Breaking News

ယောဒေသက PDF အချင်းချင်း တိုက်ခိုက်မှုဖြစ်ပွား

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၇ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၂၅

ယောဒေသက PDF အချင်းချင်း တိုက်ခိုက်မှုဖြစ်ပွား 

မြန်မာနိုင်ငံ မကွေးတိုင်းမြောက်ဘက် ထီးလင်းမြို့နယ်ထဲမှာ ဇူလိုင် ၁၅ ရက်နေ့က Generation Z Army လို့ အမည်ပေးထားတဲ့ PDF တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဆိုသူအပါအဝင် တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးမဟုတ်တဲ့ အခြားသော လက်နက်ကိုင်ဆောင်ထားသူတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်တရပ် ဖြစ်ပွားခဲ့ပါတယ်။ 

GZA လက်နက်ကိုင် အဖွဲ့က စစ်ဦးစီးချုပ် တာဝန်ယူထားသူ ကိုမျိုးထက်အောင်၊ ဗဟိုစစ်ရုံးချုပ် ကိုယ်ရေးအရာရှိနဲ့ တပ်ရင်းမှူးတဦး ဆေးသူနာပြု ၂ ဦးနဲ့ YDF လို့ ခေါ်တဲ့ ယောကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင် ၂ ဦးတို့ ထီးလင်းမြို့နယ် ကန်စွန်းထောင့်ရွာနဲ့ ယင်းမာကျေးရွာအကြားမှာ အခြားလက်နက်ကိုင်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ကြတာလို့ သိရပြီး အချို့  ပြင်းထန်တဲ့ ဒဏ်ရာရရှိပြီး အချို့က ဖမ်းဆီးခံထားရတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မေလက YDF တပ်ရဲ့ အချုပ်ထဲမှာ ချုပ်နှောင်ထားတဲ့ YDF တပ်ဖွဲ့ဝင်တချို့  ထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ အဖြစ်အပျက် တခုအဖြစ် သတင်းဖေါ်ပြချက် တချို့မှာရေးသားထားကြပါတယ်။ ဘယ်လို အကြောင်းကြောင့်ဖြစ်ပျက်ရသလဲ၊ ဘယ်အဖွဲ့တွေ ပါဝင်သလဲဆိုတဲ့ အထိ အသေးစိတ် အချက်အလက်တွေ ရှင်းလင်းစွာ မသိရှိကြသေးသော်လည်း ပြီးခဲ့တဲ့ မေလက YDF ယောကာကွယ်ရေး တပ် အချုပ်မှ ထွက်ပြေးသွားတဲ့ ပုန်ကန်တယ်ဆိုတဲ့ တပ်မှူးနဲ့ တပ်သားအချို့က အခုလို GZA နဲ့ YDF တပ်ဖွဲ့ဝင်အချို့ပါတဲ့ အစုအဖွဲ့ကို တိုက်ခိုက်ခဲ့တာလို့ ဒေသခံတချို့ကို ကိုးကားပြီး သတင်းဖေါ်ပြထားကြတာတွေ့ရပါတယ်။ 

ယောဒေသမှာ YDF လို့ခေါ်တဲ့ ယောကာကွယ်ရေးတပ်၊ YA လို့ ခေါ်တဲ့ ယောတပ်မတော် တို့အပြင် အခု ပစ်ခတ်ခံရတဲ့ GZA စတဲ့ လက်နက်ကိုင် အဖွဲ့တွေ ရှိနေကြတယ်လို့ သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။ ဒီအဖွဲ့တွေက NUG လက်အောက်က အဖွဲ့တွေ မဟုတ်ကြဘူးလို့ လည်းသိရပါတယ်။ 

အခုဖြစ်ရပ်က စစ်ကောင်စီတပ်တွေကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအကြား မကျေနပ်မှု၊ ခွဲထွက်မှုနဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့နဲ့ တဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အပြင် အချင်းချင်း လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာနေခြင်းက စစ်အာဏာရှင်စနစ် အပြီးတိုင် တိုက်ဖျက်ရေး လှုပ်ရှားမှုကို အားနည်းစေ အင်အားချိနဲ့စေမယ့် ဖြစ်ရပ်တွေလို့ ကောက်ချက်ချရင် မှားမယ် မထင်ပါဘူး။ ယောဒေသမှာ လှုပ်ရှားနေကြတဲ့ လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းအကြား အခုလို တိုက်ခိုက်မှု မဖြစ်ပွားခင် သီတင်းပတ်မှာ ယောဒေသနဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်မှာလည်း ချင်းလက်နက်ကိုင်  ၂ ဖွဲ့အကြား တဖွဲ့က စစ်ကောင်စီထံက တိုက်ခိုက်သိမ်းယူထားတဲ့ နယ်စပ်မြို့ ရိဒ်ခေါဒါရ်မြို့ကို အခြားချင်းလက်နက်ကိုင်တဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ရာက CNA လက်နက်ကိုင် တပ်ဖွဲ့ အုပ်စု နဲ့ Chin Brotherhood ထောက်ခံတဲ့ ချင်းလက်နက်ကိုင် အဖွဲ့တွေအကြား ဆက်လက်တိုက်ခိုက်မှုတွေ ရက်အနည်းငယ်ကြာ ဖြစ်ပွားခဲ့ပါသေးတယ်။ 

ချင်းလက်နက်ကိုင် အုပ်စုကြီး ၂ စုဖြစ်တဲ့ CNF ဦးဆောင်တဲ့ Chinland Council နဲ့ နောက်အုပ်စုတစုဖြစ်တဲ့ Chin Brotherhood တို့အကြား သဘောထားကွဲမှု၊ နယ်မြေနဲ့ မြို့သိမ်းတိုက်ပွဲ အချို့မှာ ထိတွေ့ပဋိပက္ခဖြစ်တာတွေ လတ်တလော ဖြစ်ရပ်မတိုင်ခင်ကတည်းက ရှိနှင့်ပြီးဖြစ်ပါတယ်။ 

ဒီလို လက်နက်ကိုင် အဖွဲ့ခွဲတွေ အများအပြား ဖွဲ့စည်း ရပ်တည်နေကြတာက မှားတယ်လို့ မဆိုနိုင်ပေမယ့်လည်း စုစည်းပြီး စစ်ရေးဖေါ်ဆောင်မှု မလုပ်ဆောင်နိုင်တဲ့ အနေအထားက အာဏာသိမ်း စစ်အစိုးရ ပြုတ်ကျဖို့ အရေးမှာ အတားအဆီးဖြစ်နေမှာ ဖြစ်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေကို လေ့လာဆန်းစစ်ကြည့်ရင်လည်း လက်နက်ကိုင် အဖွဲ့တွေ အမျိုးမျိုးဖွဲ့စည်းကာ စစ်ရေးလှုပ်ရှားနေကြတဲ့ ဒေသတွေ ရှိသလို အချို့တိုင်းရင်းသား လက်နက်ကိုင်နယ်မြေမှာတော့ အဖွဲ့ခွဲကြီးကြီးမားမား မရှိတဲ့ ဒေသလည်း ရှိတာတွေ့ရပါတယ်။ သာဓက အနေနဲ့ပြရရင် ရခိုင်၊ ကချင်၊ ကိုးကန့်၊ ဝနဲ့ တအာင်းပလောင် တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်အဖွဲ့ ကြီးကြီးမားမား တဖွဲ့သာ ဖွဲ့စည်း လှုပ်ရှားနေတာတွေ့ရပါလိမ့်မယ်။ ကျန်တဲ့ ဒေသတွေ ဖြစ်တဲ့ ရှမ်း၊ ကရင်၊ မွန်၊ ချင်း၊ ကရင်နီ(ကယား) စတဲ့ဒေသတွေမှာတော့ လက်နက်ကိုင် အဖွဲ့ အနည်းဆုံး ၂ ဖွဲ့ကနေ အများဆုံး ၅ ဖွဲ့ ၆ ဖွဲ့အထိ ရှိနေကြတာတွေ့ရပါလိမ့်မယ်။ 

ဗမာလူမျိုးတွေ နေထိုင်ကြတဲ့ မန္တလေး၊ စစ်ကိုင်း မကွေးဒေသတွေပါဝင်တဲ့ အညာဒေသမှာတော့ လက်နက်ကိုင် အဖွဲ့တွေ အများအပြား ဖွဲ့စည်းရပ်တည်နေကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ဖွဲ့စည်းတဲ့ ရည်ရွယ်ချက်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်ဖို့ ၊ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ဖို့ ဖြစ်ပေမယ့်လည်း လက်နက်ကိုင် အဖွဲ့ ရပ်တည်ရေးနဲ့ မိမိတို့ တဖွဲ့ချင်းအကျိုးစီးပွားနဲ့ အခြားလက်နက်ကိုင် အဖွဲ့ရဲ့ အကျိုးစီးပွားချင်း ဆန့်ကျင်ဖက်ဖြစ်လာတဲ့အခါ ဘုံရည်မှန်းချက် ရည်ရွယ်ချက်က နောက်ရောက်သွားပြီး လက်နက်ကိုင် အဖွဲ့အချင်းချင်း ပွတ်တိုက်မှုဖြစ်တာ၊ နောက်တဆင့်မှာ လက်နက်ကိုင် တိုက်ပွဲဖြစ်ကြတဲ့ အထိ အခြေအနေရောက်လာတာမျိုး တွေ့လာကြရတာပါ။ 

လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း အကြားဖြစ်ပွားတဲ့ ပွတ်တိုက်မှုတွေက နယ်မြေထိန်းချုပ်ခွင့် အပေါ်မူတည်ဖြစ်ပွားကြတာတွေ့ရမှာ ဖြစ်ပါတယ်။ ထိန်းချုပ်နယ်မြေတွေမှာ ဖြတ်သန်းသယ်ဆောင်တဲ့ ကုန်စည်တွေ အပေါ် အခွန်ကောက်ခံခွင့်၊ သယံဇာတ ထုတ်ယူရောင်းချခွင့်၊ စစ်သား စုဆောင်းမှုတွေ အပေါ်မူတည်ပြီး အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်ပွားကြတာကို တိုင်းရင်းသားနယ်မြေတွေ နဲ့ အညာဒေသမှာပါ အလားတူတွေ့ကြရတာ ဖြစ်ပါတယ်။ 

လူထုရဲ့ ထောက်ခံမှု မရပေမယ့် ဗဟိုချုပ်ကိုင်မှုအားကောင်းတဲ့ အာဏာသိမ်းစစ်တပ်ကို လုံးဝ အနိုင်ယူနိုင်ဖို့အတွက် နွေဦးတော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဘက်မှာ ဘုံရည်မှန်းချက်ကို ဗဟိုပြုတဲ့ နိုင်ငံရေးနဲ့ စစ်ရေးအရ စုစည်းမှုတခု မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့ အချက်က နွေဦးတော်လှန်ရေး ၄ နှစ်ကျော်ကြာလာချိန်မှာ ထင်ရှားလာနေပြီ ဖြစ်ပါတယ်။ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေဘက်က သိမ်းယူထားနိုင်တဲ့ နယ်မြေ၊ မြို့၊ စခန်းတချို့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ပြီး လက်လွှတ်ဆုံးရှုံးသွားတာ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေအကြား ပဋိပက္ခတွေ လူသိရှင်ကြား ဖြစ်တဲ့အထိ ပေါ်ထွက်လာနေတာ၊ လက်နက်ကိုင် တော်လှန်ရေး နှစ်ကြာလာတာနဲ့ အမျှ လူထုအနေနဲ့ စီးပွားရေးအရ၊ အသက်ရှင်သန် ရပ်တည်နိုင်ရေး ကြံ့ကြံ့ခံနိုင်မှု ကျဆင်းလာတာတွေအပြင် စစ်အာဏာရှင် ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေး အင်အားစုတွေဘက်မှာလည်း မျှတတဲ့ တရားစီရင်မှု မရှိတာ၊ လက်နက်အင်အား အားကိုးပြီး နိုင့်ထက်စီးနင်းပြုမူတာ၊ ငွေကြေး အလွဲသုံးစားပြုတာတွေကို တွေ့ရ ကြားသိလာနေရတဲ့ အဖြစ်က မျှော်မှန်းထားတဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်တော့မယ်ဆိုတဲ့ မျှော်လင့်မှုတွေကို တစိတ်တပိုင်း ပျက်စီးစေတဲ့ အနေအထားတွေ တွေ့မြင်လာနေကြရတာ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar