ခေါင်းကြီး - နွေဦးမှတ်ကျောက်တင်ပွဲ
ခေါင်းကြီး - နွေဦးမှတ်ကျောက်တင်ပွဲ
မိုးမခ ၊ ဇွန် ၂၈ ၊ ၂၀၂၅
*ဒီပွဲဟာ...
"စိန်"ရတနာလို...
အမာကျောဆုံးနဲ့ အဖိုးအနဂ္ဃ အထိုက်တန်ဆုံးဖြစ်တဲ့...
စိတ်ဓာတ်နဲ့ ခံယူချက်အမှန်...
သန္နိဋ္ဌာန် ယုံကြည်ချက်ကို...
ရက်ရက်စက်စက် ထိုးနှက်စမ်းသပ်နေတဲ့ပွဲ...။
*ဒီပွဲဟာ...
"ရွှေ"ရတနာလို...
စိတ်စေရာကို ဖန်တီးပုံဖော် ခေါင်းမော်ပြီး တန်ဖိုးထားနိုင်တဲ့...
ခံနိုင်ရည်စွမ်းအားနဲ့ ထိန်းချုပ်နိုင်စွမ်း သတိ...
သမာဓိတရား စိတ်ခွန်အားကို...
ထင်ထင်ရှားရှား စံထားပြဆိုနိုင်တဲ့ပွဲ...။
*ဒီပွဲဟာ...
"ပတ္တမြား"ရတနာလို...
ကျောက်သားအသွေးအရောင်ညီ ရဲရဲတောက်နီမြန်းတဲ့...
ဘာမထီ အာဇာနည်သတ္တိနဲ့...
တည်ကြည်စိတ်ထား သစ္စာတရားကို...
ပြတ်ပြတ်သားသား ခံစားဖော်ပြနိုင်တဲ့ပွဲ...။
*ဒီပွဲဟာ...
"ကျောက်စိမ်း"ရတနာလို...
သိန်းသန်းကုဋေမက မြင့်မြတ်တန်ဖိုးကြီးလှတဲ့...
ဓမ္မနဲ့အဓမ္မကြား ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမရှိ...
ဆင်ခြင်တုံတရားနဲ့ ဉာဏ်ပညာအသိကို...
ထည်ထည်ဝါဝါ မြင်သာသိရှိစေတဲ့ပွဲ...။
*ဒီပွဲဟာ...
"ပုလဲ"ရတနာလို...
ကျက်သရေမင်္ဂလာတန်းဝင် ဖြူစင်ရှားပါးလှတဲ့...
တရားမျှတမှုနဲ့ ရိုးသားမှုမှာ စံနမူနာပြ...
ကိုယ်ကျင့်သီလနဲ့ စာရိတ္တကို...
လှလှပပ ပြသအဖြေထုတ်တဲ့ပွဲ...။
*ဒီပွဲဟာ...
နဝရတ်ကိုးပါးစီခြယ်...
လက်သူကြွယ်မှာ လက်စွပ်ကိုဝတ်ကြွား...
ဇွတ်တရွတ်လီဆယ် လိမ်လည်လှည့်ဖြားပြီး...
မတရားမှုမျိုးစုံ အသားကုန်အကျင့်ပျက်လုပ်စား...
ရက်စက်ယုတ်မာမှု ကမ်းကုန် စုပြုံကျူးလွန်ထားတဲ့...
ရာဇဝတ်သား အဓမ္မမိစ္ဆာများနဲ့..
လားလားမျှမဆိုင် ယှဉ်ပြိုင်နေစရာမလိုတဲ့ပွဲ...။
*ဒီပွဲဟာ...
စိန် ရွှေ ပတ္တမြားခဲ...
ကျောက်စိမ်း ပုလဲ ရတနာများလို...
ပကာသနတရား အပေါ်ယံပျားသကာတွေကို...
ကြံဖန်ကြွားဝါမနှေး ဟန်ရေးတွေတပြပြနဲ့...
ပိုင်ဆိုင်သမျှ ဂုဏ်ဆာနေကြမဲ့အစား...
တကယ့်ရတနာအစစ်အမှန်...
ဧကန်လူသားစင်စစ်တစ်ယောက်အဖြစ်...
အလှတရားအမွေအနှစ်တွေကို...
ရာဇဝင်တွင်ကျန်ရစ်လောက်အောင်...
အမှန်အကန် အကဲဖြတ်အစစ်ခံ...
ဆန်းစစ်ဝေဖန် မှတ်ကျောက်တင်တဲ့ပွဲမို့...။
*ဒီပွဲမှာ...
အခုအချိန်ကာလအထိ တာဝန်သိတတ်စွာ...
သူမတူ တစ်မူထူးလှတဲ့ စိတ်ဓာတ်မှန်မှန်နဲ့...
နွေဦးကန္တာရ ပူပြင်းစုတ်ပြတ်တဲ့ဒဏ်ကို...
ကြံ့ကြံ့ခံ ရင်ဆိုင်ကာကျော်ဖြတ်...
မားမားမတ်မတ် ဇွဲနပဲခတ်လို့...
အံခဲရပ်တည် ရှေ့သို့ချီနေကြတဲ့...
ဓမ္မအမှန်တရားဘက်တော်သား...
ညီနောင်သွေးချင်းများအားလုံး...
ဂုဏ်ယူဝင့်ကြွားတဲ့ နှလုံးသားနဲ့...
ရိုးရိုးသားသား အပင်မှန်အမြင့်စံရဖို့...
နိုးနိုးကြားကြား အမြင်မှန်ရင့်သန်လှလို့...
ကြိုးကြိုးစားစား ရှင်သန်ကျင့်ကြံလိုက်ကြစို့...။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar