Breaking News

ရှင်ရဲထွဋ် - အလေးပြုခြင်းအစီအစဉ်

 
Art Credit
 
အလေးပြုခြင်းအစီအစဉ်
ရှင်ရဲထွဋ်
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၅


တစ်အိမ်တက်ဆင်းလျှောက်ပြောနေရင် 
အချစ်ပေါ့ပြန်ရော့မယ်။ 

"ကြည်
ပဲပြုတ်နဲ့နံပြားရရင်စားချင်တယ်" ဆိုတဲ့
နှစ်ကိုယ်ကြားလေး။

မိုးလင်းပေါက်ကပြမယ့် "တစ်ကိုင်းတည်းနား" ဇာတ်ထုတ်မှာ
ရုံဝင်ခက ဖြူစင်ခြင်းပဲ။ 

ကျင့်တဲ့တရားနဲ့ပဲပြန်သီထားတဲ့ကိုယ်ချင်းစာစိတ်ကို
ဘယ်ဓာတ်ဆင်ဓာတ်ရိုက်နဲ့
ခြေ ထိုးခံမလဲ။ 
"ရော့အနွေးထည်
မင်းချမ်းနေတာငါနဲ့လည်းဆိုင်တယ်"။

ယုတ်မာခြင်းမှာ  နားရက်မရှိဘူး။ 
ရိုးသားခြင်းဂုဏ်သိက္ခာကသာ
ဇွတ်တရွတ်ဖြောင့်ယူရတဲ့သန်မာခြင်း။
"ခင်ဗျားပေးခဲ့တဲ့ရွှေဒင်္ဂါးတွေ ဖ ဆ ပ လ ကို
ကျုပ်အကုန်လှူလိုက်ပြီ"။

အသက်ဘယ်နှစ်ချောင်းလောက်လက်တည့်စမ်းမှ
လွတ်လပ်ရေးကရမှာလဲ။ 
ကျည်ဆံဘယ်နှစ်တောင့်ကုန်မှ
မြန်မာပြည်လွတ်လပ်မှာလဲ။
ရော့
ဟောဒီမှာရင်ဘတ်၊
"သတ်ရဲတာသတ္တိမဟုတ်ဘူး
သေရဲတာကမှသတ္တိ။

သန်းခြောက်ဆယ်လုံးဒေါင်းလုပ်ဆွဲထားတဲ့
အပလီကေးရှင်းအမည်က 
အာဇာနည်။


 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar