Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - မြန်မာ့လွတ်လပ်ရေး ဘာကြောင့် ဆုံးရှုံးခဲ့ရသလဲ

 မြန်မာ့လွတ်လပ်ရေး ဘာကြောင့် ဆုံးရှုံးခဲ့ရသလဲ

မျိုးသန့်ထွန်း(စစ်ကိုင်း) 

မိုးမခ ၊ ဇူလိုင် ၁၆ ၊ ၂၀၂၅

အခုတလော စာအုပ်တစ်အုပ်ဖတ်ဖြစ်တယ်။ 

စာအုပ်က ဝင်းမောင်(သမိုင်း)ရဲ့ ကျွန်တော် ပြောချင်သမျှ ကျွန်တော့်ဆရာ ဒေါက်တာသန်းထွန်းအကြောင်း ဖြစ်ပါတယ်။ ဒုတိယကြိမ်၊ ၂၀၁၅၊ ခေတ်ပြတိုက်က ထုတ်တယ်။ စာအုပ်မှာ ဆရာသန်းထွန်း ဓာတ်ပုံတွေနဲ့ ဆရာဦးအံ့မောင်၊ ဒဂုန်တာရာ စတဲ့ ဆရာကြီးတွေက ဒေါက်တာသန်းထွန်းအကြောင်းရေးထားကြပါတယ်။ 

ပြီးတော့ ဝင်းမောင်(သမိုင်း)နဲ့အတူ ဆရာနီတွတ်တို့က ဆရာကြီးအကြောင်းကို တပည့်ကောင်းပီပီ မျက်စိထဲ မြင်အောင် ရေးနိုင်စွမ်းရှိပါတယ်။ ဒီစာအုပ်နောက်ဆုံးအပိုင်းမှာ ဒေါက်တာသန်းထွန်း ရေးတယ်လို့ ယူဆရတဲ့ “မြန်မာ့လွတ်လပ်ရေး ဘာကြောင့်ဆုံးရှုံးရသလဲ” ဆိုတဲ့ မြန်မာ့ရာဇဝင်ကို ဝေဖန်သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ် ပါပါတယ်။ စာအုပ်ထဲက ဆောင်းပါးအားလုံးကောင်းပါတယ်။ ဒေါက်တာသန်းထွန်းရဲ့ ရှားပါးဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။ 

ဆရာသန်းထွန်းကသမိုင်းပညာရှင်ပီပီ မြန်မာ့သမိုင်းကို အချက်အလက်တွေနဲ့ဝေဖန်သုံးသပ်ပြသွားပါတယ်။

သိပ်ကြိုက်လွန်းလို့ ဒီဆောင်းပါးကို ဖော်ထုတ်လိုက်ပါတယ်။ လူအများ လေ့လာနိုင်ဖို့ တင်ပြလိုက်ရပါတယ်။

နယ်ချဲ့အင်္ဂလိပ်ဟာ မြန်မာနိုင်ငံကို ကျူးကျော်စစ် သုံးကြိမ် ဆင်နွှဲပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်တဲ့။

၁၈၂၄မှာ ပထမကျူးကျော်စစ် ဆင်နွှဲပြီး ၁၈၂၆ မှာ ရန္တပိုစာချုပ်နဲ့ ရခိုင်နဲ့ တနင်္လာရီကို သိမ်းပိုက်လိုက်တယ်။ ပင်လယ်ကမ်းရိုးတန်းဒေသတွေကို သိမ်းယူလိုက်လို့ ပင်လယ်ထွက်ပေါက်အနေနဲ့မြစ်ဝကျွန်းပေါ်ဒေသပဲ ကျန်တော့တယ်။ ဒီဒေသကိုလည်း ၁၈၅၂ မှာ ဒုတိယကျူးကျော်စစ် ဆင်နွဲပြီး စစ်ပြေငြိမ်းရေးစာချုပ် မချုပ်ဘဲ သိမ်းယူလိုက်လို့ မြန်မာတွေ ပင်လယ်ထွက်ပေါက် ပိတ်သွားတယ်။မြန်မာတို့ ပင်လယ်ရပ်ခြားနိုင်ငံတွေနဲ့ အဆက်အသွယ် မလုပ်နိုင်အောင် ဝန်းရံပိတ်ဆို့တာပါပဲ။ ဥရောပနိုင်ငံတွေနဲ့ အဆက်အသွယ်လုပ်မယ်ဆိုရင် အင်္ဂလိပ်ပိုင်နက် အောက်မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီးမှ ဆက်သွယ်နိုင်မှာဖြစ်လို့ အင်္ဂလိပ်ရဲ့ ခွင့်ပြုချက်ရမှ ဆက်သွယ်နိုင်ပါတော့တယ်။ ၁၈၈၅ နိုဝင်ဘာ၂၈ ရောက်တော့ တတိယကျူးကျော်စစ် ဆင်နွှဲပြီး သီပေါမင်းနဲ့ မိဖုရားကို ဖမ်းပြီး အိန္ဒိယတောင်ပိုင်း ရတနာဂီရိကို ပို့လိုက်တယ်။ ၁၈၈၆ ဇန်နဝါရီ ၁ ရက်နေ့မှာ မြန်မာနိုင်ငံဟာ ဗြိတိသျှအင်ပါယာထဲက ပြည်နယ်တစ်ခုအဖြစ် ကြေညာတယ်။ ဒီလိုနဲ့ မြန်မာ့လွတ်လပ်ရေး ဆုံးရှုံးပါတော့တယ်။

မြန်မာလွတ်လပ်ရေး ဆုံးရှုံးရခြင်းကို ဆရာက တရားခံ ဘယ်သူလဲ ဆိုတာ အခြေခံကျကျ ထောက်ပြပါတယ်။

မြန်မာ လွတ်လပ်ရေးဆုံးရှုံးရတာနဲ့ပတ်သက်လို့ တရားခံ ဘယ်သူလဲ ဆိုတာကို အမျိုးမျိုး လက်ညှိုးထိုး စွပ်စွဲကြတယ်။ တချို့ကလည်း သီပေါမင်း ညံ့ဖျင်းလို့၊ ဘာမှ မသိနားမလည်းတဲ့ မိဖုရား စုဖုရားလတ် နိုင်ငံရေး၊ အုပ်ချုပ်ရေးတွေမှာ ဝင်ရောက်စွက်ဖက်ကြိုးကိုင်လို့ လွတ်လပ်ရေး ဆုံးရှုံးရတယ်လို့ စွပ်စွဲတယ်။ တချို့ကလည်း စစ်လိုလားတဲ့ တိုင်တားမင်းကြီး ခေါင်းဆောင်တဲ့ အုပ်စုနဲ့ စစ်မလိုလားတဲ့ ကင်းဝန်မင်းကြီး ခေါင်းဆောင်တဲ့ အုပ်စုတို့ ဂိုဏ်းကွဲလို့၊ ဆုံးရှုံးရတယ်လို့ လက်ညှိုးထိုးပြကြတယ်။တချို့ကျတော့ “ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်”လို့ ဆိုပြီး နယ်ချဲ့အင်္ဂလိပ်က ကင်းဝန်မင်းကြီးကို လိမ်လည် လှည့်ဖြားပြီး သိမ်းပိုက်လို့ ကုန်းဘောင်မင်းဆက် ပျက်သုဉ်းရတယ်လို့ ဦးကောင်းကို အပြစ်ပုံချကြပြန်တယ်။

အမှန်တော့ ဒီစွပ်စွဲ အပြစ်ပုံချနေကြတာတွေက သာမန်အကြောင်းအချက်တွေသာ ဖြစ်တယ်။အခြေခံအကြောင်းအချက်က အလောင်းမင်းတရား (၁၇၅၂-၆၀) ကုန်းဘောင်မင်းဆက်ကို စတင်ထူထောင်ကတည်းက သန္ဓေမျိုးစေ့တည်ခဲ့ပြီး ဖြစ်တယ်။ 

တတိယမြန်မာနိုင်ငံကို ထူထောင်တဲ့အလောင်းမင်းတရားရဲ့ စည်းရုံးရေးက ပဒေသရာဇ်စည်းရုံးရေး ဖြစ်တယ်။ စစ်ရေးနဲ့ စည်းရုံးတာ၊စစ်တိုက်သိမ်းသွင်းတာ။ အလောင်းမင်းတရားဟာ စစ်ရေးမှာ အောင်မြင်ပါတယ်။ ဒါပေမဲ့ နိုင်ငံပြုမင်း မဟုတ်။ နိုင်ငံပြုပုဂ္ဂိုလ်အနေနဲ့ မအောင်မြင်။ ကုန်းဘောင်မင်းဆက် အထွတ်အထိပ်ရောက်တဲ့ကာလ ဗဒုံမင်း (၁၇၈၁-၁၈၁၉) လက်ထက်မှာတောင် အဖျက်မျိုးစေ့က အပင်ပေါက် ကြီးထွားလာပြီဖြစ်ပါတယ်။

“ဒီလိုဆိုရင် အဲဒီအဖျက်မျိုးစေ့တွေက ဘာတွေလဲ။ တိုတိုပြောရရင်တော့ပဒေသရာဇ်စနစ်ပါပဲ။”

ဒါကို ဆရာက တိုင်းပြည်ကို ဖျက်ဆီးပစ်တဲ့ဟာက ပဒေသရာစနစ်လို့ ထောက်ပြပါတယ်။ ယနေ့မှာတော့မြန်မာပြည်ကို ဖျက်ဆီးပစ်တဲ့ မျိုးစေ့ဟာ ပဒေသရာဇ်စနစ်ကို ဆက်ခံတဲ့ အာဏာရှင်စနစ်ပဲဖြစ်ပါတယ်။ ဆရာက မြန်မာရာဇဝင်ကို အချက်အလက်နဲ့ သုံးသပ်ထောက်ပြသွားပါတယ်။

ပထမအချက်က ဘုရင်က မိုးကောင်းကင်နဲ့ မြေကြီးအကြားမှာရှိတဲ့ အသက်ရှိ သက်မဲ့အရာအားလုံးကို ပိုင်ဆိုင်တယ်။ အချုပ်အခြာအာဏာပိုင် ဖြစ်တယ်။ သက်ဦးဆံပိုင် ဖြစ်တယ်။ ဘုရင်အာဏာကို ထိန်းချုပ်တဲ့ ဥပဒေတို့၊ အင်စတီကျူးရှင်းတို့ ဘာမှမရှိ။ အစဉ်အလာ ထိန်းကျောင်းပေးတဲ့ မင်းကျင့်တရား ၁၀ ပါးတို့၊ အပရိဟာနိယတရား ၇ ပါးတို့၊ နာယကဂုဏ် ၆ ပါးတို့ ဆိုတာတွေတော့ ရှိတယ်။ ဒါတွေကို ဘုရင်က မလိုက်နာ မကျင့်သုံးဘူးဆိုရင် ဘယ်သူက ဘာမှမတတ်နိုင်။လွှတ်တော် ဆိုတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ ဒီလွှတ်တော်ကလည်း ဆင်းရဲသားပြည်သူတွေအတွက်မဟုတ်။ ဥရောပနိုင်ငံတွေက ပါလီမန်တွေလို မဟုတ်။ ဘုရင်ရဲ့ နှုတ်ထွက်စကားကို မမှိတ်မသုန်နာခံမှတ်သားပြီး အမိန့်တော်အဖြစ်၊ ဥပဒေအဖြစ် ထုတ်ပြန်ပြဋ္ဌာန်းပေးရတဲ့ လွှတ်တော် ဖြစ်တယ်။တစ်နည်းပြောရရင် ဘုရင်ဖြစ်ချင်တာတွေကို ဖြစ်အောင် လုပ်ပေးရတဲ့ လွှတ်တော်  ဖြစ်တယ်။ 

ဒုတိယချက်ကနိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတတ်ဖို့ အင်းအားတောင့်တင်းဖို့ဆိုရင် လူလတ်တန်းစားအင်းအားကောင်းဖို့ လိုတယ်။ လူလတ်တန်းစားက နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စတာတွေရဲ့မောင်းနှင်းအား ဖြစ်တယ်။ မြန်မာ့ပဒေသရာဇ် လူ့အဖွဲ့စည်းမှာ လူလတ်တန်းစားရယ်လို့ ထင်ထင်ရှားရှား မရှိ။ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတတ်ရေးအတွက် လူလတ်တန်းစားဟာ မီးရထားခေါင်းတွဲကြီး ဖြစ်တယ်။ မြန်မာမှာ အမျိုးသားစီးပွားရေး အကောင်အထည်ဖော် တည်ဆောက်မယ့် လူလတ်တန်းစား မရှိ။ ဘုရင်က အထူးအခွင့်ရေးတွေပေးပြီး သူကောင်းပြုထားတဲ့ ချမ်းသာကြွယ်ဝတဲ့သူတော့ ရှိတယ်။ သူတို့ကို “သူဌေး”ဘွဲ့ ပေးထားတယ်။ များများစားစား မရှိ။ လက်ချိုးရေတွက်လို့ ရတယ်။သူတို့က လူလတ်တန်းစား မဟုတ်ဘူး။ ဘုရင့်အစိုးရရဲ့ လက်ဝေခံတွေ၊ အခွင့်အထူးခံတွေ။ 

ဥရောပမှာ ၁၂ ရာစုနှစ် ကုန်သွယ်မှု ထွန်းကားလာတာနဲ့အတူ လူလတ်တန်းစားတွေ ပေါ်ပေါက်လာပြီ။ ၁၅ ရာစုရောက်တော့ အင်းအားကြီးမားလာတယ်။ ၁၇ ရာစုနှစ်ရောက်တော့ ဘူဇွာဒီမိုကရေစီတော်လှန်ရေးတွေကို ဦးဆောင်ဆင်နွှဲကြတာပဲ။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ၁၉ ရာစုနှစ်ကုန်တဲ့အထိ လူလတ်တန်းစားရယ်လို့ ပေါ်ပေါ်လွင်လွင် မရှိ။ထင်ထင်ရှားရှား မရှိ။ ပဒေသရာဇ်စီးပွားရေးသာ ဖြစ်တယ်။

တတိယအချက်က မြန်မာဘုရင်စနစ်မှာ ထီးနန်းဆက်ခံရေးနဲ့ပတ်သက်လို့ စည်းမျဉ်းဥပဒေ သတ်သတ်မရှိ။ ရှင်ဘုရင်ဖြစ်ဖို့ဆိုရင် နည်းလမ်းနှစ်ခု ရှိတယ်။

ပထမနည်းလမ်းက မျိုးဆက်အရ ဆက်ခံခွင့် ရှိတယ်။ ဘုရင့်သားတော်၊ ညီတော် စသဖြင့်….။ 

ဒုတိယနည်းလမ်းက စစ်အောင်တဲ့သူ အုပ်စိုးခွင့်ရှိတယ်။ ဘုရင် သတ်နိုင်ရင် ဘုရင်ဖြစ်တယ်လို့လည်း အယူအစွဲရှိတယ်။ (ယနေ့အထိ ကျင့်သုံးနေကြတယ်) ဘုရင်ဖြစ်ဖို့ သေချာတဲ့ နည်းလမ်းက စစ်အောင်နိုင်တဲ့နည်းပဲ။

ပထမနည်းက မသေချာတာ မဟုတ်။ ဘာပြုလို့လဲဆိုတော့ မြန်မာဘုရင်နဲ့ ဘုရင့်ဆွေတော်မျိုးတော်တွေက မယားတွေ မှိုလိုပေါက်အောင် ယူကြတယ်။ သားသမီးတွေ အများကြီး မွေးတယ်။

မင်းဆွေမင်းမျိုးတွေရဲ့ မိသားစုစနစ်တွေက လျော့ရိလျော့ရဲဖြစ်တယ်။ သဘောက မင်းဆွေမင်းမျိုးတွေကြားမှာ ခိုင်မာတဲ့ မိသားစုအနှောင်အဖွဲ့ မရှိဘူး။

ဘုရင် နတ်ရွာစံရင် သားတော်ကြီးက ထီးနန်းဆက်ခံရတယ် ဆိုတာမျိုး မဟုတ်။အလောင်းမင်းတရား က သူ့သားတော်အားလုံးကို တစ်ယောက်ပြီး တစ်ယောက် ကြီးစဉ်ငယ်လိုက် ထီးနန်းဆက်ခံဖို့ မိန့်မှာထားခဲ့တယ်။ ပထမဆုံး တပယင်း(ဒီပဲယင်း)မင်း ဆက်ခံတယ်။ နောက် မြေဒူးမင်း ဆက်ခံတယ်။ မြေဒူးမင်းကျတော့ အလောင်းမင်းတရားရဲ့ မိန့်မှာချက်ကို ဖောက်ဖျက်ပြီး သူ့သား စဉ့်ကူးမင်းကို ထီးနန်းပေးတယ်။ တပယင်းမင်းသားရဲ့သား ဖောင်းကားစားမောင်မောင်က စဉ့်ကူးမင်းကို လုပ်ကြံပြီး ခုနစ်ရက် နန်းစံတယ်။ နောက်အလောင်းမင်းတရားရဲ့ တတိယသား ဗဒုံမင်းကဖောင်းကားစားကို လုပ်ကြံကြီး ထီးနန်းဆက်ခံတယ်။

ဗဒုံမင်းကလည်း သူ့ညီကို ထီးနန်းမပေးဘဲ မြေးတော် စစ်ကိုင်းမင်းကို ထီးနန်းပေးပြန်တယ်။

နောက်တစ်ခါ စစ်ကိုင်းမင်းရဲ့ ညီ သာယာဝတီမင်းက ပုန်ကန်ပြီး ထီးနန်းသိမ်းပြန်တယ်။

သာယာဝတီမင်းက သူ့သား ပုဂံမင်းကို ဆက်ခံခွင့်ပေတယ်။ ပုဂံမင်းကို ညီတော် မင်းတုန်းမင်းကပုန်ကန်ပြီး ထီးနန်းသိမ်းပြန်တယ်။ 

မင်းတုန်းမင်းက သူ့ညီ ကနောင်မင်းသားကို အိမ်ရှေ့နေရာ ပေးတယ်။ မကျေနပ်တဲ့ မင်းတုန်းမင်းရဲ့သားတွေ ဖြစ်တဲ့ မြင်းကွန်း၊ မြင်းခုံတိုင်မင်းသားတွေက အိမ်ရှေ့စံ ကနောင်မင်းသားကို လုပ်ကြံပြီး အရေးနိမ့်လို့ အင်္ဂလိပ်ပိုင်နက်အောက်မြန်မာနိုင်ငံကို ထွက်ပြေးတယ်။ ကနောင်ရဲ့သား ပတိမ်းမင်းသားက ပုန်ကန်တယ်။ အရေးနိမ့်ပြီးကွပ်မျက်ခံရတယ်။

နောက်တော့ ဘယ်သူမှ အိမ်ရှေ့အရာ မပေးတော့ဘူး။ မင်းတုန်းမင်း နာမကျန်းဖြစ်ပြီး နတ်ရွာစံခါနီးတော့ ဆင်ဖြူမရှင် မိဖုရားခေါငိးကြီးနဲ့ အပေါင်းအပါတွေကမင်းညီမင်းသားတွေ အစုလိုက်အပြုံလိုက် သတ်ပြီး သီပေါမင်းကို နန်းပေးလိုက်ကြတယ်။

ဒီတော့ မင်းသစ်တစ်ပါး နန်းသိမ်းပွဲဖြစ်ပေါ်တိုင်း စစ်ပြုတိုက်ခိုက်မှုတွေ၊ လုပ်ကြံမှုတွေ၊ သတ်ဖြတ်မှုတွေကို ဝမ်းနည်းဖွယ် တွေ့ကြုံကြရတယ်။

ဘုရင် သတ်ရင် ဘုရင် ဖြစ်တယ်။ ရက်စက်မှ မင်းဖြစ်တယ်ဆိုတဲ့ အယူအစွဲ ပြင်းထန်တော့ ထီးနန်းကို သိမ်းပိုက်နိုင်ဖို့ရက်ရက်စက်စက် သတ်ကြ ဖြတ်ကြတာပါပဲ။ဒ ါကြောင့် မင်းညီမင်းသားတွေ မကြာခဏ သူပုန်ထပြီး ထီးရေးနန်းရေး ပေါ်လာတဲ့အခါတိုင်း မင်းဆွေမင်းမျိုး လူသတ်ပွဲတွေ၊ သွေးထွက်သံယိုမှုကြီးတွေဖြစ်ပွားပြီး မြန်မာ့ရာဇဝင်မှာ ဖျက်မရတဲ့ အမည်းကွက်ကြီးတွေ ထင်ထင်ရှားရှား တွေ့မြင်ကြရတယ်။

*စတုတ္ထအချက်က မြန်မာဘုရင်စနစ်မှာ အစိုးရဖွဲ့စည်းပုံ မရှိဘူး။ ရာဇဌာနီအုပ်ချုပ်ရေးနဲ့ အဝေးမြို့/ကျေးလက် အုပ်ချုပ်ရေး ဆိုပြီး ခွဲခြားထားတယ်။ ဘုရင့်ပေါ်မှာ သစ္စာစောင့်သိရိုသေမယ်၊ တွင်ကုန်အောင် အမှုထမ်းမယ်ဆိုရင် ရာထူးပေးလိုက်တာပဲ။ ပြီးတော့ မင်းမှုထမ်းတွေဟာ အဆင့်ဆင့်သောပဒေသရာဇ်တွေရဲ့ လူယုံတော်တွေပဲ။ မင်းလိုလိုက် မင်းကြိုက်ခစား ထမ်းရွက်ကြရတာ။ လက်သင့်ရာ စားတော်ခေါ်ကြတာ။ လစာပေးတဲ့စနစ် မရှိ။ မင်းတုန်းမင်းလက်ထက်မှာ လစာပေးတဲ့စနစ် ကျင့်သုံးတယ်။ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ဘူး။ ပီပီပြင်ပြင် မရှိ။ 

ဒါကြောင့် လာဘ်ပေးလာဘ်ယူမူ သိပ်ကြီးကျယ်တယ်။ အကျင့်ပျက် ခြစားမှုတွေ ကြီးမားတယ်။ ပြီးတော့ ကန်တော့လက်ဆောင်နဲ့ လာဘ်ကွဲပြားမှု မရှိ။ ခွဲခြားလို့ မရအောင် ရောထွေးနေတယ်။ ဘုရင့်အစိုးရအဖွဲ့ဟာ ခြပုန်းဗရပွတွေနဲ့ ပျက်စီးယိုယွင်းနေတဲ့ အိမ်အိုအိမ်ဟောင်းကြီးနဲ့ တူနေတယ်။

ပဥ္စမအချက်က မြန်မာမင်းတွေက စိတ်ကြီးဝင် မောက်မာပြီး နိုင်ငံခြားသားနဲ့ အဆက်အသွယ် မလုပ်ဘူး။ နိုင်ငံခြား ဆက်ဆံရေးကို မျက်ကွယ်ပြုထားကြတယ်။ နိုင်ငံခြားတွေဟာ အရိုင်းအစိုင်းတွေ ဖြစ်တယ်။ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်တယ်လို့ အယူအစွဲကြီးတယ်။ ဖြစ်နိုင်ရင် မဆက်ဆံချင်ဘူး။ မလွှဲမရှောင်သာ ဆက်ဆံရမယ်ဆိုရင်လည်း အဖက်မတန်သလို ဆက်ဆံတယ်။ ကျေးတော်မျိုး၊ ကျွန်တော်မျိုးလို ဆက်ဆံတယ်။ ဒီလို အယူအစွဲကြီးပြီး နိုင်ငံခြားနဲ့ အဆက်အသွယ်မလုပ်တဲ့အခါကျတော့ နိုင်ငံတကာမှာ ဘာတွေ ဖြစ်နေတယ်၊ဘယ်လို လုပ်နေတယ်၊ ဘယ်လို ပြောင်းလဲနေတယ် ဆိုတာ မြန်မာမင်းတွေ မသိ နားမလည်။ မဏိပူရအာသံလို ယိုးဒယားဇင်းမယ်လို ဘာမှ အင်အားမရှိတဲ့ နယ်မြေလေးတွေကို ကျူးကျော်တိုက်ခိုက်အနိုင်ယူ သိမ်းသွင်းနိုင်တာကိုပဲ ဘဝင်ကိုင်နေတယ်။ မာန်မာနကြီးနေတယ်။ မောက်မာနေတယ်။

ဥရောပမှာ ၁၅ ရာစုနှစ်ကတည်းက အမျိုးသားနိုင်ငံတွေ ဖြစ်ပေါ်နေပြီ။ 

အဲဒီအချိန်မှာ မြန်မာမင်းတွေက ပဒေသရာဇ်စစ်ပွဲ အချင်းချင်း ဆင်နွှဲလို့ ကောင်းတုန်း။၁၈ ရာစုနှစ်မှာ စက်မှုတော်လှန်ရေးကြီး ဥရောပမှာ ဖြစ်နေပြီ။ မြန်မာမင်းတွေက ပဒေသရာဇ်စစ်ပွဲမှာ တိုက်နေဆဲ။ အရင်းရှင်စနစ် ဆိုတာလည်း မသိ။ စက်မှုတော်လှန်ရေး ဆိုတာလည်း မသိ။ နောင်တစ်ချိန် နယ်ချဲ့အင်္ဓလိပ်ဟာ မြန်မာရဲ့အနီးကပ်ဆုံး ရန်သူ ဖြစ်လာတယ် ဆိုတာလည်း မသိ။ ဘာမှကြိုတင်ပြင်ဆင်ထားမှုလည်း မရှိ။အင်္ဂလိပ်က ဥရောပနဲ့ အမေရိကမှာ ပြင်သစ်နဲ့ ခုနစ်နှစ်ကြာ စစ်ပွဲ၊ နပိုလီယန်စစ်ပွဲတွေနဲ့ အလုပ်ရှုပ်နေလို့ မြန်မာဘက် ခြေဦးမလှည့်နိုင်သေးတာ ဆိုတာကိုလည်း နားမလည်။ အနီးအနားဝန်းကျင် နယ်မြေလေး သိမ်းပိုက်စိုးမိုးထားနိုင်တာကိုပဲ သွေးနားထင်ရောက်နေတယ်။ နွားခြေရာခွက်ထဲက ဖားသူငယ်လိုပါပဲ။

ပြီးတော့ နိုင်ငံခြားဆက်ဆံရေးကို မျက်နှာလွှဲခဲပစ်လုပ်တာနဲ့အတူ နိုင်ငံခြားကုန်သွယ်မှုရဲ့ အကျိုးသက်ရောက်မှုကိုလည်း မသိ၊ ဥရောပနိုင်ငံတွေက ဆန်စပါး၊ ကျွန်းသစ်၊ ရေနံ၊ ဝါ၊ကျောက်မျက်ရတနာ စတာတွေကို ဝယ်လိုကြတယ်။ ဘုရင်က ဘုန်းတော် (Royal Monopoly) ဆိုပြီး လက်ဝါးကြီးအုပ်ထားတယ်။ နိုင်ငံခြားနဲ့ အဆက်အသွယ်လုပ်မယ်၊ နိုင်ငံခြားကုန်သွယ်မှုနဲ့ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတတ်အောင်ကြိုးပမ်းမယ်လို့ ဆိုရင် မင်းနေပြည်တော်ကို ရန်ကုန်၊ သန်လျင်လိုနေရာမျိုးမှာ တည်ထောင်သင့်တယ်။ ဘုရင့်နောင် ခေါ် ဆင်ဖြူများရှင်လက်ထက် ဟံသာဝတီကလွဲလို့ မည်သည့်မြန်မာမင်းမှအောက်မြန်မာနိုင်ငံမှာ မင်းနေပြည်တော် မတည်ထောင်ပါ။ နိုင်ငံခြားသားတွေနဲ့ ကင်းကင်းဝေးဝေးနေရတာ လုံခြုံတယ် ဆိုတဲ့ သီးခြားနေရေးဝါဒ (Policy of Isolation) ကို ကျင့်သုံးကြတာပါပဲ။

ဆရာက ရှေးမြန်မာမင်းတွေရဲ့ စစ်တပ်ကို အမှန်အတိုင်း အားမနားတမ်း ဝေဖန်ပြပါတယ်။

ဆဋ္ဌမချက်က မြန်မာမင်းတွေရဲ့ စစ်အင်းအားဟာ ပဒေသရာဇ်ပုံစံတိုင်း ဖွဲ့စည်းထားတာပါပဲ။ အမြဲတမ်းစစ်တပ် (Standard Army) မရှိ။ ၁၈၇၉ လောက်က အမြဲတမ်း စစ်တပ် ထူထောင်ဖို့ ကြိုးစားကြည့်တယ်။ ဘုရင့်ထီးနန်းလုံခြုံရေးကိုပဲ အဓိကထားတယ်။ နိုင်ငံတော်ကာကွယ်ဖို့၊ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ မဟုတ်၊ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ နေနေသာသာ ပြည်သူကို ညှဉ်းပန်းနှိပ်ကွပ်သေးတယ်။ စစ်တိုက်ဖို့ အရေးပေါ်ရင် နယ်ပယ်အသီးသီးက လူတွေကို ဆင့်ခေါ်ပြီးတိုက်ခိုင်းတယ်။ အရေးပေါ်မှ လူစုတိုက်တဲ့ (Levy System) ဖြစ်တယ်။ အရေးပေါ်ကာလမှာ အိမ်ခြေစာရင်းအရ စစ်မှုထမ်း သတ်မှတ်ပြီး နယ်စားပယ်စားတွေဆီ ဘုရင့်လွှတ်တော်က အမိန့်ထုတ်ဆင့်ခေါ်တယ်။ တစ်အိမ်ကို အနည်းဆုံး နှစ်ဦး စေလွှတ်ရတယ်။ ကိုယ့်မှာရှိတဲ့ ဓား၊ လှံ၊ လေး စတာတွေယူဆောင်သွားကြရတာပါပဲ။

စစ်သားဦးရေ များပေမဲ့ တကယ်တမ်း မြန်မာစစ်အင်အားက ၆၀,၀၀၀ လောက် ရှိတယ်။ လက်နက်ခဲယမ်းမီးကျောက်ကလည်း မပြည့်စုံပါဘူး။ မြန်မာစစ်တပ်မှာ တစ်လုံးထိုးသေနတ် ၂၀,၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ စစ်သား သုံးဦးမှာ သေနတ်တစ်လက်။ ဒါကြောင့် မြန်မာစစ်တပ်ဟာ ပဒေသရာဇ်ပုံစံအတိုင်း ဖွဲ့စည်းထားတယ်။ အင်အားမရှိဘူး။ ကြောက်စရာ မလိုဘူး။ မြန်မာနိုင်ငံမှာ ကြောက်စရာဆိုလို့ ငှက်ဖျားပဲ ရှိတယ်လို့ အင်္ဂလိပ်သံကိုယ်စားလှယ် ကပ္ပတိန်ကောက်က မှတ်တမ်းရေးဖူးတယ်။ ဒါပေမဲ့ မြန်မာတွေရဲ့သတ္တိကိုတော့ အင်္ဂလိပ်စစ်ဗိုလ်တွေက ချီးကျူးကြပါတယ်။ သေနတ်ကို မကြောက်။ သေရဲတယ် သေရဲလို့ပါ။

ဆရာဒေါက်တာသန်းထွန်းဟာ မြန်မာတွေရဲ့ ဘာသာရေး ယုံကြည်မှုကို ဒီလို ထောက်ပြပါတယ်။

နောက်ဆုံးတစ်ချက်က မြန်မာတွေဟာ သာသနာရေးကို သိပ်စိတ်ထက်သန်တယ်။ မြန်မာမင်းတွေက ပြည်သူတွေရဲ့ သာသာနာရေးစိတ် ထက်သန်မှုကို အသုံးချတယ်။ သာသနာ့ဒါယကာအဖြစ် ခံယူတယ်။ သာသနာရေးကို စည်းရုံးရေးလက်နက်အဖြစ် နိုင်ငံရေးမှာ အသုံးချတယ်။ နိုင်ငံခြားသားတွေကို မိစ္ဆာဒိဋ္ဌိလို့ ဝါဒဖြန့်တယ်။အဲဒီ သာသနာရေး အလွန်အမင်း စိတ်ထက်သန်မှုကလည်း လမ်းလွဲကို ရောက်စေတယ်။ အုပ်စိုးသူတွေက မေတ္တာတရားတို့၊ သနားကြင်နာမှုတို့ကို အလေးမထားဘူး။ 

သာမန်ပြည်သူတွေကတော့ ဗုဒ္ဓဝါဒ အစစ်အမှန်ထက် မိရိုးဖလာကိုပဲ ပိုပြီးအလေးကဲတယ်။ ဘာသာရေး ပွဲလမ်းသဘင်တွေကိုပဲ ပိုပြီးစိတ်ဝင်စားကြတယ်။ ပြီးတော့ ပဒေသရာဇ်စနစ်မှာ အခု ကျွန်တော်တို့ နားလည်ထားကြတဲ့ အမျိုးသားရေးစိတ်မျိုး မရှိနိုင်ဘူး။ အမျိုးသားရေးထက် လူမျိုးရေးစိတ်ဓာတ်က လွန်ကဲနေတယ်။ ဒါကြောင့် မြန်မာတွေဟာ နိုင်ငံရေးအသိ မရှိသေးဘူး။ကျေးတော်မျိုး ကျွန်တော်မျိုးစိတ်ပဲ ရှိတယ်။ 

ဘုရင်ဖြစ်သူမှာလည်း “ထီးနန်း၊ အသက်၊ စည်းသိမ်၊ အိုးအိမ်မပျက်” နေရရင် ကျေနပ်တာပါပဲ။ ပြည်သူအခွင့်ရေးတို့၊ ပြည်သူ့လွတ်လပ်ရေးတို့ ဆိုတာတွေကို သိလည်း မသိ၊ နားလည်း မလည်၊ အလေးလည်း မထား။

ဒီလိုအခြေအနေမှာ ရန်သူနယ်ချဲ့အင်္ဂလိပ်နဲ့ ရင်ဆိုင်ရတဲ့အခါ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၃၀ ကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ အလောင်းမင်းတရားရဲ့ကုန်းဘောင်မင်းဆက်ဟာ ကျဆုံးသွားရတာပါပဲ။

အချုပ်ကတော့ အရင်းရှင်စနစ်ရဲ့ ခရီးစဉ်မှာ နောက်ဆုံးအဆင့်ဖြစ်တဲ့ နယ်ချဲ့ အရင်းရှင်စနစ်နဲ့ပျက်စီးယိုယွင်းနေတဲ့ ပဒေသရာဇ်စနစ်တို့ အားပြိုင်ရာမှာ နယ်ချဲ့အရင်းရှင်စနစ်က အောင်ပွဲခံသွားတာပါပဲလို့ ဆရာက ထောက်ပြဝေဖန်သွားပါတယ်။ ဒါတွေအားလုံး ရဲ့တရာခံက ပဒေသရာဇ်စနစ်နဲ့ထင်ရာစိုင်း အုပ်ချုပ်ရေးစနစ် ဆိုတာ ရှင်းလင်းသွားစေပါတယ်။ ၂၁ ရာစုမှာတော့ ပဒေသရာဇ်စနစ်ကို ဆက်ခံတဲ့ အာဏာရှင်စနစ်ဟာ ခေါင်းထောင်လာပါတယ်။ ထိုအာဏာရှင်စနစ် လွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကို ဆန့်ကျင်တိုက်ခိုက်လာပါတယ်။ 

ဒီအာဏာရှင်စနစ်ဆိုးကြီးကမ္ဘာပေါ်မှာ ပပျောက်သွားဖို့လူထုအားနဲ့ကြိုးစားဖို့လိုပါတယ်။ ဒါကြောင့် ပြည်ဖျက် စစ်အာဏာရှင်ကို အမြစ်ပါမကျန်ဒို့တော်လှန်ကြပါစို့လို့တိုက်တွန်းလိုက်ရပါတယ်။

 မျိုးသန့်ထွန်း(စစ်ကိုင်း)

၁-၇-၂၀၂၅။

*ကိုးကား။

“ကျွန်တော် ပြောချင်သမျှ ကျွန်တော့်ဆရာ ဒေါက်တာသန်းထွန်အကြောင်း”၊ ဝင်းမောင်(သမိုင်း)နှင့်အခြား၊ ခေတ်ပြတိုက်စာပေ၊ ၂၀၁၅၊ ရန်ကုန်။

စာ-၂၀၉-၂၁၅။ ဓာတ်ပုံများ။ (ဆရာဒေါက်တာသန်းထွန်းဓာတ်ပုံကို လိုအပ်ရင် သုံးခွင့်ပြုပါ)

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar