မောင်သော်တာ - မေမေ့ဆီရေးတဲ့စာ
မေမေ့ဆီရေးတဲ့စာ
မောင်သော်တာ
(မိုးမခ) ဇွန် ၂၈၊ ၂၀၂၅
မေမေနေကောင်းလား
မေတ္တာတရားဟာ ဓားမိုးထားတဲ့စင်းတုံးပေါ်ကို လည်စင်းပေးရတဲ့သမင်တစ်ကောင်ပါမေမေ
လောကကြီးက ငါးကိုငါးစာချိတ်ပြီးပြန်မြှားနေတဲ့ရေကန်ထဲ ပေါလောမျော
ကျနော်တို့ရဲ့ကလေးဘဝအိမ်လေးကလည်း မုန်တိုင်းနဲ့ဆော့ဖော်ဆော့ဖက်ပါ
ရှင်ကြီးဝမ်းထဲဝင်လည်းဝင်ဖူး
ရှင်ငယ်ဝမ်းလည်းဝင်ဖူး
အဲဒီရှင်ကြီးရှင်ငယ်တွေ စွန့်လိုက်တဲ့အညစ်အကြေးတွေနဲ့ ပြည်တော်သာခဲ့
နေဝင်မီးငြိမ်းခဲ့
ဘယ်လောက်ပဲတောက်ပပါတယ် ဆိုဆို မြေကြီးမဖြစ်ခင် ပြာလွင်ခဲ့တဲ့ ပြာတွေဟာ ကျနော်တို့ပဲလားမေမေ
မေမေ့မွေးနေ့ဟာ ညွတ်ကွင်းတွေချထားတဲ့မစ္ဆရိယထောင်ချောက်ထဲမှာ
အဆိပ်နဲ့လူးပြီးချကျွေးထားတဲ့ ညစာစားပွဲ
ပန်းလည်း ပန်ရင်မကြိုက်
သပြေခက်လေးတောင် အခက်မဝေရဲအောင် သားရဲမရဲဖြစ်နေတဲ့အစွယ်တွေ
မမြင်ချင်မှအဆုံး
မျက်နှာဖုံးစွပ်ထားတဲ့ဘီလူးခေါင်းကို ဗြဟ္မာကြီးတွေ
တစ်ဗိုလ်ဆင်းတစ်ဗိုလ်တက် လက်လွှဲဟူထားကြတာလားမေမေ
ဘုရားအဆူဆူနဲ့လွဲရင်သာလွဲမယ် ဒေဝဒတ်အဆူဆူနဲ့ ထင်းခွေလည်းကြုံ ရေခပ်ကြုံရ
မကုန်နိုင်ခဲ့ပါဘူး
နေကောင်းအောင်နေပေးပါမေမေ
သေစေလိုတဲ့အဆိပ်ကို ဉာဏ်ပညာနဲ့ကုထုံးပြောင်းမယ်
နောက်ဆုံးထွက်သက်တစ်ရှိုက်တောင်
မိစ္ဆာကိုရိုက်တဲ့ လက်နက် ဖြစ်စေမယ်
မေမေပြန်လာရင်ပန်ဖို့ ပန်းထွက်ခူးခဲ့တာပါပဲ
အခုတော့ မေမေပြန်လာမယ့်လမ်းကို ဆူးတောရှင်းနေကြပြီလေ
မေမေနေကောင်းမှာပါ
အနေကောင်းတဲ့ လမင်းတစ်စင်းကို ဘယ်လိုအာကာသဆိုးတွေမှ မအုပ်စိုးနိုင်ပါဘူး
ကျနော်ယုံတယ်
၂၄ ဇွန်လ ၂၅
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar