မောင်လူမွှေး - အမေ့ကို ချစ်ကြပုံတွေ
မောင်လူမွှေး - အမေ့ကို ချစ်ကြပုံတွေ
မိုးမခ ၊ ဇွန် ၁၈ ၊ ၂၀၂၅
မနေ့က မောင်လူမွှေး စစ်ရှောင်စခန်းကို ရောက်တော့ " အမေစု မွေးနေ့လည်း နီးပြီနော်" တဲ့။ ဆရာမလေးတစ်ယောက်က ပြောတယ်။ စစ်ရှောင်စခန်းက အမျိုးသမီးကြီးတစ်ဦးကလည်း ဇွန်လဟာ အမေစု မွေးတဲ့လတဲ့။ တောထဲ စစ်ရှောင်စခန်းကလေးမှာ စားဝတ်နေရေး ချို့တဲ့စွာနဲ့ နေထိုင်နေကြရပေမယ့် သူတို့ဟာ အမေစုကို သတိရကြတယ်။ သူတို့စကားတွေ ကြားပြီးနောက် မောင်လူမွှေး မျက်စိနဲ့မြင်၊ နားနဲ့ကြားခဲ့ရတဲ့ အမေစုကို ချစ်ကြပုံတွေကို သတိရမိတယ်။
လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကာလဆီက။ မောင်လူမွှေး မနက်စောစော ဈေးဘက်ကို လက်ဖက်ရည်သောက်သွားတော့ စျေးဆိုင်မှာ "အမေအောင်ဆန်းစုကြည်" ပုံတွေ ဝယ်နေတဲ့ ချင်းအမျိုးသမီးအုပ်စုကြီးကို တွေ့ရတယ်။ သူတို့ အသက်အရွယ်တွေဟာ ငါးဆယ်ကျော် ခြောက်ဆယ်ဝန်းကျင်တွေ ရှိနေပြီဖြစ်ပေမယ့် ဗမာစကားကို ရေရေလည်လည် မပြောတတ်ကြဘူး။ သူတို့ တတ်သမျှ၊ မှတ်သမျှ မြန်မာစကားကို ပြောပြီး အမေ့ပုံတွေကို တစ်ယောက် တစ်ခု ဝယ်ကြတယ်။ ပြီးတော့ အမေ့ပုံတွေတစ်ခုစီ ကိုင်ပြီး သူတို့ဟာ လမ်းမကြီးအတိုင်း စကားတပြောပြောနဲ့ ခြေလျင်လျောက်သွားကြပါတယ်။
တောသူတောင်သား ဗမာအမျိုးသမီးကြီးတွေလည်း မြို့ပေါ်ရောက်လာရင် ပလက်စတစ်ရည်လောင်းထားတဲ့ အမေစုပုံတွေကို ဝယ်ကြတယ်။ တောရွာက အိမ်တော်တော်များမှာ အမေစုပုံ ရှိကြတယ်။ အိမ်မျက်နှာစာ ဧည့်ခန်းမှာ အမေ့ပုံကို ချိတ်ကြတယ်။ အိမ်ရှေ့ခန်းမှာ အမေ့ပုံကို ချိတ်ကြတယ်။
မောင်လူမွှေး နေတဲ့ မြို့လေးကို အမေစု လာတော့ အမျိုးသမီးတစ်ယောက်ဟာ အမေစု ကားဆီကိုပြေးပြီး အမေစုလက်ကို ကိုင်ကာ ကားဘေးကနေ အပြေးကလေး လိုက်တယ်။ အမေစုက "သမီးနေခဲ့တော့နော် မောမယ်" ပြောမှ လက်ကို လွှတ်ပြီး နေခဲ့တယ်။ အဲဒီအမျိုးသမီးဟာ စီးပွားရေးချွတ်ချုံကျပြီး ကြွေးပိနေတဲ့ အမျိုးသမီးတစ်ဦးပါ။ အမေစု လက်ကိုကိုင်ပြီး အနီးကပ်မျက်နှာကိုကြည့်ခွင့်ရလိုက်တဲ့အတွက် ရွှင်လန်းနေတဲ့ သူပုံစံကို မောင်လူမွှေး မျက်လုံးထဲက မထွက်ဘူး။ သူ့အကြွေး တွေအားလုံး ကြေသွားရင်တောင် သူ ဒီလောက် ပျော်မယ်မထင်ပါဘူး။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကာလမှာ မောင်လူမွှေးရဲ့ ဆရာကြီးတစ်ယောက်က ပြောတယ်။ " အဓိကကတော့ မြို့ကို ဒေါ်အောင်ဆန်းစုကြည် လာဖို့ အရေးကြီးတယ်။ သူ လာရင် ဘာစကားမှမပြောရင်တောင် လက်ပြနှုတ်ဆက်ရုံနဲ့ အားလုံးက NLD ကို မဲပေးကြမှာကွ" တဲ့။
၂၀၁၅ ရွေးကောက်ပွဲနိုင်တော့ ရပ်ကွက်ထဲက အသက်ခုနစ်ဆယ့်ငါးနှစ်အရွယ် အဘ တစ်ယောက်ပြောတဲ့စကားကိုလည်း မောင်လူမွှေး မှတ်မိနေတယ်။ " ငါ့သူငယ်ချင်းကို သင်္ချိုင်းကနေ သွားခေါ်ချင်တာကွာ။ သူ မသေခင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျဥ်းကျနေချိန်က ပြောခဲ့တာ။ ဒေါ်အောင်ဆန်းစုကြည် အာဏာရရင် ငါ သေရင်တောင် မြှုပ်ထားတဲ့နေရာ လာနှိုးစမ်းကွာ။ ငါ လိုက်ပြီး ထကြည့်မှာ။ မြင်ချင်လွန်းလို့ " တဲ့။
အမေစုကို ပညာတတ်တွေကလည်း ချစ်ကြသလို ဘာပညာမှ မတတ်မြောက်သူတွေကလည်း ချစ်ကြတယ်။ မြို့လူထုအတွက် အမေဟာ ချစ်ခင်ကြည်ညိုလေးစားဖွယ် ခေါင်းဆောင်ဖြစ်တယ်။ တောရွာလူထုအဖို့တော့ အမေဟာ ကယ်တင်ရှင်နတ်သမီးတစ်ပါး ဖြစ်တယ်။ တန်ခိုးရှင် ဖြစ်တယ်။ အမေနဲ့တွေ့ရင် ချဲဂဏန်းလေး တစ်ခါပဲ ပေးခဲ့စမ်းပါလို့သာ ပြောချင်တော့တယ် ဆိုတဲ့ အမျိုးသမီးကြီး အချို့ကိုလည်း ကြုံဖူးတယ်။ အမေဟာ အားလုံးကို သိတယ်လို့ ယုံကြည်ကြတယ်။
ပြည်သူတွေဟာ အမေ့ကို နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ ယုံကြည်မှု အပြည့်ရှိကြတာ သေချာတယ်။ ဒါပေမယ့် အမေ့ကိုချစ်ကြတာကြတော့ နိုင်ငံရေးသမား၊ နိုင်ငံခေါင်းဆောင်တစ်ယောက်လို ချစ်တာမျိုးထက် ကိုယ့်အမေလို ချစ်ကြတာဖြစ်ပါတယ်။
အမေဟာ ပြည်သူတွေကို ဘယ်တော့မှ အပြစ်မတင်၊ အပြစ်မမြင်ခဲ့သူ ဖြစ်တယ်။ မိခင်တစ်ယောက်က သားသမီးတွေ နားလည်အောင် စိတ်ရှည်လက်ရှည် ရှင်းပြသလို ရှင်းပြပြီး ဦးဆောင်ခဲ့သူဖြစ်တယ်။ မိခင်တစ်ယောက်က သားသမီးတွေကို ကာကွယ်ပေးသလို ကာကွယ်ပေးခဲ့သူ ဖြစ်တယ်။ စောင့်ရှောက်ပေးခဲ့သူ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေရဲ့ အမေ ဖြစ်ခဲ့တယ်။
အမေ့ရဲ့ နိုင်ငံရေးလမ်းစဥ်ကို ဆန့်ကျင်လို့ရနိုင်ပေမယ့် အမေ့ရဲ့ ပြည်သူတွေအပေါ်ထားတဲ့ မေတ္တာတရားကိုတော့ ဘယ်လိုနည်းနဲ့မှ ဆန့်ကျင်လို့မရ၊ ဖျောက်ဖျက်လို့မရဘူးဆိုတာ မြန်မာ့သမိုင်းကရော ကမ္ဘာ့သမိုင်းကပါ ကမ္ဘာတည်သ၍ သက်သေပြနေမှာ ဖြစ်ပါတယ် ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar