Breaking News

လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၈)

လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၈)

မိုးမခ ၊ ဇွန် ၁၈ ၊ ၂၀၂၅


၁၉၉၁- ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်း

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် ပြီးချိန်မှာတော့ စတာလင်ဟာ သူ့ ပြည်တွင်းမှာသာမက၊ ကမ္ဘာကပါ အသိအမှတ်ပြု လေးစားခံ့ညားရတဲ့ ကမ္ဘာ့အဆင့်မီ ခေါင်းဆောင်တဦးအဖြစ် ကျော်ကြားလာပါတော့တယ်။ စစ်ပွဲကြီးအတွင်း ဆိုဗီယက် တပြည်လုံးက ပြည်သူတွေကို တစည်းတလုံးတည်း ဖြစ်အောင် စည်းရုံးပြီး တပ်နီတော်ကို အလွန်ခိုင်မာအားကောင်းတဲ့၊ သတ္တိအရာမှာ ပြောင်မြောက်တဲ့ တပ်တတပ်အဖြစ် တည်ဆောက်ပြီး ဗျူဟာအမျိုးမျိုးနဲ့ ဂျာမန်နာဇီများကို အနိုင်တိုက်လိုက်နိုင်တဲ့ စတာလင်ရဲ့ စွမ်းရည်ကို တကမ္ဘာလုံးက အသိအမှတ်ပြလိုက်ရပါတယ်။ 

အမေရိကန် အမှူးပြုတဲ့ မဟာမိတ်တပ်များ စစ်မျက်နှာတခုမှာ ဝင်လာပြီး (၁၉၄၄-ဇွန်လ ၆၊ နော်မန်ဒီ ကမ်းတက်တိုက်ပွဲများ) ဂျာမန်တွေကို တိုက်ခဲ့ကြတာ မှန်ပေမယ့် ဂျာမန်တွေ အဲဒီအချိန်မှာ အတော်အထိနာနေပါပြီ။ စတာလင်ရဲ့ တပ်နီတော်ကလည်း သူ့နယ်မြေများသာမှာမက အရှေ့ဥရောပနိုင်ငံအတော်များများထိ အောင်ပွဲဆက်တိုက်ရနေပါပြီ။ အဲဒီအချိန် အဲဒီအနေအထားရောက်မှ ဒီမဟာမိတ်တပ်တွေ ဝင်လာပြီး နာမည်ကောင်း ဝင်ယူကြတာပါ။

ဒါကြောင့်ပဲ အလွန်မောက်မာတဲ့ (ကွန်မြူနစ်ဆန့်ကျင်ရေး စိတ်လည်း ကြီးမားတဲ့) ဗြိတိသျှ နန်းရင်းဝန် ချာချီက ဂျာမန်နာဇီတပ်ကြီးရဲ့ ဝမ်းဗိုက်ကို အနာခံ ဖောက်ပေးတာက တပ်နီတော်ပါ။ ကျွန်တော်တို့ က ဘေးပတ်လည်ကိုသာ စားရတာပါလို့ မလွှဲမရှောင်သာ ဝန်ခံစကားပြောခဲ့ရတာပါ။

စတာလင်က သူ့ပြည်တွင်းမှာလည်း ပြည်သူတရပ်လုံးရဲ့ အသည်းနှလုံးကို ရယူထားတဲ့ ဖြစ်ရပ်တခုက ရှိနေခဲ့ပါတယ်။ 

စတာလင်ရဲ့သား ဗာစီလီဟာ တပ်နီတော်သား တဦးအဖြစ် စစ်ပွဲအစောပိုင်းကာလမှာ ဂျာမန်တို့ရဲ့သုံ့ပန်း ဖြစ်နေတာပါ။ နောက်ပိုင်း စတာလင်ဂရက် တိုက်ပွဲမှာ မိသွားတဲ့ ဂျာမန်ဗိုလ်ချုပ်ကြီးဗွန်ပေါလပ်စ်နဲ့ ဗာစီလီနဲ့ အလဲအလှယ်လုပ်ဖို့ ဂျာမန်တွေက ကမ်းလှမ်းခဲ့ပါတယ်။

စတာလင်က တပ်နီတော် တပ်သားအားလုံး ငါ့ရဲ့သားတွေပဲ။ အားလုံးထဲက တ‌ယောက်ကို ငါက ခွဲ မရွေးနိုင်ဘူးလို့ ဆိုခဲ့ပြီး ကမ်းလှမ်းချက်ကို လက်မခံခဲ့ပါဘူး။

ဒါတွေကြောင့် ပြည်သူလူထုတရပ်လုံးက စတာလင်ကို ဝိုင်းကြည်ညိုရုံမက စာနာ သနားနေကြပါတယ်။ ဒါ့အပြင် တပ်နီတော်က ဂျာမန်တွေ လက်ထဲက လွတ်မြောက်အောင် တိုက်ပေးခဲ့တဲ့ အရှေ့ဥရောပနိုင်ငံများ (ရူမေးနီးယား၊ ဘူ‌ဂေးရီးယား-စသဖြင့်) ကလည်း စတာလင်အပေါ် ကျေးဇူးရှင်အဖြစ် သဘောထားလာကြပါတယ်။

ဆိုရှယ်လစ်စနစ် တည်ဆောက်ရာမှာ လီနင်ရော၊ စတာလင်ပါ စမ်းတဝါးဝါး လုပ်ဆောင်နေကြရတာပါ။ ဆိုရှယ်လစ်စနစ်ကို တနိုင်ငံတည်းကနေ တည်ဆောက်နိုင်ပါ့မလား ဆိုတာနဲ့၊ အရင်းရှင်နိုင်ငံများက ဝိုင်းဝန်းတိုက်ဖျက်ကြမှာ ဆိုတဲ့ ပူပန်မှုတွေ ရှိနေကြတာ။ ဒါကြောင့်ပဲ သူတို့နှစ်ဦးလုံး ကိုမင်တန် ဆိုတဲ့ နိုင်ငံတကာ ကွန်မြူနစ်အင်တာနေရှင်နယ် (တတိယအင်တာနေရှင်နယ်)ကို ဖွဲ့စည်းပြီး နိုင်ငံအတော်များများဆီ တော်လှန်ရေးခေါင်းဆောင်များ လွှတ်ပြီး အဲဒီနိုင်ငံတွေမှာ အလုပ်သမားလှုပ်ရှားမှုတွေ၊ တော်လှန်ရေးတွေ ပေါ်အောင် ကြိုးစားခဲ့ပေမယ် မအောင်မြင်ခဲ့ပါဘူး။

၁၉၂၄ မှာ လီနင် ကွယ်လွန်သွားတော့ စတာလင်ဟာ ဒီဆိုရှယ်လစ်စနစ် တည်ဆောက်ရေး တာဝန်ကြီးကို တယောက်တည်း ဆက်ထမ်းဆောင်ရပါတယ်။ အဲဒီကာလ ပါတီတွင်း တိုက်ပွဲများကလည်း ပြင်းထန်၊ အရင်းရှင်နိုင်ငံများရဲ့ ဘက်စုံက (နိုင်ငံရေး၊ စီးပွားရေး) ပိတ်ဆို့မှုများအပြင် တချို့နိုင်ငံများမှာ ဖက်ဆစ်စနစ်‌ ပေါ်ထွက်လာတာတွေပါ တွေ့လာရတော့ ပါတီတွင်းမှာရာ၊ ပါတီပမှာပါ အလွန်မြင့်မားတဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကို ကျင့်သုံးရပါတော့တယ်။ ပိုင်ဆိုင်မှုစနစ်ကိုလည်း နိုင်ငံတော်ပိုင်နဲ့ အများပိုင်စနစ်ပဲထား၊ ကြားမှာ ဘာမှမရှိတော့ဘဲ၊ ပစ္စည်းမဲ့ အာဏာရှင်စနစ်ကိုသာ တောက်လျှောက် ကျင့်သုံးပါတော့တယ်။

တကယ်တော့ သွေးစုပ်မှုရှိတဲ့စနစ်ကနေ သွေးစုပ်မှုမဲ့တဲ့ စနစ်သို့ ကူးပြောင်းရာမှာ အဆင့်ဆင့်သော ကြားကာလတွေ ရှိနိုင်တယ်။ ဆိုတာကို မမြင်နိုင်ခဲ့တာပါ။ မာ့က်စ်ဝါဒ ဆိုတာ တရားသေကျင့်သုံးရင် အတွေးအခေါ်တွေဟာ မာတောင့်သွားတတ်ပါတယ်။ လက်တွေ့အချိန်ကာလ အပြောင်းအလဲများနဲ့အညီ သဘောတရားအသစ်များကို တီထွင်ဖန်တီးမှုရှိစွာ ဖော်ဆောင်ပြီး စမ်းသပ်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အဲဒီကာလတုန်းကတော့ စစ်ရေးအတွက် ပြင်ဆင်ဖို့လည်း လိုအပ်တော့ အကြီးစားစက်မှုလုပ်ငန်းတွေပဲ ဦးစားပေးပြီး လယ်ယာလုပ်ငန်းမှာလည်း အားလုံး အများပိုင်လုပ်ပစ်ခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ချက်များဟာ အစောပိုင်းမှာ တိုးတက်မှုတွေ ရှိပေမယ့်၊ ကုန်ထုတ်စွမ်းအားစုများ အဆက်မပြတ် တိုးတက်ဖို့ဆိုတာ အမြဲမပြတ် လေ့လာစူးစမ်းပြီး အမှားများကို ပြုပြင်နေဖို့ လိုအပ်ပါတယ်။ (အထူးသဖြင့် ဒုတိယကမ္ဘာစစ်အပြီးမှာ) ဗဟိုချုပ်ကိုင်မှုက သိပ်တင်းကျပ်တော့ နောက်ပိုင်း ကုန်ထုတ်စွမ်းအားစုတွေ မတိုးတက်နိုင် ဖြစ်လာပြီး စီးပွားရေးလည်း ကျလာပါတယ်။

ပါတီတွင်း ဒီမိုကရေစီလည်း အားနည်းလာလို့ ပါတီတည်ဆောက်ရေးမှာရော၊ ပါတီတွင်း ကြီးကြပ်မှုတွေမှာရော အားနည်းလာပြီး ပါတီဝင်တွေရဲ့ လုပ်ဟန်တွေ ပျက်လိုက်လာပါတယ်။ စတာလင်ကိုယ်တိုင် နောက်ပိုင်းမှာ အာဏာရှင်ဆန်တဲ့ လုပ်ဟန်တွေ ရှိလာပါတယ်။ ကေဒါမွေးမြူရေးမှာလည်း လက်သင့်ရာ စားတော်ခေါ်တဲ့ နည်းတွေဖြစ်လာတော့ ဂိုးဏ်ဂဏတွေ ဖြစ်လာ၊ ကိုယ်ကျိုးစီးပွားအဓိက ဖြစ်လာပြီး၊ အခွင့်ထူးခံ လူတန်းစားတွေ ပေါ်လာ၊ လာဘ်ယူလာဘ်စားတွေ များလာနဲ့ ပါတီရဲ့ ဂုဏ်သိက္ခာနဲ့ ဦးဆောင်မှုအခန်းလည်း ကျလာပါတော့တယ်။

ဒီအားနည်းချက်တွေဟာ စတာလင် နောက် ဆက်ခံတဲ့ ခေါင်းဆောင်အဆက်ဆက်ကလည်း မမြင်ကြ၊ မပြုပြင်နိုင်ကြတော့ဘဲ၊ ဆိုဗီယက်နိုင်ငံကြီးကိုယ်တိုင် အမေရိကန်နဲ့အပြိုင် ဗိုလ်ကျလွှမ်းမိုးရေးဝါဒဘက် ယိုင်လာပြီး အာဖဂန်ကို ဝင်တိုက်တာမှာ စစ်နွံတွင်း ကျွံပါတော့တယ်။ ဒါအပြင် အာကာသလုပ်ငန်းများနဲ့ လက်နက်ယှဉ်ပြိုင်မှုများမှာပါ အင်တိုက်အားတိုက် ပါဝင်လာလို့ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ ဆုံးရှုံးကုန်ပါတယ်။ တဖက်မှာလည်း ပြည်သူတွေရဲ့ နေထိုင်မှုဘဝတွေလဲ တိုးတက်မှုမရှိ ဖြစ်လာနေတော့ ပြည်သူတွေရော၊ ခေါင်းဆောင်တွေရော (ဂေါ်ဘာချောဗ်တို့လက်ထက်) မာ့က်စ်ဝါဒအပေါ်မှာရော၊ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုအခန်းကိုရော၊ ဆိုရှယ်လစ်စနစ်အပေါ်ရော၊ မယုံမကြည်ဖြစ်လာပြီး နောက်ဆုံးမှာတော့ ဒါတွေကို စွန့်ပယ်ပစ်လိုက်ပါတော့တယ်။

ဒါတွေဟာ ဆိုဗီယက်ပြိုကွဲရတဲ့ ပြည်တွင်းပြဿနာရပ်တွေ ဖြစ်ပြီး အဓိကလည်း ဖြစ်ပေမဲ့၊ ပြည်ပပြဿနာတွေလည်း ရှိပါသေးတယ်။

အနောက်အရင်းရှင်နိုင်ငံများရဲ့ တစတစ ပြောင်းလဲရေးပေါ်လစီ (evolution) ကလည်း နေရာတကာမှာ ဝင်တိုးလာပါတယ်။ လူတန်းစားတိုက်ပွဲကို ဘယ်တော့မှ လျှော့တွက်လို့ မရပါဘူး။ အနောက်တိုင်းတန်ဖိုးတွေ ဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရေစီတို့၊ လူ့အခွင့်အရေး စတာတွေ အပြင် စီးပွားရေးမက်လုံးအမျိုးမျိုးကလည်း ဝင်နှောက်လာတဲ့အခါ ပြိုကွဲမှုက ပိုမြန်ဆန်သွားပါတော့တယ်။ လူမျိုးစုများရဲ့ ခွဲထွက်ရေး လှုပ်ရှားမှုများကလည်း အနောက်နိုင်ငံများ အားပေးထောက်ခံမှုနဲ့ ပိုပြင်းထန်သည်းသန်လာပြီး ခွဲထွက်ကုန်ကြပါတော့တယ်။

ဒီအခြင်းအရာတွေ အားလုံး ပေါင်းစုံမိသွားတဲ့အခါ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံ ကွဲထွက်သွားပါတော့တယ်။ ဒါ့အပြင် အရှေ့ဥရောပနိုင်ငံအများအပြားလည်း အသွေးအရောင် ပြောင်းလဲသွားပြီး ကွန်မြူနစ်ပါတီတွေ အာဏာလက်လွှတ်ဆုံးရှုံးသွားပါတော့တယ်။

၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲပြီး အရှေ့ဥရောပနိုင်ငံများ အသွေးအရောင် ပြောင်းလဲမှုများဟာ ၂၀ ရာစု မာက်ဝါဒအတွက် ဒီရေနိမ့်ကြီးတရပ် ဖြစ်သွားပါတော့တယ်။

လှကျော်ဇော

၁၄-၆-၂၀၂၅။

ကိုးကား။ ရဲဘော်ဗလူ၊ ကမ္ဘာတခု-စနစ်နှစ်ခု။ ဘာသာပြန်ဆောင်းပါးများ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar