Breaking News

မောင်လူမွှေး - သိမြင်နှံ့စပ်မှု

မောင်လူမွှေး - သိမြင်နှံ့စပ်မှု

မိုးမခ ၊ ဇွန် ၂၇ ၊ ၂၀၂၅

မောင်လူမွှေး ကျေးရွာတွေကို ရောက်တဲ့အခါ ညည်းညူတတ်သူတွေနဲ့ တွေ့ရလေ့ရှိတယ်။ သူတို့ဟာ သူတို့ရဲ့ လက်ရှိအနေအထား၊ နိုင်ငံရဲ့ လက်ရှိအခြေအနေကို စိတ်ပျက်တတ်ကြသူတွေ ဖြစ်တာကို တွေ့ရတယ်။ 

ကျောက်ကပ်ရောဂါရှိတဲ့ မောင်လူမွှေး အစ်မတစ်ယောက်ဟာ စိတ်ဓာတ် မကြာမကြာ ကျလေ့ရှိတယ်။ သူနဲ့တွေ့တော့ " မလေးက နေစရာအိမ်ကောင်းကောင်းရှိပါတယ်။ စားစရာလည်း မပူရပါဘူး။ သင့်တင့်မျှတအောင် နေစားပြီးနေရင် ကျန်းမာပါတယ်။ ကျနော် သွားနေတဲ့ စစ်ရှောင်စခန်းတွေဆို ထိုင်လို့ ညောင်းရင်တောင် ကျောဆန့်စရာ နေရာမရှိဘူး" လို့ ကျနော် ပြောတာ့ " အေးဟယ်.. ငါကလည်း ဘယ်မှမရောက်ဆိုတော့ ဘယ်သိမလဲ။ အဲဒီလိုဆိုတော့လည်း ငါတို့က အများကြီး တော်သေးတာပါလား " လို့ဆိုပါတယ်။

သိမြင်နှံ့စပ်မှု နည်းပါးတာကလည်း ကိုယ့်ဒုက္ခတွင်းလေးမှာ ကိုယ့်ကိုယ်ကိုယ် ထည့်ပြီး ပိတ်ထားသလို ဖြစ်တတ်ပါတယ်။ ဒီထဲမှာ မောင်လူမွှေးကိုယ်တိုင်တောင် ပါခဲ့ဖူးတယ်။ မောင်လူမွှေးလည်း ဘာသားနဲ့ ထုထားတာ မှတ်လို့ ။ လေယာဥ်ဆိုရင် ကြောက်တာပဲ။ အအိပ်ပျက်၊အစားပျက်တဲ့ထိတောင် ကြောက်ခဲ့ဖူးတာပေါ့။ 

တခါတော့ ခရီးထွက်ရင်း မောင်လူမွှေးရဲ့ မိတ်ဆွေ ဆရာဝန်ဆီကို ဝင်တွေ့တယ်။ ဆေးခန်းနဲ့ လူနာတွေနဲ့။ လေယာဥ်လာရင် မပြေးနိုင်တဲ့သူတွေနဲ့။ သူတို့ကိုကြည့်ပြီး မောင်လူမွှေး လေယာဥ်ကြောက်တာဟာ သိပ်တော့ အဓိပ္ပာယ်မရှိလှဘူးဆိုတာ သဘောပေါက်ခဲ့ရပါတယ်။

မောင်လူမွှေး ကြည့်ဖူးတဲ့ မှတ်တမ်းရုပ်ရှင်ထဲက ဇာတ်ကောင် ပြောတဲ့စကားကို သိရမိတယ်။ မှတ်တမ်းရုပ်ရှင်နာမည်နဲ့ ဇာတ်ကောင်နာမည်ကို မမှတ်မိပေမယ့် သူပြောတဲ့ စကားကိုတော့ မောင်လူမွှေး မှတ်မိနေတယ်။ သူဟာ စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီး စစ်အာဏာရှင်ကို ရှစ်ဆယ့်ရှစ်ကစလို့ ဆန့်ကျင်ခဲ့တဲ့ အောက်ခြေစစ်သား ဖြစ်တယ်။ သူဟာ ခြေတစ်ဖက်ပြတ်ဒဏ်ရာရခဲ့တယ်။ တိုက်ပွဲကြားမှာ အသက်လု ပြေးဖူးတယ်။ စစ်တပ်ရဲ့ စစ်ကြောရေးမှာ နှိပ်စက်ခံရဖူးတယ်။ 

" ဗုံးဆန်၊ အမြောက်ဆန်၊ ကျည်ဆန်တွေကြားမှာ အသက်လုပြေးရတယ်ဆိုတာ ထောင်ထဲစစ်ကြောရေးမှာ နိုပ်စက်ခံရတာနဲ့စာရင် ဘာမှမဟုတ်ဘူး" လို့ သူ့ကိုယ့်တွေ့ကို ပြောပြခဲ့တယ်။

စစ်ကောင်စီရဲ့ ထောင်ထဲကို ရောက်နေတဲ့ ပြည်သူတွေ အများကြီးရှိတယ်။ သူတို့ဟာ စစ်ကောင်စီရဲ့ နည်းမျိုးစုံ နှိပ်စက်ညှဉ်းပန်းမှုကို ခံနေကြရတာ ဖြစ်တယ်။ သူတို့ရဲ့ ဒုက္ခတွေနဲ့စာရင် တော်လှန်ရေးနယ်မြေမှာ နေရတဲ့ မောင်လူမွှေးတို့ရဲ့ ဒုက္ခဟာ ဘာမှမပြောပလောက်ဘူးပေါ့။ ဒီအကြောင်းကို ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေက စိတ်ပျက်နေသူတွေနဲ့ တွေ့တိုင်းလိုလို မောင်လူမွှေး ပြောပြဖြစ်တယ်။

" Ignore is bliss" မသိခြင်းမှာလည်း ကောင်းကျိူးရှိတယ်။ " To know is pain" သိခြင်းဟာ နာကျင်မှုပဲ ဆိုတဲ့ စကားတွေကို မောင်လူမွှေး လက်ခံသလို သဘောလည်းကျတယ်။ ကိုယ်ကိုယ်တိုင်က သိလို့ နာကျင်ရတာတွေ ရှိနေလို့ ဖြစ်တယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ ထိုက်သင့်သလောက် မသိရင်၊ မနှံ့စပ်ရင်လည်း နာကျင်ရတာပဲ ဆိုတာကို မောင်လူမွှေး သဘောပေါက်ပါတယ်။

မောင်လူမွှေးရဲ့ မလေးဟာ သူနဲ့သိပ်မဝေးတဲ့ စစ်ဘေးရှောင်စခန်းလေးတောင် မရောက်ဖူးလေတော့ သူ့ဒုက္ခထဲမှာပဲ ပိတ်မိနေခဲ့တယ်။ မောင်လူမွှေးဟာလည်း မိတ်ဆွေဆရာဝန်ရဲ့ ဆေးကုနေတဲ့နေရာကို မရောက်ခဲ့ရင် လေယာဥ်ကြောက်တဲ့ အကြောက်တရားထဲမှာပဲ ပိတ်မိနေနိုင်သေးတယ်။ တော်လှန်ရေးနယ်မြေက သူတွေလည်း စစ်ကောင်စီရဲ့ ထောင်ထဲရောက်နေတဲ့ ကိုယ့်ပြည်သူ ရဲဘော်ရဲဘက်တွေအကြောင်း မတွေးမိတာ ကြာလာရင် ကိုယ့်ဒုက္ခကို အကြီးကြီးလို့ ထင်မယ်။ မောင်လူမွှေးတို့ဟာ တော်လှန်ရေးကာလမှာ ကိုယ့်အတွက်ရော၊ ရွာအတွက်ရော၊ နိုင်ငံအတွက်ရော ထိုက်သင့်တဲ့ သိမြင်နှံ့စပ်မှုရှိဖို့ လိုအပ်ပါတယ် ခင်ဗျာ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar