တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အခြေအနေအောက်က လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု အကြမ်းဖက်မှုတွေ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၆ မြင်ကွင်း
(မိုးမခ) ဇွန် ၂၇၊ ၂၀၂၅
တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေအောက်က လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု အကြမ်းဖက်မှုတွေ
ခုသီတင်းပတ်တွေအတွင်း ကရင်နီ (ကယား)ပြည်က လွိုင်ကော် PDF တပ်ရင်းမှာ နေထိုင်ပြီး သတင်းဓါတ်ပုံနဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ၊ ကမ္ဘာမှာထင်ရှားတဲ့ World Press Photo သတင်းဓါတ်ပုံဆုလည်းရဖူးသူ လူငယ်တဦးက လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှု ကျူးလွန်တဲ့ အဖြစ်က လူသိရှင်ကြား ဖြစ်ပျက်ခဲ့ပါတယ်။
အဆိုပါ အဖြစ်အပျက်ဖြစ်ပြီးနောက်မှာ ထိုင်း-မြန်မာ နယ်စပ်ဒေသတွေမှာ နေထိုင်ပြီး လူနည်းစု အခွင့်အရေး ကိစ္စတွေကို သုတေသနလုပ်သူ၊ တက်ကြွလှုပ်ရှားသူ တဦးက ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ရပ် လူမှုကွန်ရက်တွင် ပေါ်ထွက်လာခဲ့ပါတယ်။ ခု သီတင်းပတ်မှာပင်နောက်ထပ် အဖြစ်အပျက်တခု ဆိုရှယ်မီဒီယာပေါ်မှာ ပေါ်ထွက်လာခဲ့ပြန်ပါတယ်။ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေး လုပ်ဆောင်တဲ့ အဖွဲ့တဖွဲ့မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတဦးရဲ့ Sexual Harassment ကျူးလွန်ခဲ့တာကို ကျူးလွန်ခံရသူက ဆိုရှယ်မီဒီယာပေါ်က တဆင့် ထုတ်ဖော်ပြောဆိုခဲ့ပြန်ပါတယ်။ လွိုင်ကော် PDF တပ်ရင်းက သတင်းဓာတ်ပုံသမား အဖြစ်အပျက်ကလွဲပြီး အခြား ဖြစ်ရပ် ၂ ခုဟာ လတ်တလော ကျူးလွန်တာမဟုတ်ဘဲ နှစ်အနည်းငယ် အကြာက ဖြစ်ရပ်တွေဖြစ်ပြီး အခုလို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ ကာယိန္ဒြေပျက်စေတဲ့ ကျူးလွန်မှုတွေကို ခံစားခဲ့ရသူတွေက အခုလို ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာမှာ ထုတ်ဖော်ပြောဆိုကာ လူမှုရေးအရ ဒဏ်ခတ်ခြင်းဖြင့် အပြစ်ပေးကြတဲ့ လှုပ်ရှားမှုတွေ အရှိန်ရလာခြင်းကြောင့် ဖွင့်ချလာကြတဲ့ သဘောလို့ပြောနိုင်ပါတယ်။
အခု ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေး၊ နွေဦးတော်လှန်ရေး၊ နိုင်ငံရေးနဲ့ လူအများကို အသိပညာပေးရေး နယ်ပယ်တွေမှာ ပါဝင်လုပ်ကိုင်နေကြသူတွေက ကျူးလွန်ကြတဲ့ ဖြစ်ရပ်တွေ ဖြစ်ပြီး ဖြစ်ရပ်တခုက လွဲရင် ကျန်ဖြစ်ရပ်တွေက စစ်အာဏာသိမ်းပြီးနောက် နယ်စပ်၊ လွတ်မြောက်နယ်မြေ၊ ပြည်ပနိုင်ငံမှာ ခိုလှုံနေထိုင်ကြတဲ့ မြန်မာအသိုင်းအဝိုင်းကြားမှာ ဖြစ်ပွားတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။
တနည်းအားဖြင့် ဆိုရရင် တရားဥပဒေ စိုးမိုးမှု အနည်းဆုံးအနေအထား၊ လူမှုအသိုင်းအဝိုင်းရဲ့ စောင့်ကြည့်ထိန်းကျောင်းမှု အားနည်းတဲ့ အနေအထားအောက်မှာ ဖြစ်ပွားကြတဲ့ ဖြစ်ရပ်တွေ ဖြစ်တာ သတိပြုမိပါတယ်။ နောက်တချက်က အခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အမြတ်ထုတ်မှု၊ ကာယိန္ဒြေထိပါး စော်ကားမှုတွေဟာ ဖိနှိပ်မှုနဲ့ မတရားမှုတွေကို ဆန့်ကျင်တိုက်ဖျက်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေ တရားမျှတမှုအတွက် လုပ်ဆောင်နေကြတယ် ဆိုတဲ့အဖွဲ့အစည်းတွေမှာ ဖြစ်ပွားခဲ့တဲ့ အချက်ကလည်း လက်မခံနိုင်စရာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး လှုပ်ရှားမှုနဲ့ လူမှုအဖွဲ့အစည်းကို ကျင့်ဝတ်အရ အတွေးအခေါ်အရ ပြောင်းလဲဖို့ နှိုးဆော်နေတဲ့ အရပ်ဘက် အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေကြသူတွေက ကျူးလွန်ကြတာ၊ ကျူးလွန်ချိန်မှာ ဖေါ်ထုတ်နိုင်ခြင်း မရှိခဲ့ဘဲ အခုလို အချိန်ကာလတခုကြာမှ ပေါ်ထွက်လာကြတဲ့ အဖြစ်ကလည်း အာဏာရှင်စနစ် တိုက်ဖျက်ရေး အသိုင်းအဝိုင်းမှာ အားနည်းချက် တနည်းပြောရရင် ပြဿနာရှိနေပြီ ဆိုတာကို ညွှန်ပြနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
အခုလို ကျူးလွန်မှုတွေ အခြားသော နယ်ပယ်တွေ ဖြစ်တဲ့ စီးပွားရေး နယ်ပယ်၊ ဗျူရိုကရေစီ အုပ်ချုပ်ရေး ယန္တရား၊ လက်နက်ကိုင်တပ်တွေအတွင်းမှာ ရှိကောင်း ရှိနေကြပါလိမ့်မယ်။ အဲလိုအဖွဲ့အစည်းတွေမှာ ရှိနေတာဟာ မထူးဆန်းပေမယ့် တော်လှန်ရေး ဘက်က အဖွဲ့အစည်းတွေမှာ ရှိနေကြတာက ထူးဆန်းတယ်လို့ ဆိုရမှာပါ။ တဖက်က ကြည့်ရင်လည်း လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေ ဖြစ်လို့ ဗျူရိုကရက် အဖွဲ့ဖြစ်ဖြစ် တော်လှန်ရေး အဖွဲ့ဖြစ်ဖြစ် လူကောင်း လူဆိုးက ဘယ်ဘက်မှာမဆို ရှိကြတာကြောင့် ဒါတွေက ရှိမှာပဲလို့ စောဒက တက်ကောင်းတက်နိုင်ပါတယ်။ ဒီလို စောဒကဟာ သဘာဝကျသော်လည်း တော်လှန်ရေး လှုပ်ရှားမှုထဲက အဖွဲ့တွေ အနေနဲ့ အခုလို မတရားမှု၊ အာဏာ လုပ်ပိုင်ခွင့်၊ အရှိန်အဝါတွေကို အသုံးချပြီး အမျိုးသမီးတွေကို လိင်အမြတ်ထုတ်မှု၊ လိင်အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ အခြေအနေကို မဖေါ်ထုတ်နိုင်ကြတဲ့ ထိရောက်စွာ အရေးမယူနိုင်ကြတဲ့ အနေအထားကတော့ လက်ခံစရာမရှိဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်ဖို့ တော်လှန်ရေးကို ဖေါ်ဆောင်ကြ ပါဝင် လုပ်ဆောင် နေကြတဲ့ အဖွဲ့အစည်းတွေ ကိုယ်၌မှာ စနစ်ဟောင်းက အယူအဆ အတွေးအခေါ် အမူအကျင့်တွေ အတိုင်း ဆက်လက် ကျင့်ကြံ လုပ်ဆောင်နေတာ လက်မခံနိုင်စရာပါ။
ဒီဖြစ်ရပ်တွေ ဘာကြောင့် အခုလို အခြေအနေမျိုးမှာ အများအပြားပေါ်ထွက်လာကြတာလဲ ဆိုတဲ့ မေးခွန်းလည်း မေးစရာရှိပါလိမ့်မယ်။ အာဏာ၊ ကျော်ကြားမှုအရှိန်အဝါ၊ သြဇာနဲ့ လုပ်ပိုင်ခွင့် ရှိနေသူတွေက ကျူးလွန်ကြတဲ့အခါ ကျူးလွန်ခံရသူက ထုတ်ဖေါ်ပြောဆိုဖို့ အသံထုတ်ဖို့ အင်အား မရှိကြတဲ့အနေအထားက နှစ်နဲ့ချီ လွှမ်းမိုးထားပြီး လတ်တလော လွိုင်ကော် PDF နဲ့ဆက်စပ်တဲ့ သတင်းဓါတ်ပုံသမားရဲ့ ဖြစ်ရပ်က အခြားသောဖြစ်ရပ်တွေရဲ့ နစ်နာခံစားရသူတွေကို ထုတ်ဖေါ်ပြောဆိုဖို့ နှိုးဆော်ပေးလိုက်သလို ဖြစ်စေခဲ့တာ တွေ့ရပါတယ်။
အဲဒီနောက် တခုပြီးတခု ပေါ်ထွက်လာတဲ့ ကျူးလွန်မှုတွေက လိင်အကြမ်းဖက်မှု၊ အမြတ်ထုတ်မှုတွေကို ဖေါ်ထုတ်ကြဖို့ လှုပ်ရှားမှုတခု သဖွယ်ဖြစ်ပေါ်လာပြီး ဖြစ်ရပ်တခုပြီးတခု ထွက်ပေါ်လာကြတဲ့ သဘောလို့ ဆိုရင် မှားမယ် မထင်ပါ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က အမေရိကန် ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ Me Too လှုပ်ရှားမှုနဲ့ အလားသဏ္ဍာန် ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။
ဒီလှုပ်ရှားမှုကို အားပေး ထောက်ခံဖို့လိုအပ်သလို တဖက်မှာလည်း လူမှုအဖွဲ့အစည်းထဲမှာ ထပ်ခါ ထပ်ခါ မဖြစ်ပေါ်စေဖို့ ဥပဒေဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေ၊ အသိပေး ပညာပေးမှု၊ တိုင်ကြားမှု နည်းစနစ်တွေ တည်ဆောက်ကြဖို့ အရေးကြီးပါတယ်။ စနစ်တည်ဆောက်ရေး ထိန်းကျောင်းမှုနဲ့ အရေးယူမှု စနစ်ရှိတယ်ဆိုတဲ့ အချက်က အလားတူ ကျူးလွန်မှုတွေ ထပ်မဖြစ်ပေါ်အောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။
ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူမှုတွေကလည်း ထိုက်သင့်တဲ့ အပြစ်ပေးအရေးယူမှု ဖြစ်ဖို့ လိုအပ်ပါတယ်။ အလွန်အကျွံ လှုံ့ဆော်မှုတွေနဲ့ ဆွမ်းကြီးဝိုင်းလောင်းကြတာမျိုး မဖြစ်ဖို့ ပြည်ပမှာ အုပ်ချုပ်ရေးစနစ် ကောင်းမွန်စွာ မတည်ထောင်နိုင်သေးတဲ့ အခြေအနေအောက်မှာ အခုလို အကြောင်းအရာတွေကို နားလည်ကျွမ်းကျင်သူ၊ ဥပဒေဆိုင်ရာ နားလည်သူတွေက ယာယီ ထိန်းကျောင်း အရေးယူမှု စနစ်တရပ် လိုအပ်တာလည်း ဖြစ်ပါတယ်။
ကျူးလွန်မှုအတွက် ထိုက်သင့်တဲ့ အပြစ်ဒဏ်ဖြစ်သင့်သလို တရားမျှတမှုရရှိတဲ့ ဥပဒေရှုထောင့်၊ ကောင်းမွန်တဲ့ ဥပဒေရဲ့ ရည်ရွယ်ချက် အနှစ်သာရတွေလည်း ပါဝင်သင့်ပါတယ်။ အခုလို လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စနစ်မရှိသေးတဲ့ အခြေအနေမျိုးမှာ ကောင်းမွန်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ကို တောင်းဆိုနေတာ လက်တွေ့မကျဘူးလို့လည်း ဆင်ခြေပေးကောင်း ပေးနိုင်ပါတယ်။
စစ်ပွဲအောင်နိုင်ရေးက အဓိက အခြား အခွင့်အရေးတွေက အခုချိန်မှာ အရေးမထား နိုင်ဘူးလို့လည်း ဆင်ခြေပေးကောင်း ပေးနိုင်ပါတယ်။ အညာဒေသမှာ PDF လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေ ကျူးလွန်တဲ့ လိင်အကြမ်းဖက်မှုတွေလည်း တရားမျှတမှု ရှာဖွေခြင်း မရှိနိုင်သေးတဲ့ သာဓကတွေလည်း ရှိနေတာလည်း ကြားသိကြပြီး ဖြစ်ပါတယ်။
ဘာလိုပင် ဆိုဆို အခုလို လိင်အကြမ်းဖက်မှု၊ အမြတ်ထုတ်မှု၊ ကာယိန္ဒြေ ပျက်ပြားစေတဲ့ ကျူးလွန်မှုတွေက တော်လှန်ရေးရဲ့ ဂုဏ်သတင်းကို အတိုင်းအတာတခုထိ ထိခိုက်စေတာတော့ အမှန်ပင် ဖြစ်တာကြောင့် အခုလို ဖော်ထုတ်ပြောဆိုကြတဲ့ လှုပ်ရှားမှုကို အားပေးထောက်ခံရင်း ကျူးလွန်ခံရသူရော ကျူးလွန်သူပါ တရားမျှတတဲ့ စီရင်ဆုံးဖြတ်မှု ရဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar