Breaking News

ကိုနီတွတ် - ကျွံ၍သွားသော ကျွန်များ

ကိုနီတွတ် - ကျွံ၍သွားသော ကျွန်များ

မိုးမခ ၊ မေ ၁၅ ၊ ၂၀၂၅

လာရှိုးမြို့ကို တရုတ်၏အကူအညီဖြင့် အကြမ်းဖက် စကစလက်ထဲသို့ ရောက်ရှိသွားခြင်း၏ နောက်ဆက်တွဲအဖြစ် Nom-CDMs များ၊ ဘောမများ၊ လော်ဘီများ၏ ဝမ်းသာအူမြူးနေမှုများကို တွေ့ရ မြင်ရ ကြားနေရသည်။ ဝမ်းအသာဆုံးကား မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော် ပုန်ကန်သူများ ဖြစ်ပေလိမ့်မည်။ နွေဦးတော်လှန်ရေး ၄ နှစ်ကျော်ကာလအတွင်း အာဏာရူးမအလ၏ ပယောဂကြောင့် အမှားအယွင်းများ၊ မတရားမှုများ၊ မလုံခြုံမှုများ၊ မလွတ်လပ်မှုများ၊ ကျီးလန့်စာစားဘဝများ၊ မီးရှို့ခံရမှုများ၊ နှိပ်စက်ညှဉ်းပန်း ဖမ်းဆီးထောင်ချမှုများဖြင့် ယုတ်မာမှုမျိုးစုံ ပြည်သူများ ခံနေကြရသည်။ 

ဤဆိုးကျိုးများကို စိစစ်ဝေဖန်သုံးသပ်ပြီး နွေဦးတော်လှန်ရေးထဲ ပါဝင်သင့်သည်ကို မပါဝင်ဘဲ ဘာဘာညာညာ ကျီးကျီးကြက်ကြက် အတွေးအခေါ်များဖြင့် နေသာသရွေ့ နေနိုင်သူများသည် အချောင်ခို ကိုယ်လွတ်ရုန်းနေသူများ၊ အတ္တကြီးသူများသာ ဖြစ်ပါချိမ့်။ တစ်နေ့သောအခါ အချောင်ခို အမှောင်သမားများ အမိဖမ်း ချေမှုန်းခံရတတ်ကြောင်း ထိုသူများ သတိမူမိကြလျှင် ကောင်းလေစွ။ သို့သော် သူတို့အရှင် အာဏာရူးသခင် အရူးချေးပန်း ပြောချင်ရာပြော လုပ်ချင်လုပ်နေနေပြီး နောင်တရမည် မဟုတ်သလို၊ မအလ၏ ကျွန်များသည်လည်း နောင်တရမည့်ပုံဟန်မပေါ်။

ထိုသူတို့သည် မည်သို့ပင်ဆင်ခြေဆင်လက် ဆင်နားရွက်များပေးပေး အလွန်သနားစရာကောင်းသည်ဟု သုံး သပ်မိသည်။ ခေတ်ပျက် စနစ်ပျက် ဗရုတ်ဗရက် ကာလထဲတွင် ကိုယ်ပိုင်ခံယူချက်၊ကိုယ်ပိုင်ယုံကြည်ချက်များ မရှိသော အခိုင်းခံကျွန်များပမာ။ မမြဲသည့်အာဏာနှင့် လုပ်ပိုင်ခွင့်ကိုသုံးပြီး နွေဦးတော်လှန်ရေးကို ရှောင်ဖယ်နေကြသူများ ဖြစ်သည်။ နိုင်ငံရေးက ငါတို့နှင့်မဆိုင်ဟု ဆိုကြသည်။ ကြားနေပါ၊ အဖြူထည်များဟု ဝူးဝူးဝါးဝါး အသံကောင်းဟစ်ကြသည်။ ဝန်ထမ်းအလုပ်ကလွဲပြီး အခြားအလုပ်ကို လုပ်မစားတတ်၍ဟု ဖြူစင်ဟန်ဆောင်ကြသည်။ သို့သော် သူတို့၏စိတ်ထဲ၊ အတွေးထဲတွင် တော်လှန်ရေး ပါဝင်သူများအပေါ် မကြည်ဖြူ။ အမြင်စောင်းနေသည်ကတော့ သိနေကြရသည်။

ပြည်သူများ ဆန္ဒပြစဥ်ကာလက ဆန္ဒပြပွဲတွင် ပါဝင်သင့်၊ မသင့် မစဥ်းစားကြ။ ရုန်းမတက်နှင့် ရုန်းထွက်ဟု မည်သို့ပင် တောင်းဆို တောင်းဆို နားပိတ် အသံတိတ်နေကြသည်။ ပြည်သူက ကျွေးပါမည်ဟု မည်သို့ပင် ကတိပေးပေး ကိုယ်ရှိမှ ကိုယ်စားရတာဆိုပြီး ဝန်ထမ်းအလုပ်က မထွက်ကြ။တိုင်းရင်းသား EROs တပ်များတောင် နှစ်ပေါင်းများစွာ တိုက်လာတာနိုင်သည် မတွေ့ရ။ စစ်တပ်တည်းဟူသော ကျောက်နံရံကြီးကို ကိုယ့်ခေါင်း အနာခံမတိုက်နိုင်။ မည်သူနိုင်မည်ကို အစောကြီးကတည်းက ခန့်မှန်း အထိုင်ချနေခဲ့ကြသည်။ လစာအထုတ်မပျက်။ မည်မျှဆိုးသနည်း ပုံထိုးရလျှင် ဌာနတစ်ခု၏ အကြီးအကဲများသည် CDMs လုပ်သွားသော မိမိဝန်ထမ်းများ၏ အမည်စာရင်းကို အထက်မတင်ပြဘဲ လစာထုတ်စားနေကြသည်မှာ မသိချင်မှအဆုံး။ လထုတ်ရက်တိုင်း ရုံးဝန်ထမ်းများ ငွေထုပ်ပိုက် ပြန်သွားသည်မှာ မကြားချင်အဆုံး။

အကြမ်းဖက် မအလ၏ ကျွန်အဖြစ် နေချင်စရာ အကြောင်းများ ရှိပါသေး၏။ မူ/လယ်/ထက်ကျောင်းအုပ်များ၊ ကိုယ်ပိုင်ကျောင်းကျောင်းအုပ်များတို့ ပါတည်း။ ၁၀၂၇  operations

ဖြင့် ရှမ်းမြောက်ကို လှိုင်းကြီးနှစ်လှိုင်းဖြင့် ညီနောင်သုံးဖော်တို့က တိုက်ခိုက်သိမ်းပိုက်သည်။ ထိုမြို့နယ်များ၏ Non-CDMs ဝန်ထမ်းများ ထွက်ပြေးရတော့သည်။ လူကသာ ထွက်ပြေးနေရသည်။ငွေရပေါက်ကအဆင်သင့်။ ထွက်မပြေးနိုင်ဘဲ ကျန်နေသည့် ကလေးကိုလည်း စာရင်းသွင်း၊ အောင်စာရင်းထုတ် ၊ ကျသင့်ငွေ Kpays နှင့်လွှဲခြင်းက တစ်မျိုး။ သိမ်းပိုက်ခံမြို့များရှိ လုပ်ငန်းရှင်နှင့် ငွေရှိသာသူများသည်လည်း ထွက်ပြေးကြရသည်။ စစ်ပွဲလွတ်ရာ တောင်ကြီး၊ မန္တလေး၊ ရန်ကုန်နှင့် အောက်မြန်မာပြည်ကို သားသမီးများပါ ခေါ်သွားရရာ၊ ကျောင်းဆက်တက်နိုင်ရန် ကျောင်းပြောင်းလက်မှတ်လိုသည်။ Non-CDMs ကျောင်းအုပ်များ လက်ဖျားငွေသီးပါလေတော့သည်။ မိဘများစိတ်ကြိုက် ဘယ်မြို့ဘယ်ကျောင်း၏လက်မှတ်ရချင်လဲ၊ ဘယ်ကျောင်းပြောင်းပြောင်း အဆင်ပြေစေ့မည်။ Kpays ကိုယ်စီဖြင့် Non-CDMs များမှာ အပူစာမှန်းလည်းမသိ။ တော်လှန်ရေးတပ်များကို ကြောက်၍ ပရိတ်ကြီး၊ ပဋ္ဌာန်း၊ ဓမ္မစကြာ၊ မဟာသတိပဋ္ဌာန်၊ မဟာသမယသုတ် စသဖြင့် သူတို့ပါးစပ်မှ မညောင်းမညာ မပျင်းမရိ ရွတ်ကြသည်။ သို့သော် "အသေဝနာစ ဗယလာနံ၊ပဏ္ဍိ တာနဥ္စ သေဝနာ"တို့။

"တပေါစ ဗြဟ္မာစရိယဥ္စ၊ အရိယသစ္စာန ဒဿနံ"တို့၊ "သမ္မာဒိဌိ ၊သမ္မာသက်ပေါ"တို့ စသဖြင့်ခွဲခြမ်း စိတ်ဖြာ ကျင့်သုံးရကောင်းမှန်း မသိ။ သူတို့ သဲ့ယူနေသော ငွေများသည် သမ္မာ အာဇီဝလော၊မိစ္ဆာ အာဇီဝလော မစဥ်းစားကြ။ ရှေ့ဆောင် ထမ်းပိုးလေးခုထမ်း နွားလားကြီး မအလအလိမ်အညာနောက် နောက်နွားတစ်သိုက် Non-CDMs များ ဘယ်အခြေအနေရှိရှိ ဘယ်လောက်ပူပူ မငြူစူ လိုက်နေကြသည်။

မစင်တုံး ဘယ်နေရာရှိရှိ မစင်ကြိုက်သည့် ယင်များကား ဝိုင်းအုံမြဲ။ နောက်ထပ်ကျွန်များကား လဝက များတည်း။ အသိမ်းပိုက်ခံမြို့များရှိ ပြည်သူများသည် အချို့က မှတ်ပုံတင်ရှိ၊ သို့သော်ပျောက်။ အချို့ကား မရှိ။ အချို့ကာ အိမ်ထောင်စု၊ အချို့ကာ.မွေးစာရင်း သေစာရင်းပယ်/ဖြည့်လိုကြသည်။ အထူးလိုအပ်သည်များကား မှတ်ပုံတင်။ အကြမ်းဖက် အာဏာလု၏ ကျွန် စခများသည် ၁၃/-- များကို အလွန်စစ်သည်။ အထူးသဖြင့် ကိုးကန့်၊ ပလောင်၊ ရခိုင်များ။ လဝကများအတွက် ရေကန်အသင့် ကြာအသင့်။ လာထား အာဘွား၊ ဘယ်လူမျိုးကို ပြောင်းချင်လဲ၊ နေ့ချင်းလား၊ရက်ချိန်းလား။ ပြည်သူများမှာတော့ ကျောကော့အောင် ညည်း၊ လဝကများမှာတော့ လက်ဖျားငွေသီး။ အကျိုးတွေ ဆော့ကြပြီး အကန်းတွေ မော့ကြသည်မှာ အဝိဇ္ဇာဆို့ နန်းတို့ဌာနီ မအလ၏ဗရမ်းဗတာနေပြည်။

ထွေအုပ်၊ မြေတိုင်း၊ ကျေးလက်နှင့် အခြားဌာနများ၊ အလုပ်ကွင်းဆင်း လုပ်စရာမလို၊ လစာထိုင်ထုတ်နေရုံ။ ရှင်ဘုရင့် စားတော်ပွဲ ဆီရွှဲရွှဲသာတည်း။ ရှင်ဘုရင့်ပုဆိုး ပိုးချည်းသာတည်း။ ထွေအုပ်၊စရဖ၊ စခ၊ ရခများ ပေါင်းပြီး ဆန္ဒပြလူငယ်များ၊ ထောက်ပို့များ၊ မြို့ပြ UG များ၊ တော်လှန်ရေးနောက်ကွယ်က ပါသူများ၊ သူတို့အမြင်ကတ်သောသူများ၊ CDMs များကို ဖမ်း၊ ထောင်ချ နှိပ်စက်၊သတ်ဖြတ်အလောင်းဖျောက်၊ ဖမ်းဝရမ်း ထုတ်အမှုဆင် နောက်ဆုံး ငွေညှစ်ကြသည်။ တရားမဝင် မအလ၏စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းပြီးချိန်တွင် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများ၊သတင်းပေးများ၊ ငွေအချောင်ရချင်သူများပါ သူတို့နှင့်အတူ စိတ်တူကိုယ်တူ ပါဝင်လာကြသည်။မကြာခဏ ဓားပြတိုက်မှုများလည်း သတိပြုမိသည်။ 

ပြည်သူ့လုံခြုံရေး ဆိုပြီး စခ၊ ရခများစောင့်နေသော အနီးအနားရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်များ၊Kpays/wave pays ငွေလွှဲ ငွေသွင်း ငွေထုတ်နေရာများတွင် ဖြစ်တတ်သည်။ ပုဂ္ဂလိကဘဏ်များတွင်လည်း ဝန်ထမ်းနှင့် စခများပေါင်း လုယှက်ကြသည်။ ဧဓားပြတိုက်ကြသည်။ အမှုပေါ်သည် မတွေ့ရ။ မဖော်မဖြစ် ပေါ်လာသည့် တရားခံမှာ နေ့စဥ် စားဝတ်နေရေးအတွက် လုံးပန်းနေရသော ပြည်သူများသာတည်း။

ထို့အပြင် မအလ၏စစ်ကြောင်းများ အညာ၊ အကြေတခွင် ပြဲပြဲစင်အောင် စစ်ကြောင်းထိုးရသည့်အကြောင်းများ ရှိသည်။ တော်လှန်ရေးတပ်များ၊ သူတို့အခေါ် ဗဒတ်များကို ချေမှုန်းရန်၊ အိမ်ရာမြို့ ရွာများ မီးရှို့ဖျက်ဆီးရန်၊ ပြည်သူလူထုကိုကြောက်သွားစေရန် ဖမ်းဆီးခေါင်းဖြတ်သတ်ကြရန်သာမက ပြည်သူများ၏ စည်းစိမ်ဥစ္စာများကိုခိုးယူရန်လည်း ပါသည်။ ကနဦး ပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြစဥ်က ရွှေငွေ လက်ဝတ်ရတနာများအိမ်မှာကျန်သူကျန်၊မြေမြုပ်သိမ်းသူသိမ်း။ဓမြတပ်များကား ဉာဏ်နီဉာဏ်နက် အလွန်ထွက်ကြသည်။ တွေ့သမျှ အဖိုးတန်များကို သိမ်းယူရုံမက ရွှေရှာစက်များဖြင့်ပါ ရှာဖွေခိုးယူကြသည်။ ပြည်သူတွေ့ပါက နှုတ်ပိတ်ပစ်ကြသည်။ ရဟန်းသံဃာတော်များများ ဖြစ်၍ မလုပ်တန်ကောင်းပါဘူး ထင်လျှင် တက်တက်စင်အောင် လွဲပါသည်။ လူသတ်ခွင့်၊ ဓားပြတိုက်ခွင့်၊ မီးရှို့ဖျက်ဆီးခွင့်လိုင်စင်များကို မြန်မာပြည်သူများ ၏ ချဥ်ဖတ်၊ ကမ္ဘာ့အဆဲခံရဆုံး ဂရင်းနစ်စံချိန်ရှင်က ပေးထားသည်ဖြစ်ရာ၊ ပျော်ပျော်ကြီး ပါဝင်နေသောသူများကို ကြည့်ပြီး ဓားတုံးနှင့် ခရမ်းသီး အလွန်ကိုက်နေလေ၏။

ယခုဆို နွေဦးတော်လှန်ရေး ၄ နှစ်ကျော်၊ ၅ နှစ်ရောက်လေပြီ။ တော်လှန်တပ်များ၏ အောင်မြင်မှုများက အားရှိစရာကောင်းသည်။ ခုခံစစ်မှသည် ထိုးစစ်၊ တူမီး လက်လုပ်မှသည်.မောင်းပြန်ပိုင်ရှင်ကာကွယ်ရေးတပ်များ ဖြစ်လာသည်။ ပစ်ပြေးမှသည် စခ၊ ရခတပ်များ၊ စခန်းများကို စုပေါင်းဝိုင်းဝန်းတိုက်ခိုက်လာနိုင်သည်။ တော်လှန်ရေးတပ်များ၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုအောက် မအလ၏ တပ်များ အလူးအလှိမ့်ခံနေရသည်။ သို့သော် စစ်ဗိုလ်ချုပ်များ၊ စစ်တိုင်းမှူးများ၊ ဒေါ်စိန်အေးကျောင်းဆင်းများကား ဆောင်းတွင်းအိပ်မက် ကယောက်ကယက်မှ မနိုးထနိုင်သေး။ ထိပ်ပိုင်းများက တပ်ပိုင်၊ ဦးပိုင်၊ ခရိုနီများနှင့်စပ်တူ၊ ဒေသခံလုပ် ငန်းရှင်အချို့နှင့် အကျိုးတူ၊ လက်အောက်ခံများ၏ပဏ္ဍာတော်ဆက်သမှုများ၊ စစ်ခွေးသေများ၏ ပါးစပ်ထဲမှ အကျိုးအမြတ်များကြောင့် မာန်ထ ဟန်ကျနေကြသည်။ စုံလုံးကန်းချင်းအတူတူ တစ်ဖက်လပ်အဖြစ် ပျော်နေကြသည်။ ငရဲခွေးများကား ရဲဆေးတင်စရာမလိုအောင် ဆန်ဆေးရင်း သေးပေါက်နေကြသည်။

သူတို့လက်အောက်ခံတပ်မမှူး၊ စကစမှူး၊ တပ်မှူးများသည်လည်း ရသမျှ အကုန်နှိုက်ယူ၊ အောက်ခြေတပ် သားများကို သေနတ်ဖြင့် နောက်မှချိန် ကိုယ်စား သေခိုင်းနေကြသည်။ ထိုသူများကလည်း အကြောက်ထဲမှ ရုန်းမထွက်ဘဲ အသေခံပေးနေကြသည်။ မအလ ပေးထားသော လိုင်စင်များကို အသုံးချရင်း ထင်တိုင်း ဆိုကြသည်။ ဝင်တိုင်း မျိုကြသည်။ ပင်စင်လေး မျှော်၊ ရပိုင်ခွင့်လေး မျှော်တွေးရင်း.တွေ့သမျှ အကုန်နှိုက် ရသမျှ အကုန်ပိုက်၊ ပျော်ပျော်ကြီး မိုက်နေကြသည်။သည်လောက် တော်လှန်ရေးတပ်များ၏ဖိတ်ခေါ်နေမှုကို လျစ်လျူ ရှု၊ မမြင်ချင်ဟန်ဆောင်၊ အရှင်ဖမ်းမိပြန်တော့လည်း ဆေးကြောင်ကြောင်၊ မေးမြန်းစစ်ဆေးပြန်တော့ ယုန်သူငယ်လို ဖြူစင်သယောင် နေကြပြန်သည်မှာ ရှက်စရာ။

ထို့အပြင် သူတို့ကိုယ်သူတို့ အဖြူရောင်အနုပညာရှင်များ ဆိုသည့် ထန်းပလပ်ကို နတ်ရုပ် ထင်နေသူများကလည်း သီးသန့်ကို ရှိသည်။ စကစ အကြမ်းဖက် ဘောမရင်း.သူတို့ကိုယ်သူတို့ တပ်မတော်ထောက်ခံ မီဒီယာများကလည်း ICC ဝရမ်းပြေးက ထန်းလျက်လေး ပြပေးသည်ကို အမြီးနှန့်ပေးရင်း ပြည်သူကာကွယ်ရေးတပ်အကြောင်းကို အပုပ်ချနေသည်မှာ လူတွေမှဟုတ်ပါလေစ။ ရှင်ဘုရင့်အတွက် ငဝက်က ကျွန်ခံနေသည်။ ပျူစောထီး၊ သွေးသောက်၊ မဘသ၊အလိုတော်ရိများကလည်း နတ်ရူး ဘုံမြှောက်နေကြသည်။ နိုင်ရာစားတမ်း လူ့ပေါက်ပန်းလုပ်နေကြသည်။ သည်အထဲ သင်္ကန်းဝတ်နေလျက် ဒကာ ဒကာမများကို မုန့်ပေးခြင်းလောက်သာ စာတတ်သည့် ဘုန်းကြီးများလည်း ဗြောက်ကိုခါးချိတ် ဗိုလ်ဘုန်းကြီး လုပ်နေသည်။ သူတို့ကိုယ်သူတို့ ရွှေကြိုးကြာ အသံသာကြောင်း ပြနေငြား သူတို့ ဥ ချဥ်နေကြောင်း မသိကြ။

ဤလောကတွင် မသိနားမလည်သည်ကို လက်ခံ၍ ရပါသည်။ မသိအောင် မသိဟန်ဆောင်ရင် ဆင်ခြေအမျိုးမျိုးဖြင့် အမှားကျူးလွန်နေသူများကိုလက်ခံ၍မရပါ။ ရခဲလှသော လူ့ဘဝနှင့် အသက် ဉာဏ်ပညာလည်း ရှိသည်။ ဒုက္ခဆင်းရဲ ကျပ်တည်းသူများလည်း မဟုတ်ကြ။ ထင်းထင်းကြီး မြင်နေရသော အမှားများကို ပြင်ရန်လည်း မကြိုးစား။ မအလ ကျွန်ဇာတ်ခင်း ကျွန်ဇာတ်သွင်းနေသည်ကို ပျော်နေကြသည်။ မပျော်သူများကလည်း အလိုတူအလိုပါ လုပ်နေကြသည်။ မြက်မြက်ကလေး စားရမလား ဇာတ်ထဲ လိုက်မိမှ နှဲခွက်ကြီး တက်နင်းမိ၍ အလျှော်ပေးရသည့်အပေါက်ဆိုက်နေမှန်းလည်း မခွဲခြား။ မဲနှင့်နီပါး အတူထား နီပါး မည်းစော်နံခြင်းကိုလည်း အတွေးမဝင်။ လုပ်သက်ရင့်စခကြီးများပင်မဆိုထားနှင့်၊ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗျူဟာမှူး၊ ဒုတိုင်းမှူးများပင်လျှင် စစ်ရှုံး၊ လက်နက်ချ အဖမ်းခံရ သေကြလျှင် ကိုယ်ညံ့၍ ကိုယ်သာခံ။ ဘာတာဝန်မှ မယူ။ သေဒဏ်ပင် အပေးခံနေရသည်။ ကျန် Nom-CDMs များကား ကမ်းနားသစ်ပင်။ ဝန်ထမ်းမဟုတ်သူ များ ကိုယ်ဖြစ်ကိုယ်ခံ။ လူမကျန်ရင်နေ မြေကျန်ရင် ရပြီ ဆိုသည့်သူများပင် ထိုမြေကြီးအောက်ရောက်သွားကြသည်။ ပြဿနာရင်းမြစ်ကို အခြေတည်ပြီး မှန်သော အဖြေရှာနည်းများဖြင့် မချဥ်းကပ်ပါက ကျွံပြီးရင်း ကျွံနေသော မအလ၏ ကျွန်များ အနှေးနှင့်အမြန် နစ်မြုပ်ပျောက်ကွယ်သွားမည်ကတော့ ငြင်းမရသော အမှန်တရား။

ကဲ... အထက်ပြောခဲ့တာတွေက နားပင်းကို ပုလွေမှုတ်ပြနေတာ မဟုတ်ပါဘူး။ "နူမည့်အစား ယားသည်၊ သေမည့်အစား ဖျားသည်" သည်ဟူသော စကားပုံလေးကို သတိရကြပါစေဟူလို။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar