး ဖွဲ့ဆိုပါတယ်။ အခု ဆရာဟန်းတားကတော့ "တပွင့်တည်းနှင်းဆီ" ဆိုပြီး ကဗျာ ပို့လာတာပါ။ ၃၅ ပုဒ်မြောက် စု ၈၀ ကြို ဂုဏ်ပြုကဗျာလေးပါ။

တပွင့်တည်းနှင်းဆီ (ဟန်းတား) ၉ / ၃ / ၂၀၂၁

ဂုဏ်သတ္တိကတော့

တစ်ရောင်တည်း။

သန်းငါးဆယ်ကျော်ရဲ့

နှလုံးသားနဲ့ ရေးဆွဲထားတဲ့

တပွင့်တည်းသောပန်း။

မညှိုးလည်းမညှိုး

မနွမ်းလည်းမနွမ်းသလို

ဘယ်တော့မှလည်းမကြွေတဲ့

ပြည်မြန်မာရဲ့

တပွင့်တည်းသောပန်း။ ။

(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက်)

၃၆ ပုဒ်မြောက်ကဗျာကတော့ "ပန်း" ဖြစ်ပါတယ်။ ကဗျာဆရာမ "မဏိ" က ရေးသားထားခဲ့တာပါ။ အမေစုရဲ့ ၆၆ နှစ်မြောက် မွေးနေ့အတွက် ရေးသားခဲ့တဲ့ကဗျာပါ။ အမေစုဟာ ပန်း အမြဲပန်သလို သူ့ကို ပန်းနဲ့တင်စားကြပါတယ်။ စုမွေးနေ့တိုင်းမှာ ပန်းတွေကိုပန်ကြပြီး ပန်းတွေဝေသွားကြလေ့ ရှိတယ်။ စစ်အာဏာရှင်တွေကလည်း စု မွေးနေ့ ဇွန် ၁၉ မှာ ပန်းဝယ်သူတွေကို လိုက်ဖမ်းတော့ ပန်းပန်လို့ ထောင်ကျကြရတယ်။ ထောင်ထဲမှာ ကလေးမွေးကြရတဲ့ ပန်းပန်မှုနဲ့ ထောင်ကျ ခဲ့ရသူတွေလည်း ရှိခဲ့တယ်။ ၃၆ ပုဒ်မြောက် ကဗျာ ပန်း ။

ပန်း

ပန်းမှာ အလှရှိတယ်

ပန်းမှာ မာနရှိတယ်

သေနတ်ထမ်းသူက

ပန်းကို ရန်ငြိုးတော့

ပန်းက တော်လှန်တာကို

နန်းဆန်တယ်လို့ ခေါ်တယ်။ ။

(မဏိ) 16.6.2021 အမေစု ၆၆ နှစ်ပြည့်မွေးနေ့ အမှတ်တရ

၃၇ ပုဒ်မြောက်ကတော့ အမေစု ပန်းချီကားတွေ ရေးဆွဲနေတဲ့ ပန်းချီနုယဉ် ရဲ့ ကဗျာပါ။ ဆရာမနုယဉ်ဟာ အမေစု ပန်းချီကား ရောင်းရငွေနဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လှူဒါန်းနေခဲ့တာပါ။ အခု လည်း အမေစု ပန်းချီကားတွေ ရေးဆွဲပြီး နွေဦးတော်လှန်ရေးကို ရန်ပုံငွေ ရှာပေးနေပါတယ်။ ၃၇ ပုဒ်မြောက်ကဗျာပါ။

ချစ်သောလမင်းသို့

အမှောင်တိုက် အလယ်

ဘောင်ခတ်ခံထားရတဲ့ ဘဝများထဲ

သူမဆိုတာ ငါတို့အားလုံးအတွက်

မီးရှူးတန်ဆောင် အလင်းရောင်။

ညဉ့်နက်နက် ဒီမြေတခွင်ထက်

ရှင်သန်ခြင်းတို့ အကျိုးပြုဖို့မာန်နဲ့ သူမ

တိမ်မည်းညိုတွေကြားက

တိုးထွက်လာတဲ့ လမင်းတစင်းလိုမျိုး။

သည်အခါ သည်အခွင့်နဲ့ ...

ငါတို့အတွက်ဆိုရင်...၊

သူမရဲ့ အပြုံးလေးတချက်တောင်

လျော့ပါးခြင်းမျိုး မရှိစေရ။

စွမ်းသမျှ ခွန်အားတွေ အခါခါစစ်ထုတ်

ချစ်ခြင်းနှလုံးသားသက်သက်နဲ့သာ

အလင်းလက်ဆုံး နှင်းအပ်ပေးနေခဲ့တာ။

ငါတို့ကိုယ်ထဲ

သူမမေတ္တာလှိုင်းတချို့ ခံယူသုံးစဉ်...၊

တဒင်္ဂ တဒင်္ဂတိုင်းဟာလည်း တန်ဖိုးအတိ

ငါတို့ သတိရှိဖို့တော့ လိုလိမ့်မယ်။

တကယ်သေချာပါတယ်...။

ဟောဒီလမင်းကြီး...

သည်တခါ ကွယ်ပျောက်သွားရင်

နောင်ဘယ်တော့မှလည်း ပြန်ရောက်မလာနိုင်တော့ဘူး...။

ကြည်နူးခြင်း နဲ့ ကြေကွဲခြင်းဟာ...

ပစ္စက္ခစီးကြောင်းထဲ

အမြဲဒွန်တွဲနေတဲ့ ပဋိပက္ခလို

ငါတို့ဘာသာ ခံစားနားလည်နေမိခဲ့။

သူ့ဘေးမှာ ရှိနေမြဲ

အဲဒီတိမ်မည်းမည်းတွေကိုလည်း မုန်းတယ်။

တခါတခါ ...

လေရိုင်းတချို့တလေက လာ

ထင်ရာစိုင်းဖို့ကိုလည်း ခွင့်မပြုလိုဘူး။

တို့လမင်းကြီးနဲ့များ အပြီးဝေးသွားမှာစိုးလို့...

ခွေးဟောင်သံကြားတိုင်းလည်း

ထွက်ထွက်ကြည့်နေရ။

တရေးနိုးတိုင်း တခါလွမ်းရစ်တဲ့

ငါတို့အဖြစ်တွေ....။

ပန်းချီ - နုယဉ်

30.1.2018

(02:05AM)

၃၈ ပုဒ်မြောက်ဟာ "တောင်းဆု ၇၉ " ခေါင်းစဉ်နဲ့ သမိုင်းသုတေသနဌာန CDM ညွှန်ကြားရေးမှူး ဒေါက်တာထားထားပါရဲ့ ကဗျာပါ။ ဒေါက်တာထားဟာ CDM တွေအတွက် စိတ်ခွန်အားပေးနေသူလည်း ဖြစ်ပါတယ်။ အခုကတော့ အမေစု ၇၉ နှစ်မြောက် မွေးနေ့အတွက် ရေးသား စပ်ဆိုထားတဲ့ ကဗျာပါ။ စု ၈၀ မွေးနေ့အတွက်လည်း နောက်တပုဒ် ထပ်ရေးနေပါပြီ။

တောင်းဆု ၇၉

ရိုင်းစိုင်းခံရ ဒီကာလတွင်

သစ္စာမပျက် အမှန်တရားအတွက်

အကောင်းဆုံးကျော်ဖြတ်။

နိုင်ရာဝန်ထမ်း သွားတဲ့လမ်းမှာ

မမှန်သန္ဓေ အကြံအဖန်တွေနဲ့

တွေ့ဆုံငြားလည်း ပတ်သက်စရာ

အကြောင်းမရှိတာမို့ စိတ်ချပါအမေ။

ဦးညွှတ်ကာလေ သံဓိဌာန်ထား

စင်ကြယ်မူ့များ ကိန်းအောင်းထားရင်း

မျှော်လင့်ခြင်းပန်းတိုင် ဆုတ်ကိုင်နိူင်ဖို့

ကြိုးစားနေတာ မေ့ သမီးပါ။

ဤမှန်သစ္စာ အကြောင်းရာကြောင့်

အမြန်လွတ်မြောက်ပါစေ ဒို့ အမေ ။ ။

#ထား

(အမေ ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ် မွေးနေ့အတွက်)

၃၉ မှတ်တိုင်ကဖြင့် ကဗျာဆရာ Rပြဲ ရဲ့ လက်ရာပါ။ သူက အမေစု ၇၂ အတွက် ရေးခဲ့တာပါ။ ၈၀ ပြည့်အတွက်လည်း ဆက်လက် ဖွဲ့သီနေပါပြီ။ ဆရာဟာ ရခိုင် အမျိုးသား တဦးဖြစ်ပါတယ်။ မြန်မာတိုင်းရင်းဆေး ဆေးရုံဝန်ထမ်း CDM တဦးလည်း ဖြစ်ပါတယ်။

၇၂ အမေ

အမှန်တရားဟာ

အမေ့ စီးတော်ယာဉ်

မေတ္တာဟာ

အမေ့တောင်ဝှေး

သစ္စာတရားဟာ

အမေ့ ခြုံလွှာတဘက်

ပြည်သူဆိုတာ

သွားလေရာဆောင်ထားတဲ့ အမေ့ စိပ်ပုတီး

အမေ

ငြိမ်းချမ်းရေးပန်းကိုစိုက်

ခလုတ်မတိုက်အောင်

ဝိဇ္ဇာမှတ်တိုင် ရိုက်ပြခဲ့တယ်….

အမေ အမေ

တို့အမေ

ခုနစ်ဆယ့်နှစ် အလီ ကုဋေကုဋာ မွှေးမြပါစေ အမေ….

(အမေဒေါ်အောင်ဆန်းစုကြည် ၇၂နှစ်မြောက် မွေးနေ့သို့)

Rပြဲ

19 Jun 2017

၄၀ ပုဒ် ကဗျာကတော့ ဒီလှိုင်း စာစောင်မှာ တွေ့ပါတယ်။ စု ၇၉ မွေးနေ့ထုတ် ဒီလှိုင်းစာစောင်ရှာရင် D Wave ဖေ့စ်ဘုတ်က အောက်ပါ ကဗျာကို ရရှိပါတယ်။ စု မွေးနေ့ ၇၉ အကြို ဂုဏ်ပြုကဗျာပါ။

လရောင်ကြိုတဲ့ကဗျာ

(ခေဇက်)

လမင်းရေ

ပြန်သာ ပြန်ဝင်း

လင်းစေချင်လှပါပြီ။

အနာဂတ်နိုင်ငံမှာ

မေတ္တာရနံ့ မွှေးစေ့ချင်တယ်။

ကိုယ့်အတ္တ ချွေးနံ့သာ.

မွှေးတယ်ထင်သူတွေက

မေတ္တာရနံ့ကို မုန်း

မေတ္တာရနံကို တုံး စေချင်ကြတယ်။

ဝါးလုံးခေါင်းထဲက

လ တွေကလည်း

ငါမှ ငါ

ထိန်ထိန်သာတယ်ထင်

အမှန်ထဲရာစုချီနေခဲ့သူတွေ

ရင်တထိတ်ထိတ်

အနာဂတ်ကြီး စိတ်ထဲ မကျ။

မြင်းတစ်စီး

ဓားတစ်လက်ဆွဲ

လူသူနဲနဲစုမိရင်

ဘုရင်ဆုပန်ချင်သူပေါတဲ့အရပ်မှာ

မေတ္တာလရောင်ကို ငံ့လင့်ကြရှာသူတွေ အတွက်။

ရန်သူနဲ့

အကြံတူတွေကလည်း

လရောင် မုန်းကြ။

အမှောင်ကြိုက်တွေ

လမိုက်တုန်းဟောင်သံ ဆူတော့

လူတွေ အထိတ်တလန့်

လရောင်ကို ငံ့ကြပေါ့။

ရန်ရှင်းတဲ့အခါ

ပြန် ဝင်းပ

ပြန် အလင်းခဖို့

အသင့်ဖြစ်ပါ့ လမင်းရေ။

မေတ္တာနဲ့တည်ရမယ့်နိုင်ငံမှာ

လ မသာလို့ဖြစ်မလား။

လမင်းအို

လူမလေးကြဘူးတဲ့လား။

လမင်းအိုလေး

လရောင်ချိုအေး

မေတ္တာရနံ့ ပိုမွှေးမယ်။

လမင်းရေ

ပြန်သာ ပြန်ဝင်း

လင်းစေချင်လှပါပြီ။

ခေဇက်

(17/06/@024)

#လေးဆယ့်တပုဒ်မြောက်ကဗျာ

ပျောက်သောသူ ရှာရှင်တွေ့ ဆိုတာထက် စု ကဗျာတွေရှာ ဒီလှိုင်းစာစောင်မှာတွေ ဆိုရင် ပိုမှန်နေပါတယ်။ ဒီလှိုင်းစာစောင် အတွဲ ၂ အမှတ် ၃ ဇွန် ၁၈ ရက် ၂၀၂၄ က ရတဲ့ ကဗျာကို ဖော်ပြပေးပါမယ်။ "မေမေရေ" ခေါင်းစဉ်တပ်ထားတဲ့ "ဝဇီရာဒီဖိုး" ရဲ့ စု မွေးနေ့ ၇၉ အတွက် ကဗျာပါ။ (၄၁) ပုဒ်မြောက်ပေါ့။

မေမေရေ

(ဝဇီရာဒီဖိုး)

အုန်းမှုတ်ခွက် ဝါးရိုးလက်ကိုင်ကလေးနဲ့

ရေအေးအေး သောက်ပြီး

အရင်လို ကုန်ဈေးနှုန်းပြန်ရချင်တယ်။

ညဉ့်နက်လေလေ ခွေးတွေအူလေလေပါပဲ

မလုပ်ရဲတာ ဘာမှမရှိတဲ့ သူတွေအတွက်

လုပ်ရဲတဲ့ ပြည်သူဟာ တော်လှန်ရေးပေါ့ မေမေ။ ။

၄၂ ပုဒ်မြောက်ကတော့ ကွယ်လွန်သူ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ကဗျာပါ။ ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အမရပူရမြို့နယ်ကနေ ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် ဖြစ်ပါတယ်။ NLD ဒုဥက္ကဌ ၂ ဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက်က မန္တလေးထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု မကောင်းလို့ ကွန်လွန်ခဲ့ရသူ ဖြစ်ပါတယ်။

ခေါင်းဆောင်နှင့်အတူ (အညာသား)

ဟိုပွဲတက် ဒီပွဲတက်

မိုးတလုံး လေတလုံး

အဲယားဗုံးတွေကြဲ

အတ္တတွေကဲနေတဲ့ အပြောမျိုး မပြောတဲ့

ငါတို့ရဲ့ခေါင်းဆောင်။

ဟိုနေရာသွား ဒီနေရာသွား

မျက်နှာလို အားရနဲ့

ကိုယ်ကျိုးစီးပွား ရှေ့တန်းထားလို့

ဘယ်တော့မှ မပြောကြားတတ်တဲ့

ငါတို့ရဲ့ခေါင်းဆောင်။

နိုင်ငံ့အရေးကြုံတော့

ဘယ်သူ့အပေါ်မှ ပုံမချဘူး

တာဝန်ယူမှု အပြည့်နဲ့

မြန်မာ့ဂုဏ်ရည်မြှင့်ဖို့

ကမ္ဘာမြေစင်မြင့်တက်မယ့်

ငါတို့ရင်ထဲကခေါင်းဆောင်

ခွပ်ဒေါင်းတို့ရဲ့ မိခင်

ငြိမ်းချမ်းရေးရဲ့ အရှင်။

အို မိခင် , , သင်နဲ့အတူ

စစ်ပွဲတွေကို မုန်းနေတဲ့ ပြည်သူတွေ ရှိတယ်

ငြိမ်းချမ်းရေးကိုလိုလားတဲ့ ပြည်သူရှိတယ်

ပြည်သူတွေ ... ခွပ်ဒေါင်းတွေ ... ရှိတယ်။ ။

(အညာသားသည် ဒေါက်တာဇော်မြင့်မောင်၏ ကလောင်နာမည် ဖြစ်သည်။

၄၃ ပုဒ်မြောက် စု ၈၀ မွေးနေ့ ဂုဏ်ပြုကဗျာကတော့ ကွယ်လွန်သူ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ ကဗျာပါ။ ဆရာကြီးဟာ ၂၀၁၃ ဩဂုတ်လ ၁၉ ရက်က ကွယ်လွန်သွားခဲ့ပြီး အသက် ၉၅ နှစ်အရွယ်ထိ စာရေးဆရာ၊ ကဗျာဆရာ ငြိမ်းချမ်းရေး ဝါဒီ ဆရာကြီး ဖြစ်ပါတယ်။ ဝေဖန်ရေးဆရာများတွေနဲ့ နိုင်ငံရေး အမြင်မတူသူတွေက ဝေဖန်တိုက်ခိုက်ပေမဲ့ ယုံကြည်ချက်ကို အလံမလှဲခဲ့သူပါ။

မွေးနေ့သဝဏ် (ဒဂုန်တာရာ)

တိုင်းကျိုးပြည်ပြု

ကိုယ်စားပြုရှင်

မှိုင်းသခင်မှန်း

အောင်ဆန်းစုကြည်

စုဧကရီအား

မွေးဖွားရက်တွင်

ကျန်းမာပါစေ

ချမ်းသာပါစေ

ဆုသွင်သွင်လောင်းလိုက်ပါသည်။ ။

ဆရာဒဂုန်ရဲ့ ကဗျာအထိ ၄၃ ပုဒ် ရှိပါပြီ၊ နောက်ထပ်ကဗျာတွေ အများကြီး ရှိနေပါသေးတယ်။ ကဗျာ ဆရာတွေ ဖြစ်ကြတဲ့ တင်မိုး၊ ဆောင်းဝေ (နတ်မောက်)၊ ခေဇက်၊ မြားအိမ်၊ ပန်းတော်ဆက်၊ ခန့်ဝါငြိမ်း၊ ဇေယျာသော်နဲ့ လရောင်လွှမ်းတို့ရဲ့ ကဗျာ ၈ ပုဒ် အခု ရှိနေပါပြီ။ ဒီတပတ် ၄၃ အထိ ဖော်ပြီး ကဗျာ ၄၃ ပုဒ်နဲ့ပေါင်းရင် ၅၁ ပုဒ် ရှိလာပြီပေါ့။ နောက်တခါ စု ၈၀ မွေးနေ့ ဂုဏ်ကဗျာများ အပိုင်း ၇ မှာ ဆက် ဖော်ပြပေးသွားပါမယ်။ အပိုင်း ၆ ကိုတော့ ဒီမှာပဲ နိတ္ထိတံပါပြီ။

ငါးဆယ့်တပုဒ်

ကဗျာပုဒ်များ

ရှစ်ဆယ်ကားလေ

ပြည့်သွားပေမှာ

သေခြာပြီလား

စောင့်သာ ဖတ်ကြပါကုန်သောဝ်။ ။






Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar