Breaking News

မောင်လူမွှေး - ညို့မှိုင်းနေတဲ့ ကောင်းကင်အောက်ဝယ်

မောင်လူမွှေး - ညို့မှိုင်းနေတဲ့ ကောင်းကင်အောက်ဝယ်

မိုးမခ ၊ မေ ၁၅ ၊ ၂၀၂၅


မိုးကောင်းကင်ဟာ ညို့မှိုင်းနေတယ်။ လကို တိမ်တွေက ဖုံးထားတယ်။ အရောင်မှိန်မှိန် ကြယ်ကလေး နှစ်လုံးကိုတော့ တွေ့ရတယ်။ မောင်လူမွှေးတို့ နှစ်ယောက်ဟာ ကောင်းကင်အောက်မှာ ထန်းလက်မိုး ကြိုးတိုးကြဲတဲနဲ့ အိပ်တာ နှစ်ည ရှိပါပြီ။ ပထမ အိပ်တဲ့ည၊  မနက်အစောကြီး မိုးပေါက်လေးတွေ ကျလို့ အစောကြီးထရတယ်။ ခု ဒုတိယနေ့မှာလည်း မိုးတွေက ညို့နေတယ်။ ရွာခါမှ ရွာတော့ဆိုပြီး မောင်လူမွှေးတို့ အိပ်ဖို့ ပြင်ကြတယ်။ မောင်လူမွှေးတို့ဟာ စစ်ကောင်စီကြောင့် ဒီလို တောထဲမှာ အိပ်ရတဲ့အခါတွေ ရှိပါတယ်။

တကယ်ဆို အလွန်ပူတဲ့ မေလလယ်မှာ ဒီလိုညမျိုးဟာ နှစ်လိုဖွယ် ဖြစ်တယ်။ ရာသီဥတုဟာ လေကလေး တဖြူးဖြူးနဲ့ အေးနေတယ်။ ဒါပေမဲ့ မအေးနိုင်သူက မောင်လူမွှေး ဖြစ်တယ်။ သတင်းဆိုးကြီး နှစ်ခုက မောင်လူမွှေး ရင်ထဲမှာ ဆို့နေပါတယ်။

မေ ၁၂ ရက်နေ့ မနက် ၁ နာရီ အစောကြီးမှာ စစ်ကောင်စီစစ်ကြောင်းက ဂန့်ဂေါမြို့တောင်ဘက် ငါးမိုင်ကျော်အကွာ လယ်မရွာကို ဝင်စီးပြီး အလယ်တန်းကျောင်းသား လေးယောက်နဲ့ ပ.က.ဖ အဖွဲ့ဝင် ခုနစ်ယောက်ကို သတ်ဖြတ်သွားတယ်။ 

မေ ၁၂ မနက်ပိုင်း မွန်းမတည့်မီမှာပဲ ဒီ ပထမ သတင်းဆိုးကို ဖုံးလွှမ်းနိုင်လောက်တဲ့အထိ ပိုဆိုးတဲ့သတင်းကို ကြားရပြန်ပါတယ်။ ဒီပဲယင်း၊ အိုးထိမ်းကွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ကျောင်းသူ၊ ကျောင်းသား ကလေးငယ် နှစ်ဆယ်နဲ့ ဆရာ၊ ဆရာမ နှစ်ယောက် သေဆုံးတယ်တဲ့။ ဒဏ်ရာရရှိတဲ့ထဲက ကျောင်းသူ ကျောင်းသား နှစ်ယောက် ထပ်ဆုံးပါးသွားတယ်လို့ ဆက်ကြားရပြန်တယ်။

စစ်ကောင်စီဟာ မေ ၁၂ ရက်နေ့မှာ ယောဒေသက ကျောင်းသား လေးယောက်၊ ဒီပဲယင်းက ကျောင်းသူ၊ ကျောင်းသား နှစ်ဆယ့်နှစ်ယောက်၊ စုစုပေါင်း မူလတန်းနဲ့ အလယ်တန်းကျောင်းသူ၊ကျောင်းသား နှစ်ဆယ့်ခြောက်ယောက်ကို သတ်ပစ်တာ လိုက်တယ်။ ဒီပဲယင်းက ဆရာမနှစ်ယောက်၊ ယောဒေသမှာ အသတ်ခံရတဲ့ထဲ ဗော်လန်တီယာ ဆရာတစ်ယောက် ပါနေတာမို့ ဆရာ၊ ဆရာမ သုံးယောက်ကိုလည်း သတ်ဖြတ်ခဲ့တာ ဖြစ်တယ်။

မောင်လူမွှေးဟာ ကျောင်းဆရာတစ်ယောက်မို့ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမတွေအတွက် ရင်နာရတယ်။ "တစ်နေကုန် နေလို့ကို မကောင်းဘူး ။ ရင်ထဲမှာ တမျိုးကြီး ဖြစ်နေပြီ" လို့ မောင်လူမွှေးနဲ့ နီးတဲ့ CDM ဆရာမလေးတစ်ယောက်က ရင်ဖွင့်တယ်။  စစ်ကောင်စီဟာ စာသင်ကျောင်းတွေ မရှောင်၊ ကျောင်းသူ ကျောင်းသားတွေ မရှောင် ပေါ်ပေါ်တင်တင် သတ်ပြလိုက်တော့ စာသင်နေတဲ့ မောင်လူမွှေးလည်း တပည့်တွေအတွက်၊ ပညာရေးအတွက် အတွေးတွေများရပါတော့တယ်။ အတွေးတွေများတော့ ဖိအားတွေလည်း ဝင်ပါတယ်။

မောင်လူမွှေးတို့ ကျောင်းဆရာတွေ ရင်ဆိုင်ရတဲ့ အဓိက ဖိအား သုံးခု ရှိပါတယ်။ ပထမတစ်ခုက စစ်ကောင်စီ လေယာဥ်တွေကြောင့် စာသင်ချိန်တွေ ပျက်ပြီး ကလေးတွေ ပညာမတတ်မှာကို ဖြစ်တယ်။ ဒုတိယတစ်ခုက စာသင်မယ့်နေရာကို လေကြောင်းတိုက်ခိုက်ခံရမှာ စိုးရိမ်တဲ့စိတ်ဖြစ်တယ်။ တတိယတစ်ခုက လေကြောင်းတိုက်ခိုက်ခံခဲ့ရရင် မိဘတွေကိုရင်ဆိုင်ရမယ့် ဖိအားဖြစ်တယ်။ ကိုယ်ကိုယ်တိုင်ပါ သေဆုံးသွားခဲ့ရင်တော့ တတိယဖိအားကို ရင်ဆိုင်စရာမလိုတော့ဘူးပေါ့။

ဒီဖိအားသုံးမျိုးထဲမှာမှ မောင်လူမွှေး အကြောက်ဆုံးက ကလေးတွေ ပညာမတတ်မှာ ဖြစ်တယ်။ ပညာမတတ်မြောက်ဘဲ ကလေးတွေ ကြီးပြင်းလာကြရင် ဖရိုဖရဲလူ့အဖွဲ့အစည်းဖြစ်ပြီး ဆင်းရဲဒုက္ခတွေကို ပိုမိုခံစားကြရမယ်။ ဘဝတွေဟာ မသိမှုအမှောင်အောက်မှာ ဒုက္ခကြီးစွာ ကုန်ဆုံးကြရမှာဖြစ်တယ်။

လ ကို တိမ်ဖုံးထားပေမယ့် မြေပြင်ပေါ်မှာတော့ လရောင် မှုံပျပျဟာ ဖြာကျနေတယ်။ ပတ်ဝန်းကျင်ကိုလည်း အထိုက်အလျောက် မြင်နေရတယ်။ ညလေပြည်အေးက တသွင်သွင်တိုက်ခတ်နေလို့ မောင်လူမွှေး ထပြီး ပုဆိုးကို ခေါင်းမှာ ပတ်အိပ်ရတယ်။ မနက်စာ သင်သွားရဦးမယ်။ တော်တော်တန်တန် အခြေအနေနဲ့တော့ စာသင်ချိန်တွေကို မဖျက်ဖို့ မောင်လူမွှေး ဆုံးဖြတ်ထားတယ်။

ညသန်းခေါင်မှာ မောင်လူမွှေး ဇနီးကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ မြင်ရတော့ ဝမ်းသာတယ်။ သူလည်း မနက်စာ သင်သွားရမယ်။ စာမသင်ခင် ချက်ပြုတ်ရဦးမယ်။ ဒါကြောင့် အိပ်ရေးဝဖို့ လိုပါတယ်။ ဒီနေ့ညအဖို့တော့ မိုးမရွာပါစေနဲ့လို့ ဆုတောင်းမိတယ်။ မနေ့ကလို မိုးရွာလို့ အစောကြီး ထပြန်ရရင် အိပ်ရေးပျက်မှာ စိုးမိတယ်။

မောင်လူမွှေး စာသင်နေရတာဟာလည်း မောင်လူမွှေးတို့ ခုလို မှိုင်းညို့တဲ့ ကောင်းကင်အောက် မိုးလုံးဝ မလုံနိုင်တဲ့ ထန်းလက်တဲလေးမှာ အိပ်ရတာနဲ့ တူလိုက်တာလို့ မောင်လူမွှေး အိပ်ရာထဲမှာပဲ ဆက်တွေးနေမိတယ်။ မိုးမရွာရင် ဖြောင့်ဖြောင့်အိပ်ရမယ်။ မိုးမရွာပေမယ့် မိုးရွာမယ်လို့ စိိုးရိမ်စိတ်တွေ များနေရင်လည်း အိပ်လို့ပျော်မှာ မဟုတ်ဘူး။ မောင်လူမွှေးလည်း နောက်ဆုံးတော့ ဖိအားတွေကို တွန်းလှန်ဖြေဖျောက်ရင်းကပဲ အိပ်ပျော်သွားပါတယ်။ ညက မိုးမရွာခဲ့ပါ။ မောင်လူမွှေး တို့နှစ်ယောက် အိပ်ရေးဝဝအိပ်ပြီး စာသင်ချိန်တွေ မပျက် သွားရောက်သင် သင်ကြားပေးပါတယ်။

တခါ တခါကျတော့လည်း မောင်လူမွှေးတို့မှာ နေရာ အတည်တကျမရှိတော့ ခေါင်မိုးတွေကို အကုန်လုံအောင်မိုးဖို့ ခက်နေတယ်။ နေရာတိုင်းကို အကုန်လုံအောင် မိုးဖို့ကလည်း မောင်လူမွှေးတို့မှာ အားမရှိပါ။  ကောင်းကင်မှာ စစ်ကောင်စီရဲ့ လူသတ်လေယာဥ်တွေ ပျံဝဲနေသ၍တော့ မောင်လူမွှေးတို့ ဆရာ တပည့်တွေဟာ မိုးမလုံတဲ့နေရာမှာ အိပ်တဲ့အခါ အိပ်လိုက်၊ မိုးရွာလာရင် မိုးလုံတဲ့နေရာကို ပြေးလိုက်နဲ့  အမှောင်ခွင်းဖို့ ရုန်းကန်ကြရဦးမှာ ဖြစ်ပါတယ်ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar