R2P အမြန်အကောင်အထည်ဖော်ပေးဖို့နဲ့ ICC က ဖမ်းဝရမ်းထုတ်ဆင့်ဖို့ ဦးကျော်မိုးထွန်း ကုလအစည်းအဝေးမှာ တောင်းဆို
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း
(မိုးမခ) ဇွန် ၂၈၊ ၂၀၂၅
R2P အမြန်အကောင်အထည်ဖော်ပေးဖို့နဲ့ ICC က ဖမ်းဝရမ်းထုတ်ဆင့်ဖို့ ဦးကျော်မိုးထွန်း ကုလအစည်းအဝေးမှာ တောင်းဆို
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အကာအကွယ်ပေးရန်တာဝန်ရှိမှု Right to Protect ခေါင်းစဥ်အောက်ကနေ မြန်မာနိုင်ငံပြည်သူလူထုကို အကာအကွယ်ပေးဖို့နဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံးကနေ ဖမ်းဝရမ်းအမြန်ထုတ်ဖို့ ကုလသမဂ္ဂမှာ ကျင်းပတဲ့ အကြိမ် ၈၀ မြောက် အထွေထွေညီလာခံ စုံညီအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရှိရပါတယ်။
ဇွန်လ ၂၅ ရက်နေ့မှာ ကျင်းပတဲ့ Right to Protect (R2P) ၊ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစု သုတ်သင်ရှင်းလင်းရေး၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုများ ကာကွယ်တားဆီးရေး နှစ် ၂၀ ပြည့် အထိမ်းအမှတ် ညီလာခံ အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးခါစ စစ်တပ်က ဆန္ဒပြသူတွေကို လက်နက်နဲ့ ပစ်ခတ်သတ်ဖြတ်၊ ရိုက်နှက်ဖမ်းဆီးနေတဲ့ ကာလတွေတုန်းက မြန်မာ့ R2P ကို အပြောများခဲ့ကြပြီး အချို့သော ပြည်သူလူထုအနေနဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ လုပ်ဆောင်မှုတရပ်အဖြစ် များစွာ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်တာ၊ စည်းနှောင်မှုမရှိတဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချတာတွေ ချမှတ်လုပ်ဆောင်ခဲ့ပေမယ့် အဆိုပါ ဆုံးဖြတ်ချက်တွေ တိုက်တွန်းချက်တွေက ကြီးမားတဲ့ သက်ရောက်မှုတွေ မတွေ့ခဲ့ရဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့ကြီး အနေနဲ့ မြန်မာ့အရေးမှာ အာဆီယံအဖွဲ့၊ တရုတ်နိုင်ငံတို့လောက် လုပ်ဆောင်နိုင်စွမ်း မရှိဘူးလို့ ဆိုရင် ပိုပြောတယ်လို့ မဆိုနိုင်ပါဘူး။ ကမ္ဘာနိုင်ငံ ၁၈၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂ အဖွဲ့ကို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့၊ နိုင်ငံတကာရဲ့ သံတမန်ရေး စကားစစ်ထိုးရာနေရာတခု အဖြစ်မျိုးရောက်အောင် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတန်ကြာကာလတွေမှာ သဘောထား လုပ်ဆောင်ခဲ့ကြတဲ့ အကျိုးဆက်ကြောင့် လတ်တလော ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အကြားမှာ ဖြစ်ပွားနေတဲ့ ကျူးကျော်တိုက်ခိုက်မှု၊ လက်နက်အင်အားနဲ့ အနိုင်ကျင့် ဗိုလ်ကျမှု၊ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိတော့တဲ့ အနေအထားရောက်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။
လတ်တလော ကာလတွေမှာပင်လျှင် ဂါဇာကမ်းမြောင်မှာ၊ ယူကရိန်းမှာ၊ အီရန်တို့မှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေကို တားဆီးနိုင်တဲ့ အနေအထားမရှိတာ ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်မှာ လူဦးရေ ၂ သန်းကျော်ကို ရိက္ခာ၊ ရေ၊ လောင်စာ၊ လျှပ်စစ်မီး ဖြတ်တောက်ပိတ်ဆို့ထားတဲ့ ဖြစ်ရပ်မျိုးကို ကုလသမဂ္ဂ အနေနဲ့ တားဆီးနိုင်စွမ်းမရှိတာ ထင်ရှားတဲ့ သာဓက တရပ် ဖြစ်ပါတယ်။ ပါလစ္စတိုင်းဒေသမှာ လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ဆောင်နေတဲ့ UNWRA လိုအဖွဲ့ကို အစ္စရေးလ်က ပစ်မှတ်ထား လုပ်ဆောင်တာတွေကိုပင်လျင် ကုလသမဂ္ဂအနေနဲ့ ထိရောက်တဲ့ တုံ့ပြန်မှုတွေ မလုပ်ဆောင်နိုင်တဲ့ အနေအထားမျိုး ရောက်ရှိနေတာလည်း တွေ့ရပါလိမ့်မယ်။
ဒီအနေအထားတွေကို နှိုင်းယှဥ်သုံးသပ်ကြည့်ရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲအတွင်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတွေ ရာထောင်ချီ သေဆုံးရတဲ့ အခြေအနေကို ကုလသမဂ္ဂ အနေနဲ့ တားဆီးနိုင်စွမ်းမရှိတာ အံ့သြဖွယ် မဟုတ်သလို မြန်မာနိုင်ငံလို ပြည်တွင်းစစ်မှာ အရပ်သား သေဆုံးမှုတွေကိုလည်း ပြစ်တင်ရှုတ်ချရုံကလွဲလို့ တားဆီးနိုင်မှာ မဟုတ်တာ သေချာပါတယ်။
ကုလသမဂ္ဂမှာ အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ကို ထောက်ခံကိုယ်စားပြုတဲ့ အမြဲတမ်းကိုယ်စားလှယ် အဖြစ် နေရာတနေရာကို ရရှိထားတာဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေ အနေနဲ့ သံတမန်ရေးအရ အသာစီးရတဲ့ အချက်တချက်အနေနဲ့ ဖော်ပြနိုင်တာ မှန်သော်လည်း မြေပြင်မှာ အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ ရလဒ်မျိုးတော့ မဟုတ်တာ သေချာပါတယ်။ သည်နေရာမှာ သိသာထင်ရှားတာတခုကို ထောက်ပြရရင် နိုင်ငံတကာအသိအမှတ်ပြုတဲ့ ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်း ရှိနေခြင်း၊ ဦးကျော်မိုးထွန်းကိုယ်တိုင် တက်ရောက်တဲ့ အစည်းအဝေး အခမ်းအနားတိုင်းမှာ မြန်မာအရေးထုတ်ဖော်ပြောဆိုခြင်းဟာ နိုင်ငံတကာက ကုလသမဂ္ဂကိုယ်စားလှယ်များ၏ အာရုံစိုက်မှု စိတ်ဝင်စားမှုတွေကို ဖော်ဆောင်နိုင်နေတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။ သတင်းမီဒီယာတွေက ကုလသမဂ္ဂသတင်းကို ဖော်ပြတဲ့ဆီမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဦးကျော်မိုးထွန်း ထုတ်ဖော်ပြောဆိုနေမှုတွေကို အနည်းဆုံး ကောက်နုတ်ဖော်ပြနေကြရတာမို့ စစ်ကောင်စီဘက်က သည်ဖက်က အမျိုးသားညီညွတ်ရေးအစိုးရ၏ အာဘော်ကို ကျော်လွန်ပြီး သူတို့ တုန့်ပြန်ရတာ အကန့်အသတ်ရှိနေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂက ဦးကျော်မိုးထွန်း နေရာသည် ထာ၀ရတည်မြဲနေမှာ မဟုတ်တဲ့အတွက် မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုများကနေ ကိုယ့်ဘက်က အသာစီးရမှုတွေ တိုးတက်မှုတွေ အလျင်အမြန်လိုအပ်နေတာ ဖြစ်တာကို ခေါင်းဆောင်တွေက သိကြလိမ့်မယ် မျော်လင့်မိပါတယ်။
နောက်ထပ် သတင်းတခုကတော့ - ဇွန် ၂၅ မှာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် တွန်အင်ဒရူး၏ ပြောကြားချက်များ ဖြစ်ပါတယ်။ သူက မြန်မာစစ်ကောင်စီ၏ လာမည့် ရွေးကောက်ပွဲ အစီအစဉ်ကို နိုင်ငံတကာက ရှုတ်ချကြဖို့ တိုက်တွန်းသွားပါတယ်။ ဥိးကျော်မိုးထွန်း အစဉ်တစိုက်ပြောသလိုပဲ မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ သူတို့အတွက် ရပ်တည်ဖို့အတွက် စစ်ကောင်စီ၏ ဗုံးကြဲမှု သတ်ဖြတ်မှု စစ်ဆင်နွှဲနေတာတွေ ရပ်ဆိုင်းဖို့က အဓိကကျတဲ့အကြောင်း နိုင်ငံတကာကို တိုက်တွန်းသွားတာ ဖြစ်ပါတယ်။ သည်နေရာမှာ ကုလအထူးသံတမန်က နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေဟာ မြန်မာစစ်ကောင်စီအပေါ် သက်ရောက်မှုတွေ ရှိတဲ့အကြောင်း ထောက်ပြချက် ဖြစ်ပါတယ်။
စစ်အုပ်စုလက်ထဲသို့ လက်နက်များ စီးဝင်မှု သုံးပုံတစ်ပုံ လျော့ကျသွားကြောင်း သူက ပြောဆိုခဲ့တာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ လက်နက်ပိတ်ပင်ရန်၊ လောင်စာဆီ မရောင်းရန် နဲ့ ငွေကြေးစီးဆင်းမှုကို တားဆီးရန် နိုင်ငံတကာက အဖွဲ့အစည်းများ၏ လှုံဆော်ချက်များ သက်ရောက်တယ်လို့ ဆိုချင်ပုံ ရပါတယ်။ စင်ကာပူနိုင်ငံက မြန်မာနိုင်ငံသို့ စီးဝင်သော လက်နက်များ၏ ၉၀ ရာခိုင်နှုန်းကို လျှော့ချရန် အရေးယူဆောင်ရွက်ခဲ့တယ်လို့ ပြောဆိုချက်။ ထို့ပြင် ထိုင်းနိုင်ငံတွင် ဘန်ကောက်ဘဏ်က စစ်အုပ်စု ထိန်းချုပ်ထားသော မြန်မာ့စီးပွားရေးဘဏ်နှင့် ငွေကြေးဆက်သွယ်မှုများကို ရပ်ဆိုင်းခဲ့ပြီး လက်နက်ဝယ်ယူရန်လိုအပ်သော ဘဏ္ဍာငွေကို ဖြတ်တောက်နိုင်ခဲ့တဲ့အကြောင်း သတင်းပို့သွားတာက အနည်းငယ် အားရှိစရာလို့ ဆိုနိုင်ပါတယ်။
အာဏာရှင်သဖွယ် ကျင့်ကြံနေကြတဲ့ ကမ္ဘာအင်အားကြီးနိုင်ငံတွေ ကြားမှာ ကုလသမဂ္ဂ၏ အခန်းကဏ္ဍနဲ့ နိုင်ငံတကာအဖွဲ့အစည်းများ၏ လှုံ့ဆော်မှုတွေနဲ့ သက်ရောက်မှုဟာ အကန့်အသတ် ရှိတယ် ဆိုသော်ငြား၊ ထိုပလက်ဖောင်းတွေကနေ မြန်မာ့အရေးကို အစဉ်အမြဲ ထုတ်ဖော် တိုက်တွန်းနေဖို့ကလည်း လိုအပ်နေသေးတဲ့ အချက်ဆိုတာကိုလည်း တင်ပြလိုက်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar